တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ကျင်းပ

News Image

  • တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ကျင်းပ

ရန်ကုန်   မေ   ၃၁

      အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈  နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းနှင့် တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတို့၌ကျင်းပသည်။ 

 ယနေ့ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ပဒုမ္မာအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၄ ဂိုး -၂ ဂိုးဖြင့်လည်းကောင်း၊  ပဒေသာအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့်   ကချင် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၄ ဂိုး - ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်တွင် ပြိုင်ပွဲ တစ်ရက်နားမည်ဖြစ်ပြီး ဇွန်လ ၂ ရက် ညနေ၃ နာရီတွင် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်ကို သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံး လေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)၌ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့်ကချင်ပြည်နယ်အသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်ကို ညနေ ၄ နာရီတွင် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြ မည်ဖြစ်ရာ ဘောလုံးအားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ 

MWD