ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းဆင်းပွဲ တက်ရောက်
ဘားအံ မေ ၃၁
ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး မြန်မာပြည်ချန်ပီယံဟောင်းများဖြစ်သော ဝမ်းချိုင်း၊ စောငမန်းတို့ အပါအဝင် နိုင်ငံကျော်လက်ဝှေ့ အားကစားသမားဟောင်း ၁၇ ဦးတို့က နည်းပြအဖြစ် ဆောင်ရွက် ဖွင့်လှစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်း(၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
သင်တန်းတွင် ပြည်နယ်အခြေစိုက် လက်ဝှေ့ကလပ် ၂၀ မှ အသက် ၁၅ နှစ်မှ ၂၅ နှစ်ကြား သင်တန်းသား ၈၆ ဦး၊ သင်တန်းသူ ၁၄ ဦး စုစု ပေါင်း ၁၀၀ သင်တန်းဆင်းခဲ့ကြရာ မြန်မာ့ရိုးရာ လက်ဝှေ့အခြေခံသင်တန်းသား သင်တန်းသူများက လက်ဝှေ့ရေးပြသပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး ကရင်ပြည်နယ် မြန်မာ့ရိုးရာလက်ဝှေ့အားကစား ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ရဲတပ်ဖွဲ့မှူးက သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုငွေ ကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
MDN
