တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းဗိုလ်စွဲ
ရန်ကုန် ဇွန် ၂
မြန်မာ့ဘောလုံး အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက် လာစေရန် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၈နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။
အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁)ရှိ စက်ဘီးကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ သင်္ဃန်းကျွန်းမြို့နယ် လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်း၌ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့်ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ တစ်ဦးချင်းအကောင်းဆုံးဆုများနှင့် ငွေသားဆုများကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး စတုတ္ထဆုရရှိသော ကချင် ပြည်နယ်အသင်း၊ တတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယ ဆုရရှိသော ရှမ်းပြည်နယ်အသင်းတို့ကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး ပထမဆုရရှိသော ကရင်ပြည်နယ်အသင်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင် က တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပထမဆုရရှိခဲ့သော ကရင် ပြည်နယ်အသင်းအား ငွေသားဆုကို မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူတို့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
လင်းခန့်
MWD
