သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းသား သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ ကျင်းပ
တောင်ကြီး ဇွန် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သားဖွား သင်တန်းကျောင်းခန်းမ၌ အမှတ်စဉ်(၆) သူနာပြုနှင့် သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ အား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကို ဇွန်လ၂ ရက်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်တင်တင်ရီ၊ ကယန်း(ခ) ပဒေါင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ တက္ကသိုလ်/ ဒီဂရီကောလိပ်မှ ပါမောက္ခချုပ် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ သင်တန်းသား၊ သင်တန်းသူများက ကရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် မေတ္တာ၊ စေတနာ အရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်ရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံနှင့်ပြည်သူများအတွက် အားကိုးအားထားပြုရသည့် သူနာပြုကောင်းများ ဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သူနာပြုနှင့် သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများကို တာဝန်ရှိသူများက အပ်နှင်းပေးကြကာ သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။
ယင်းနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ် Semester(1)အတွက် ဆုရရှိသူများအား ကယန်း(ခ)ပဒေါင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်အေး ချိုစိန်ကလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တွင် ပထမနှစ်အတွက် ဆုရရှိသူများအား အင်းတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီက လည်းကောင်း၊ ဒုတိယနှစ်အတွက် ဆုရရှိသူများအား လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကလည်းကောင်း ဆုများချီးမြှင့် ပေးအပ်ကြောင်း သိရသည်။
MWD
