ဖိလစ်ပိုင် သုံးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ဂူအမ်ကို ဂိုးပြတ်အနိုင်ရ

News Image

  • ဖိလစ်ပိုင် သုံးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း ဂူအမ်ကို ဂိုးပြတ်အနိုင်ရ

ရန်ကုန်   ဇွန်    ၆

     ဖိလစ်ပိုင် သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ဒုတိယနေ့ကို ဇွန်လ ၆ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ   ရီဇယ်မန်မိုရီရယ်ကွင်း၌ ကျင်းပရာ မြန်မာအသင်းက ဂူအမ်အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။မြန်မာအသင်းသည် ဂူအမ်အသင်းကို အနိုင်ယူကာ ချန်ပီယံဆုအတွက် အခြေအနေကောင်းသွားသည်။ အိမ်ရှင် ဖိလစ်ပိုင်အသင်းမှာ ဂူအမ်အသင်းကို အနိုင်ယူထားသော်လည်း ဂိုးကွာခြားချက်တွင် အသာရထားသဖြင့် နောက်ဆုံးပွဲတွင် ဖိလစ်ပိုင်အသင်းကို သရေကစားနိုင်ရုံဖြင့် ချန်ပီယံဆုရယူနိုင်မည်ဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းသည် ပွဲထွက်လူစာရင်းတွင် ကစားသမားသစ်အချို့ ထည့်သွင်းခဲ့ပြီး နေလင်းထက်(ဂိုး)၊ နန္ဒကျော်၊ ဟိန်းဇေယျာလင်း၊ စိုးမိုး ကျော်၊ အောင်ဝဏ္ဏစိုး၊ ဝေလင်းအောင်၊ဇော်ဝင်းသိန်း၊ မြတ်ကောင်းခန့်၊ မင်းမော်ဦး၊မောင်မောင်လွင်၊ ဝင်းနိုင်ထွန်းတို့ကို အသုံးပြုခဲ့သည်။ ခြေစွမ်းအသာရထားသည့် မြန်မာအသင်းသည် ပွဲစကတည်းကဖိကစားနိုင်ခဲ့ပြီး    ပထမပိုင်းမှာပင် သုံးဂိုးပြတ် အနိုင်ရနေသည်။ ၁၂ မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့်   နောက်ခံလူ စိုးမိုးကျော်က ခေါင်းတိုက်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်း ဂိုးများထပ်မံရခဲ့ ပြီး ၂၃ မိနစ်တွင် မောင်မောင်လွင်၊ ၃၆ မိနစ်တွင် ဝင်းနိုင်ထွန်းတို့က ထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း မြန်မာအသင်းကသာ ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး ၅၃ မိနစ်တွင်   ဝင်းနိုင်ထွန်း၊ ၇၂ မိနစ်တွင် ဇော်ဝင်းသိန်း၊ ၈၅ မိနစ်တွင် ရှိုင်းဝဏ္ဏအောင်တို့က သွင်းယူပြီး ဂူအမ်အသင်းအတွက်ချေပဂိုးတစ်ဂိုးကို ပွဲပြီးခါနီးတွင် ပယ်နယ်တီမှတစ်ဆင့် ဂိုးမက်ဇ်က သွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင်  မြန်မာအသင်း တောင်ပံတိုက်စစ်ကစားသမား ရဲရင့်အောင် ဂိုးရရန်ကြိုးပမ်းရာမှ ပြိုင်ဘက်ဂိုးသမားမျက်နှာကို ကန်မိသဖြင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ပြိုင်ပွဲနောက်ဆုံးနေ့ကို ဇွန်လ ၉ ရက်မြန်မာစံတော်ချိန် ည ၆ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

ယင်းပွဲမှာချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အနိမ့်ဆုံးသရေ ကစားနိုင်ပါက    ချန်ပီယံဆု ရရှိမည်ဖြစ်သည်။

MWD