ရုရှားက အသံထက်မြန်ခရီးသည်တင်လေယာဉ်ကို တီထွင်ထုတ်လုပ်ရန်ကြိုးပမ်းနေ
ရုရှားနိုင်ငံသည် အသံထက်မြန်ခရီးသည်တင် လေယာဉ်အသစ်တစ်စင်းကို တီထွင်ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိတွင် ရှေ့ပြေးပုံစံကို စတင်ပုံဖော်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအသံထက်မြန်ခရီးသည်တင်လေယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို ဇူကော့စကီးသုတေသနစင်တာ၌ လုပ်ဆောင်နေပြီး အင်ဂျင်နီယာများကလည်း တက်ကြွစွာ ပူးပေါင်း ကူညီနေကြောင်း ရုရှားနိုင်ငံပိုင်ယူနိုက်တက်လေကြောင်းကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဗာဒင်ဘာဒီခါက TASS သတင်းဌာနသို့ပြောသည်။
ယခုပရောဂျက်သည် စာရွက်ပေါ်မှာပင်အကြံထုတ်နေသည့်အဆင့်မဟုတ်တော့ဘဲ လက်တွေ့စက်ပစ္စည်းအစိတ်အပိုင်းများ ဖြင့်ပါ စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း ၎င်းကအလေးပေးပြောသည်။
“ဒီလေယာဉ်ရဲ့ ရှေ့ပြေးပုံစံ (Prototype) ကို အခုထုတ်လုပ်နေပါပြီ။ ဇူကော့စကီး သုတေသနစင်တာအနေနဲ့ ဒီလုပ်ငန်းကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ဘာဒီခါက ဆိုသည်။
ယခုစီမံကိန်းသည် ခေတ်ပေါ်ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စံနှုန်းများနှင့် ကိုက်ညီပြီး အသံထက်မြန်သော အမြန်နှုန်းဖြင့် ခရီးသည်များကို သယ်ဆောင်ပေးနိုင်မည့် စီးပွားရေးလုပ်ငန်းသုံးလေယာဉ်တစ်စင်းဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထိုလေယာဉ်သည် အသံပေါက်ကွဲသံအရှိန်ကိုလျှော့ချပေးနိုင်ပြီး လေဆိပ်များအနီး ဆူညံသံပမာဏကိုပါ လျော့ပါးစေမည် ဖြစ်ကြောင်း Tass သတင်းဌာနက ဖော်ပြထားသည်။
Ref: IE
MWD
