နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုမည့်ဧည့်ရိပ်သာပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာအုပ်စု ပုရွက်ဆိတ်ကုန်းကျေးရွာရှိ တောင်သူဦးမိုးဆွေ၏ ကွင်းအမှတ် (၁၇၀၄) ၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်နေမှုနှင့် ကူးတိုးဆိပ်ကျေးရွာအုပ်စု အင်းသာကျေးရွာရှိ ဒေါက်တာကိုကိုနိုင်၏ အသားတိုးကြက်အကောင်ရေ ၁၂၇၀၀၀ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ငဖယ်အင်းရေနုတ်မြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ကျွန်းရောင်း-အိုင်စောက်-ပေါင်းလောင်းရေနုတ်မြောင်း ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ အိုင်စောက်ကျေးရွာမှ ကျောက်ချက်တံတားအထိ ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းဘေး ဝဲ၊ ယာတွင် ရေနုတ် မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) ၌ လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်ရန် နေရာချထားမည့် အိပ်ဆောင်များနှင့် အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
MDN
