နေပြည်တော် မေ ၃၀ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဟိုပုံးတပ်နယ် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ နည်းပြများနှင့် သင်တန်းသားများအား အဆိုပါကျောင်းသင်တန်းခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။ ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဌာနချုပ်ရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိကြရာ ခေတ္တကျောင်းအုပ်ကြီးက လေ့ကျင့်သင်ကြားရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ သင်ထောက်ကူပစ္စည်းများအား အဆင့်မြှင့်တင် လေ့ကျင့်သင်ကြားပေးနေမှုများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က သင်တန်းသားများအတွက် သင်ယူလျက်ရှိသည့် ဘာသာရပ်များနှင့် ပတ်သက်၍ လေ့လာဆည်းပူးနိုင်မည့် စာအုပ်၊ စာစောင်များအား စာကြည့်တိုက်များတွင် ထားရှိပေးရန်နှင့် အခြားလိုအပ်သည်များကို မှာကြားကာ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် သင်တန်းကျောင်းရှိ ဘုရင့်နောင်ခန်းမတွင် နည်းပြအရာရှိများ၊ သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် တပ်မတော်အတွက် လိုအပ်သော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနေသည့် သင်တန်းကျောင်းများစွာရှိသည့်အနက် ယခု သင်တန်းကျောင်းသည် ခေတ်မီတပ်မတော်တည်ဆောက်ရန်အတွက် လိုအပ်သော တပ်မတော်သား နည်းပညာရှင်များအား လေ့ကျင့်မွေးထုတ်ပေးနေသည့် သင်တန်းကျောင်းများထဲတွင် ပါဝင်သည့်အတွက် အလွန်ပင်အရေးကြီးကြောင်း၊ သင်တန်းနည်းပြများအနေဖြင့်လည်း ယခုကဲ့သို့ အရေးကြီးသည့် သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေရသဖြင့် နည်းပြများမှာ အလွန်တာဝန်ကြီးကြောင်း၊ ထို့ကြောင့် သင်တန်းနည်းပြများအနေဖြင့် မိမိတို့ သင်ကြားပေးရသည့် ပညာရပ်များအား ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာနယ်ပယ်များအလိုက် အမြဲလေ့လာဆည်းပူးနေရန်လိုကြောင်း၊ သင်ကြားပေးနေသည့် ပညာရပ်များကိုလည်း လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ နိုင်အောင် စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် သင်ကြားပေးရန်လိုကြောင်း၊ ထို့ပြင် ခေတ်မီစက်ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းများကို လေ့ကျင့်သင်ကြားပေးရသည့် အတွက် နည်းပြများအနေဖြင့်လည်း ဝမ်းစာပြည့်ဝနေရန်လိုကြောင်း၊ မိမိထက် ထူးချွန်ထက်မြက်သည့် တပည့်များဖြစ်အောင် သင်ကြားပေးရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အရေးကြီးသည့် လူသားအရင်းအမြစ်များကို သင်ကြားမွေးထုတ်ပေးရသည်ဖြစ်သည့်အတွက် အလေးထားသင်ကြားပေးရန်လိုကြောင်း၊ သင်ကြားသည့် အခါတွင်လည်း သင်တန်းသားများ နားလည်တတ်မြောက်လွယ်အောင် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ တပ်မတော်အတွက် အမှန်တကယ် အားထားရသည့် နည်းပညာနှင့် ပတ်သက်သည့် တပ်မတော်သား ပညာသည်များကို မွေးထုတ်ပေးရခြင်းဖြစ်သည့်အတွက် ဖြစ်ပေါ်ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာနေကြရန်လိုကြောင်း။ ခေတ်မီ တပ်မတော်တည် ဆောက်ရာတွင် နည်းပညာကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်အရေးပါလာကြောင်း၊ ထို့ကြောင့် သင်တန်းနည်းပြများက သက်ဆိုင်ရာနယ်ပယ်အလိုက် စဉ်ဆက်မပြတ် လေ့လာနေသကဲ့သို့ သင်တန်းသားများအနေဖြင့်လည်း လိုအပ်သည့် နည်းပညာများကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန် သင်ယူထားသည့် ဘာသာရပ်များကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားလေ့ကျင့် သင်ယူကြရန်လိုကြောင်း။ မိမိတို့ တပ်မတော်အနေဖြင့် ခေတ်နှင့် လျော်ညီသည့် တိုးတက်ပြောင်းလဲလာသော စစ်နည်းဗျူဟာများ၊ စစ်အတတ်ပညာများ၊ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများအား ပြောင်းလဲကျင့်သုံးရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းသားများအနေဖြင့် ပြောင်းလဲတိုးတက်လာသော နည်းပညာများအား စဉ်ဆက်မပြတ်လေ့လာ၍ မိမိတို့ သင်ကြားလေ့လာထားသည့် ဘာသာရပ်နယ်ပယ်အလိုက် Professional ကျကျ တတ်မြောက်သည်အထိ ကြိုးစားလုပ်ဆောင်ကြရန်လိုကြောင်း၊ အားလပ်ချိန်များတွင် ပညာရပ် ဆိုင်ရာစာပေများကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ သင်တန်းသားများအားလုံး စစ်အတတ်ပညာနှင့် လုပ်ငန်းအတတ်ပညာများတွင် အရည်အချင်း ပြည့်မီသူများ ဖြစ်ရန်လိုကြောင်း၊ မိမိတတ်ကျွမ်းသည့် အတတ်ပညာများကို အပြည့်အဝ အသုံးချခြင်းဖြင့် စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။ တပ်မတော်သားများသည် တပ်မတော်အတွင်း ဝင်ရောက် အမှုထမ်းဆောင်ကြရာတွင် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါဘဲ မိမိတို့၏ဆန္ဒအလျောက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တပ်မတော်က ချမှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာကျင့်သုံး၍ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ပါက တစ်ဦးချင်းစီ၏ ရည်မှန်းချက်များ တိုးတက်အောင်မြင်လာမည် ဖြစ်ကြောင်း၊ မိမိတို့ဘဝကို ထိခိုက်ပျက်စီးစေနိုင်သည့် မူးယစ်သောက်စားမှုများနှင့် အပျော်အပါး လောင်းကစားမှုများကို ရှောင်ကြဉ်ရန်လိုကြောင်း။ သင်တန်းသားများအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် လိုအပ်နေသော နည်းပညာရှင်ကောင်းများ၊ နိုင်ငံ့သားကောင်းများဖြစ်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာရှိရန်လိုကြောင်း၊ သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များအား မှန်မှန်ကန်ကန်အသုံးချပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုကြောင်းနှင့် တာဝန်ထမ်း ဆောင်ကြရာတွင်လည်း မိမိ၏ ကျောင်းဂုဏ်သိက္ခာ တပ်မတော်၏ ဂုဏ်သိက္ခာကို စောင့်ထိန်းရန်နှင့် ဥပဒေမဲ့လုပ်ရပ်များ မလုပ်မိစေရန်လိုကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် နည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များ၊ အင်ဂျင်နီယာ သင်တန်းသား အိပ်ဆောင်များ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ အိပ်ဆောင်ခင်းကျင်းထားရှိမှုများနှင့် သင်တန်းသားစားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ စားရိပ်သာများတွင် ချက်ပြုတ်ကျွေးမွေးရန် ပြင်ဆင်ထားရှိမှု၊ ထမင်းချက်ခန်း၊ ရိက္ခာစတို၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်စတိုများအား ကြည့်ရှုစစ်ဆေးပြီး ချက်ပြုတ်ကျွေးမွေးရာတွင် ကျန်းမာရေးနှင့် သင့်လျော်ပြီး သတ်မှတ်နှုန်းထားများအတိုင်း စနစ်တကျချက်ပြုတ် ကျွေးမွေးရန်၊ သားငါးနှင့် ဟင်းသီး ဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်စွာ ထားရှိရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တပ်နယ်အတွင်း တပ်ရင်း/ တပ်ဖွဲ့များရှိ နေအိမ်လိုင်းခန်းများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိသော ရာသီသီးနှံ စိုက်ခင်းများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ကာ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်MDN
Sun, 31-May-2026