MNL ယူ-၂၀ လူငယ်လိဂ် ပွဲစဉ် (၂) နောက်ဆုံးနေ့ နှစ်ပွဲစလုံး သရေရလဒ်ဖြင့် အဆုံးသတ်
ရန်ကုန် မေ ၃၁
၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) နောက်ဆုံးနေ့ကို မေ ၃၁ ရက်တွင် ဆက်လက်ကျင်းပရာ နှစ်ပွဲစလုံးသရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံ အသင်းတို့ သုံးဂိုးစီသရေကျခဲ့သည်။ နှစ်သင်းစလုံး နိုင်ပွဲဆက်ရေး ကြိုးပမ်းသော်လည်း အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း သုံးဂိုးပြန်ပေးခဲ့ရသဖြင့် နောက်မှ လိုက်ကစားခဲ့ရပြီး ချေပဂိုးများပြန်သွင်း ကာ သရေကျခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဂိုးများကို ၄၊ ၈၅ မိနစ်တွင် ကျော်မင်းစိုး၊ ၆၄ မိနစ်တွင် အောင်မင်းခန့်(၁)တို့က သွင်းယူပြီး အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို ၁၅ မိနစ်တွင် စစ်ငြိမ်း ချမ်းဦး၊ ၄၇ မိနစ်တွင် ဇေယျာဦး၊ ၅၉ မိနစ်တွင် ကောင်းခန့်အောင်တို့က သွင်းယူသည်။ တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းနှင့် သစ္စာအားမာန်အသင်း ဂိုးမရှိသရေကျခဲ့သည်။ ပွဲစဉ်(၂)အပြီးတွင် Galaxy အသင်းက ခြောက်မှတ်ဖြင့် ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်၊ အား/ကာသိပ္ပံ၊ စစ်ကိုင်းယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် သစ္စာအားမာန်အသင်းတို့က လေးမှတ်စီ၊ ဟံသာဝတီယူနိုက်တက်နှင့် မြဝတီအသင်းက သုံးမှတ်စီ၊ Falcon အသင်းက နှစ်မှတ်၊ ရတနာပုံ၊ ရန်ကုန်စီးတီးနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့က တစ်မှတ်စီရရှိထားကာ Chinland နှင့် ဧရာဝတီယူနိုက်တက်အသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MNL
MDN
