ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရန် ကြိုတင်ပြင်ဆင်ထား
ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေ ရန်ကြိုတင်ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတကာတွင် လတ်တလောကာလအတွင်း ကူးစက်ဖြစ်ပွားလျက်ရှိသောရောဂါများ၊ အခြားကူးစက်ရောဂါများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (ဇွန်လ ၁ရက်) က ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့်အညီ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ဒုတိယဝန်ကြီးက ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ဓာတ်ခွဲခန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း သိရသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နှင်းရေး)နှင့် ညွှန်ကြားရေးမှူး(ကူးစက်)တို့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထားခြင်းခံရသော အီဘိုလာရောဂါ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်းလည်းသိရသည်။
Np News

