ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နီးကပ်လာပြီဖြစ်သည့်အတွက် အီဘိုလာကူးစက်မှုအန္တရာယ်ကြောင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က ခရီးသွားလာမှုဆိုင်ရာအစီအမံများကြေညာ
အော့တဝါ မေ ၂၉
အမေရိကန်၊ မက္ကဆီကိုနှင့်ကနေဒါ နိုင်ငံတို့သည် အီဘိုလာဗိုင်းရပ်စ်ဖြစ်ပွားမှု အန္တရာယ်မြင့်မားသည့် အာဖရိကဒေသများမှ ပြန်လည်ရောက်ရှိလာသည့် ခရီးသွားများအတွက် ညှိနှိုင်းထားသည့် အများ ပြည်သူ ကျန်းမာရေးဆိုင်ရာ ခရီးသွားလာမှုအစီအမံများကို မေ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကနေဒါနိုင်ငံဆိုင်ရာ ကမ္ဘာ့ရေးရာဌာနက ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ အဆိုပါ ဆောင်ရွက်မှု သည် နိုင်ငံသားများအပြင် လာမည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသို့ လာရောက်မည့် သန်းနှင့်ချီသည့်ခရီးသွားများ၊ ဧည့်သည်များနှင့် ပရိသတ်များကို ကာကွယ်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ အစီအမံများသည် ၎င်းတို့၏နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုများနှင့် ကူးသန်း ရောင်းဝယ်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း မြောက်အမေရိက သုံးနိုင်ငံက ပြောသည်။ ဒေသတွင်း လူတစ်ဦး တစ်ယောက်ချင်းစီ၏ လုံခြုံရေးနှင့်ကျန်းမာရေးသည် ကျွန်ုပ်တို့၏ ဦးစားပေးအချက် ဖြစ်ကြောင်း သုံးနိုင်ငံ ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ ယူဂန်ဒါနှင့် တောင်ဆူဒန် တို့မှ ဒေသခံများ ရက်ပေါင်း ၉၀ အတွင်း ကနေဒါနိုင်ငံအတွင်းသို့ဝင်ရောက်ခြင်းကို ကနေဒါနိုင်ငံက ပိတ်ပင်ထားသည်။ အဆိုပါ တားမြစ်ချက်မှာ မေ ၂၇ ရက်က စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါနိုင်ငံမှ ရောက်ရှိလာသူများ ကိုလည်း ရက်ပေါင်း ၂၁ ရက်ကြာ သီးခြားခွဲထားခွင့်ကို တောင်းဆိုထားသည်။ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံတို့ က ဇွန် ၁၁ ရက်မှစတင်ကာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည် ဖြစ်သည်။
ဆင်ဟွာ
MDN
