ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုသတင်းများထွက်ပေါ်နေစဉ် ကိယက်ဗ်မြို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့နေရ

News Image

  • ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုသတင်းများ ထွက်ပေါ်နေစဉ် ကိယက်ဗ်မြို့ တွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ကြုံတွေ့နေရ

ဒေသတွင်းအာဏာပိုင်များ၏ ပြောကြားချက်နှင့် မီဒီယာများ၏ ဖော်ပြချက်အရ ယူကရိန်းမြို့တော်နှင့် အခြားမြို့များစွာသည် အင်္ဂါနေ့ (ဇွန် ၂) နံနက် အစောပိုင်းတွင် ဒရုန်းနှင့် ဒုံးကျည်များ ပေါင်းစပ်ထားသည့် တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ကိယက်ဗ်မြို့တွင် ပထမဆုံးပေါက်ကွဲသံများကို ဒေသ စံတော်ချိန် နံနက် ၁ နာရီခွဲခန့်တွင် ကြားခဲ့ရပြီးနောက် နံနက် ၂ နာရီ ၁၅ မိနစ်နှင့် နံနက် ၄ နာရီဝန်းကျင်တို့တွင် နောက်ထပ်ပေါက်ကွဲသံများ ကြားခဲ့ရသည်။ လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည့် ဗီဒီယိုဖိုင်များတွင် ယူကရိန်းမြို့တော်အတွင်း ပြင်းထန်သောပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ သည်ကို တွေ့ရှိရသည်။

ဗီဒီယိုကလစ်တစ်ခုတွင် ပြင်းထန်သောပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် မီးများအားလုံး ပြတ်တောက်သွားကာ ကိယက်ဗ်မြို့နေရာအနှံ့အပြား၌ မှောင်အတိကျသွားခဲ့သည်။ မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို (Vitaly Klitschko) က မြို့နယ်အချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်သွားကြောင်း အတည်ပြုခဲ့ပြီး မြို့တော်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်က ဝင်ရောက်လာသည့်ပစ်မှတ်များကို ကြားဖြတ်တိုက်ခိုက်နေစဉ်အတွင်း နေထိုင်သူများအနေဖြင့် ဘေးကင်းရာတွင်ခိုလှုံကြရန် တိုက်တွန်းခဲ့သည်။

အခြားရုပ်သံဖိုင်များတွင်လည်း ဒုတိယအကြိမ်ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေသည်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ယူကရိန်းအာဏာပိုင် များသည် တိုက်ခိုက်ခံရသည့် နေရာများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပြီး အရပ်ဘက် အခြေခံ အဆောက်အအုံများ ထိခိုက်ပျက်စီးသည့်အခြေအနေမှလွဲ၍ တိုက်ခိုက်မှုခံရသည့် ရုပ်သံဖိုင်များကို မျှဝေသူများအား အပြစ်ပေးအရေးယူလေ့ရှိသောကြောင့် ထိမှန်ခဲ့သည့် နေရာအတိအကျနှင့် စက်ရုံအမျိုးအစားများကို အတည်ပြုရန် ခက်ခဲသည်။

သေဆုံးသူရှိကြောင်း သတင်းမရရှိသေးသော်လည်း ကြားဖြတ်ပစ်ချခဲ့သည့် ဒုံးကျည်များနှင့် ဒရုန်းများမှပျက်ကျလာသော အပိုင်းအစများကြောင့် လူနေရပ်ကွက်များနှင့် ပုဂ္ဂလိကပိုင်ဧရိယာများအတွင်း မီးလောင်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကလစ်ချ်ကိုက ပြောကြားခဲ့သည်။

ဒနီပရိုပက်ထရော့ဗ် (Dnepropetrovsk)၊ ဇာပိုရိုဇီး (Zaporozhye) အပြင် ဆူမီ (Sumy) နှင့် ခါကော့ဗ် (Kharkov) ဒေသများတွင်လည်း ပေါက်ကွဲမှု များစွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယခုနောက်ဆုံးထွက်ပေါ်နေသည့် တိုက်ခိုက်မှုသတင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ မေလ ၂၂ ရက်နေ့က ရုရှားနိုင်ငံ၏ လူဂန်းစ်ပြည်သူ့သမ္မတနိုင်ငံ (LPR) တွင် ဖြစ်ပွားခဲ့သော လူသေဆုံးမှုဖြစ်စေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ကိယက်ဗ်မြို့ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဒရုန်းထုတ်လုပ်သည့်နေရာများနှင့် Command Center များကို စနစ်တကျ တိုက်ခိုက်မှုများပြုလုပ်သွားမည်ဟု မော်စကို က ကတိပြုထားခဲ့သည်။

စတာရိုဘဲလ်စ် (Starobelsk) ကောလိပ်အဆောင်ကို ညဉ့်နက်ပိုင်း ကျောင်းသားများအိပ်ပျော်နေစဉ်အတွင်း တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးအများစု အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့သည်။ စတာရိုဘဲလ်စ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် အတူ “ကိယက်ဗ်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ ရာဇဝတ်မှုခရီးစဉ်တွင် စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ပြီး ပဋိပက္ခတစ်ခုလုံးကို ရှုထောင့်အသစ်တစ်ခု ပေးလိုက်ခြင်းဖြစ်သည်” ဟု သမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့ (ဇွန် ၁) တွင် ပြောကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူများသည် ထိုက်တန်ပြီး ရှောင်လွှဲ၍မရသောပြစ်ဒဏ်ကိုခံရလိမ့်မည် ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး