ယူကရိန်း၏ နျူကလီးယားစက်ရုံ တိုက်ခိုက်မှုအပေါ် IAEA ၏ တုံ့ပြန်မှုအားနည်းချက်ကို ရုရှား ပြင်းပြင်းထန်ထန် ဝေဖန်

News Image

  • ယူကရိန်း၏ နျူကလီးယားစက်ရုံ တိုက်ခိုက်မှုအပေါ် IAEA ၏ တုံ့ပြန်မှုအားနည်းချက်ကို ရုရှား ပြင်းပြင်းထန်ထန် ဝေဖန်

ယူကရိန်းနိုင်ငံရှိ ဥရောပ၏အကြီးဆုံး ဇာပိုရီဇီးယား နျူကလီးယားစက်ရုံ (ZNPP) နှင့် အနီးနားရှိ အန်နာဂိုဒါမြို့တို့ကို ယူကရိန်းဘက်က ဒရုန်းများ ဖြင့် ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အနေဖြင့် လျော်ကန်သင့်မြတ်သော တုံ့ပြန်မှု နှင့် လက်တွေ့ကျသောခြေလှမ်းများ လုပ်ဆောင်ပေးရန် ရုရှားအစိုးရက တိုက်တွန်းလိုက်သည်။ 

ပြီးခဲ့သည့် စနေနေ့က ယူကရိန်း၏ ဖိုင်ဘာအော့ပတစ်စနစ်သုံး ဒရုန်း တစ်စင်းသည် ဇာပိုရီဇီးယားစက်ရုံ၏ အမှတ် (၆) စွမ်းအင်ယူနစ် စက်ရုံ ခန်းမကို ထိမှန်ပျက်စီးစေခဲ့ပြီးနောက် ရုရှားနိုင်ငံပိုင် ရိုဆာတွမ် (Rosatom) နျူကလီးယားစွမ်းအင် ကော်ပိုရေးရှင်းအမှုဆောင်အရာရှိချုပ် အလက်ဆီ လီခါချက်ဗ်သည် IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့စီနှင့် အရေးပေါ်ဖုန်းခေါ်ဆိုကာ ၎င်းတို့အေဂျင်စီ၏ တုံ့ပြန်မှုလုံလောက်မှု မရှိခြင်းအပေါ် မကျေနပ်ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ရိုဆာတွမ်အကြီးအကဲ လီခါချက်ဗ်က ယခုဖြစ်ရပ်သည် လက်ရှိ လည်ပတ်နေသော နျူကလီးယားစွမ်းအင်သုံး ယူနစ်တစ်ခုကို လူသားသမိုင်းတွင် ပထမဆုံးအကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့ပြီးIAEA အနေဖြင့် ဘေးအန္တရာယ်ဖြစ်စေသော ကျူးလွန်သူမည်သူမည်ဝါ ဖြစ်ကြောင်းနှင့် တိုက်ခိုက်ရသည့် အကြောင်းရင်းများကိုပါ ပြတ်သားစွာ အမည်တပ်ထုတ်ဖော်ရန် မျှော်လင့်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ 

သို့သော်လည်း အဆိုပါစက်ရုံတွင် ကျွမ်းကျင်သူများ စေလွှတ်ထားသည့် IAEA ဘက်ကမူ ဒရုန်းထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုရှိသည်ကို အသိအမှတ် ပြုပြီး နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေးကို ခြိမ်းခြောက်သည့် ပြင်းထန်သောဖြစ်ရပ်တစ်ခုဟု သတ်မှတ်ခဲ့သော်လည်း ယူကရိန်း လက်ချက် ဖြစ်ကြောင်း တိုက်ရိုက်အပြစ်တင်ရန် ထုံးစံအတိုင်း ရှောင်လွှဲခဲ့သည်။

ရုရှားဘက်ကမူ IAEA ၏ ယခုကဲ့သို့ နှုတ်ဆိတ်နေခြင်းနှင့် အကဲဖြတ်သုံးသပ်ချက် မရှိခြင်းများသည် ပဋိပက္ခများကို ပိုမိုအရှိန်မြှင့်ရန် မီးစိမ်းပြ လိုက်သကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခဲ့ပြီး ရေဒီယိုသတ္တိကြွမှုအန္တရာယ်သည် နယ်စပ်စည်းခြားချက်များနှင့် နိုင်ငံကူးလက်မှတ်များကို မသိရှိ သဖြင့် မည်သည့်နျူကလီးယား မတော်တဆမှုမဆိုသည် နိုင်ငံအများအပြားကို နှစ်ရှည်လများ ဒုက္ခပေးနိုင်ကြောင်း သတိပေးခဲ့သည်။ 

၂၀၂၂ ခုနှစ် မတ်လတွင် ရုရှားက စက်ရုံကိုထိန်းချုပ်ပြီးကတည်းက မကြာသေးမီလများအတွင်း ယူကရိန်းသည် နျူကလီးယားစက်ရုံအပြင် အန်နာ ဂိုဒါမြို့ရှိ မူကြိုကျောင်းများ၊ စာသင်ကျောင်းများနှင့် လမ်းတံတားများကဲ့သို့သော အရပ်ဘက်လူမှုအခြေခံအဆောက်အအုံများကိုပါ ပိုမို ပစ်မှတ် ထား တိုက်ခိုက်လာခဲ့ကြောင်း ရုရှားက စွပ်စွဲထားသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စက်မှုနည်းပညာကြီးကြပ်ရေးအဖွဲ့နှင့် IAEA ခေါင်းဆောင်များပါဝင်မည့် ဌာနပေါင်းစုံ ညှိနှိုင်းဆွေးနွေးမှုများကို လာမည့် ဇူလိုင်လ အစောပိုင်းတွင် ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး