အနောက်အုပ်စုသူလျှိုများက ရုရှား အရာရှိများ၏ ဖုန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း FSB ပြောကြား
အနောက်အုပ်စု ထောက်လှမ်းရေးအေဂျင်စီများသည် ရုရှားအရာရှိများနှင့် လျှို့ဝှက်အချက်အလက်များကို ရယူကိုင်တွယ်နိုင်ခွင့်ရှိသူများ၏ ဖုန်းများ ကို (Hacked) တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံ၏ ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ (FSB) က ပြောကြားခဲ့သည်။
ရုရှားသံတမန်များ၊ နိုင်ငံရေးသမားများ၊ ရာထူးကြီးအရာရှိများနှင့် သတင်းထောက်များပိုင်ဆိုင်သည့် မိုဘိုင်းကိရိယာများ (ဖုန်းများ) မှာ ထိုးဖောက်တိုက်ခိုက်ခံခဲ့ရသည်ဟု ယူဆရပြီး ထိုသို့ထိုးဖောက်ခံရခြင်းကြောင့် ပြည်ပသူလျှိုများသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မှတ်တမ်းတင်ပြီး အချက်အလက်အမြောက်အမြားကိုလည်း စုဆောင်းနိုင်ခဲ့ကြောင်း အဆိုပါအေဂျင်စီက အင်္ဂါနေ့ (ဇွန် ၂) တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ ဖော်ပြခဲ့သည်။
ဆော့ဖ်ဝဲလ်ရေးဆွဲသူများကိုယ်တိုင် မသိရှိသေးသည့် လုံခြုံရေးဟာကွက်တစ်ခုဖြစ်သော “Zero-day vulnerability” တစ်ခုမှတစ်ဆင့် အဆိုပါ လက်ကိုင်ဖုန်းများကို ဝင်ရောက်အသုံးပြုခွင့် ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း FSB ၏ ပြောကြားချက်အရ သိရှိရသည်။
အနောက်အုပ်စု သူလျှိုအေဂျင်စီများက စုဆောင်းရရှိခဲ့သည့် အချက်အလက်ပမာဏအမြောက်အမြားမှာ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကဆိုပါက လူသားများအနေဖြင့် စီစစ်လုပ်ဆောင်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သော်လည်း ယခုအခါတွင်မူ မိနစ်ပိုင်းအတွင်း ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာရန် AI ကို အသုံးပြုနေပြီဖြစ်ကြောင်း အဆိုပါအေဂျင်စီက အလေးပေးပြောကြားခဲ့သည်။
FSB ၏ ပြောကြားချက်အရ အဆိုပါစုံစမ်းစစ်ဆေးမှုသည် ရုရှားဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Kaspersky Lab မှ ကျွမ်းကျင်သူများက ဝန်ထမ်းများ ၏ Apple ထုတ်ကုန်များပေါ်တွင် ပုံမှန်မဟုတ်သော ကွန်ရက်လှုပ်ရှားမှုများကို စတင်တွေ့ရှိခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသည် ၎င်း၏ ဆိုက်ဘာသူလျှိုလုပ်ငန်း အခြေခံအဆောက်အအုံကို ဆယ်စုနှစ်ပေါင်းများစွာကတည်းက၊ အထူးသဖြင့် ၂၀၀၁ ခုနှစ်တွင် Patriot Act (မျိုးချစ်စိတ် အက်ဥပဒေ) ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးကတည်းက တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ ၉/၁၁ တိုက်ခိုက်မှုများ အပြီးတွင်မိတ်ဆက်ခဲ့သည့် ထိုဥပဒေသည် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများအား အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် အိုင်တီကုမ္ပဏီ များထံမှ အချက်အလက်များတောင်းခံနိုင်ရန် ကျယ်ပြန့်သောလုပ်ပိုင်ခွင့်များကို ပေးအပ်ခဲ့သည်။
ဝါရှင်တန်၏ စောင့်ကြည့်ထောက်လှမ်းမှု လုပ်ငန်းစဉ်များသည် ပြိုင်ဘက်နိုင်ငံများအပေါ်တွင်သာ ကန့်သတ်ထားခြင်းမျိုး မဟုတ်ပေ။ ၂၀၁၃ ခုနှစ် တွင် အမေရိကန်သည် ထိုစဉ်က ဂျာမနီ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ အန်ဂျလာ မာကယ်လ် (Angela Merkel) ကိုပါ သူလျှိုလုပ်စောင့်ကြည့်ခဲ့စဉ်က လက်ပူးလက်ကျပ် မိခဲ့ဖူးသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
