အမေရိကန်၏ တိုက်ခိုက်မှုများကို အီရန်ကလက်တုံ့ပြန်တိုက်ခိုက်နောက်တစ်ကြိမ် ယခုထက်ပိုမိုပြင်းထန်မည်ဟုသတိပေး

News Image

  • အမေရိကန်၏ တိုက်ခိုက်မှုများကို အီရန်ကလက်တုံ့ပြန်တိုက်ခိုက်နောက်တစ်ကြိမ် ယခုထက်ပိုမိုပြင်းထန်မည်ဟုသတိပေး

အမေရိကန်က အီရန်အပေါ်တိုက်ခိုက်မှုများလုပ်ပြီးနောက် အီရန်ကလက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ကြောင်း အီရန်နိုင်ငံအစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။  အမေရိကန်စစ်ဘက်က မေလ ၃၁ ရက်တွင် အီရန်နိုင်ငံတောင်ပိုင်းရှိ ပစ်မှတ်များကိုတိုက်ခိုက်ပြီးနောက် ယင်းတိုက်ခိုက်မှုလုပ်ဆောင်ရာ၌ အသုံးပြုသည့် လေတပ်စခန်းကို အီရန်ကလက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ်ထိုသို့ တိုက်ခိုက်လာပါကလက်တုံ့ပြန်မှုသည် ယခုထက်ပြင်းထန်မည်ဖြစ်ကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ဇွန်လ ၁ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ဘက်က နိုင်ငံတကာရေပိုင်နက်တွင်ရှိသည်ဟုပြောသော်လည်း အီရန်က၎င်းတို့၏ဝေဟင်ပိုင်နက်သို့ ကျူးကျော်လာသည် ဟူသော အမေရိကန်၏ ဒရုန်းတစ်စင်းကိုပစ်ချပြီးနောက် အမေရိကန်စစ်ဘက်က အီရန်ရှိပစ်မှတ်များကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်အလယ်ပိုင်း ဒေသစစ်ဌာနချုပ်က ဇွန်လ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့အပြန်အလှန်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းသည် အမေရိကန်နှင့်အစ္စရေးတို့က အီရန်အပေါ်တိုက်ခိုက်မှုများ လုပ်ပြီးနောက် တစ်လကျော်အကြာ ဧပြီလတွင် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပျက်စီးစေနိုင်သော အခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိတွင် အမေရိကန်နှင့် အီရန်တို့က နားလည်မှုစာချွန်လွှာ တစ်ရပ်ရရှိနိုင်ရေး  ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေကြောင်း သိရသည်။

MWD