ထိုင်ဝမ်နိုင်ငံပိုင် တောင်တရုတ်ပင်လယ်ကျွန်းစုများသို့ ကင်းလှည့်စက်ရုပ်ခွေးများ ရောက်ရှိလာနိုင်
ထိုင်ဝမ်နိုင်ငံ၏ ထိပ်တန်း လက်နက်ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနဌာနသည် အငြင်းပွားဖွယ်ရာ တောင်တရုတ်ပင်လယ်အတွင်းရှိ ထိုင်ဝမ် ကျွန်းစုများပေါ်၌ အနာဂတ်တွင် အသုံးပြုလာနိုင်သည့် ကင်းလှည့်စက်ရုပ်ခွေး သုံးကောင်ကို အင်္ဂါနေ့ (ဇွန် ၂) က ပြသခဲ့သည်။
ပေကျင်းအစိုးရက ၎င်း၏ နယ်နိမိတ်အဖြစ်သတ်မှတ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်း ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို ပိုမိုကောင်းမွန်စွာ ဟန့်တားနိုင်ရန်အတွက် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခေတ်မီစေရန်ဆောင်ရွက်လျက်ရှိပြီး ဒရုန်းများမှာ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဓိက အလေးပေးသည့်အရာ ဖြစ်လာခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲအခမ်းအနား၌ စစ်တပ်ပိုင် National Chung-Shan Institute of Science and Technology (CSIST) သည် ခြေလေးချောင်း စက်ရုပ်များကို အဓိကထောက်ပံ့ပေးနေသည့် အမေရိကန် စစ်ဘက်ဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်သော Ghost Robotics မှ ထုတ်လုပ်သည့် စက်ရုပ်ခွေးပုံစံကွဲသုံးမျိုးကို သရုပ်ပြသခဲ့သည်။ အဆိုပါ သုတေသနဌာနသည် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ပစ်ခတ်မှုစွမ်းရည်သုံး ပုံစံကွဲစက်ရုပ်ခွေးများ၏ ကျောကုန်းပေါ်တွင် ၎င်းတို့၏ ကိုယ်ပိုင်နည်းပညာများကို တပ်ဆင်ထားပြီး ပစ်ခတ်မှုစွမ်းရည်သုံး ပုံစံတွင်မူ ကျောပေါ်၌ သေနတ်တစ်လက် ထည့်သွင်းတပ်ဆင်ထားသည်။
အဆိုပါ သုတေသနဌာန၏ ဒုံးကျည်နှင့် ရော့ကက်စနစ် သုတေသနဌာနခွဲ ဒုတိယအကြီးအကဲဖြစ်သူ Jen Kuo-kuang က စစ်တပ်အနေဖြင့် ယခုကဲ့သို့သော စက်ပစ္စည်းမျိုး လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားထားသော်လည်း တရားဝင်အမှာစာမပေးပို့ရသေးကြောင်း ပြောကြားခဲ့သည်။
၎င်းက "တကယ်တော့ မရိန်းတပ်သားတွေက ကမ်းခြေတွေနဲ့ ကမ်းရိုးတန်းတွေအပြင် နန်ရှာ (Nansha) နဲ့ ဒုံရှာ (Dongsha) က ကမ်းခြေစောင့် တပ်တွေရဲ့ ကင်းလှည့်တာနဲ့ စစ်ဆေးရေးလုပ်ငန်းတွေအတွက် ဒီလိုစက်ပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ ယူဆကြပါတယ်" ဟု တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်တလေ (Spratly) နှင့် ပရာတပ်စ် (Pratas) ကျွန်းစုများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် စပရက်တလေကျွန်းစုတွင် အီတူအာဘာ (Itu Aba) ဟုခေါ်သော အဓိကကျွန်းတစ်ကျွန်းကို ပိုင်ဆိုင်ထားပြီး တောင်တရုတ်ပင်လယ်၏ ထိပ်ပိုင်းတွင် မဟာဗျူဟာမြောက်တည်ရှိကာ ငြိမ်းချမ်းရေးကာလအတွင်း ကမ်းခြေစောင့်တပ်က တာဝန်ယူကာကွယ်ရသည့် ပရာတပ်စ်ကျွန်းစုအားလုံးကိုလည်း ထိန်းချုပ်ထားသည်။ အဆိုပါ ကျွန်းများပေါ်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များမှအပ ဒေသခံပြည်သူလူထု နေထိုင်ခြင်းမရှိပေ။
တရုတ်နှင့်ထိုင်ဝမ် နှစ်နိုင်ငံစလုံးက တောင်တရုတ်ပင်လယ်၏ နေရာများစွာကို ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် တောင်းဆိုထားကြသော်လည်းတရုတ်တပ်ဖွဲ့များသည် ယေဘုယျအားဖြင့် အီတူအာဘာကျွန်းကိုလာရောက်နှောင့်ယှက်ခြင်း မရှိကြချေ။ သို့သော်လည်း ထိုင်ဝမ်သည် ပရာတပ်စ်ကျွန်းစုအနီးတွင် တရုတ်ကမ်းခြေစောင့်တပ်၏ ကင်းလှည့်မှုများနှင့် ဒရုန်းများ ပိုမိုပျံသန်းလာမှုအပေါ် မကျေမနပ်ဖြစ်လျက်ရှိသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
