ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေး မျှော်တွေးဆောင်ရွက်ကြမည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မတ် ၁၇  ရက်)

       မြန်မာနိုင်ငံတွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးများကို မတ်လ ၁၆ ရက်တွင်စတင်ကျင်းပလျက်ရှိပြီး မတ်လ ၁၈ ရက်တွင်အမျိုးသားလွှတ်တော်၊ မတ်လ ၂၀ ရက်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များကို ဆက်လက်ကျင်းပကြမည်ဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ဖြင့် ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များ အဓိကလုပ်ဆောင်ကြရမည်မှာ ပြည်သူ့ဆန္ဒကို အလေးထားခြင်းဖြစ်သည်။ ပြည်သူ့ဆန္ဒအစစ်အမှန်သည် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးစေလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ တူညီသောဆန္ဒမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးပိတ်ဆို့လျက်ရှိသည့် အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများ ချုပ်ငြိမ်းရေးဖြစ်သည်။ ၎င်းတို့သည် ပြည်သူများအတွက် ဆူးငြောင့်ခလုတ်တံသင်းများဖြစ်သည်။  မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက် ကျရောက်ခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကာလတွင် နှစ်ကြိမ်တိုင် စစ်မြေပြင်ဖြစ်ခဲ့ရသည်။ နယ်ချဲ့တို့အုပ်ချုပ်ခဲ့သည့် ကာလအတွင်း သွေးခွဲမှုနည်းပရိယာယ်နှင့် ပြဿနာများစွာတို့ဖန်တီးခဲ့ခြင်းတို့ကြောင့် နိုင်ငံအတွင်းလက်နက်ကိုင် ပဋိပက္ခများဖြစ်ပေါ်ခဲ့သည်။ 

လွတ်လပ်ရေးရပြီးနောက် ၁၀ နှစ်တာကာလသည် ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးခဲ့ရသည့် နိုင်ငံကိုပြန်လည်ထူထောင်ရမည့် ကာလဖြစ်သော်လည်း နိုင်ငံရေးအကွဲအပြဲများနှင့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံတို့၏ ဆူပူသောင်းကျန်းမှုများကြောင့် နိုင်ငံအတွင်းတည်ငြိမ်မှု ကင်းမဲ့ပြီး စီးပွားရေး၊ လူမှုရေးနိမ့်ကျသွားစေခဲ့ပြန်သည်။ နိုင်ငံတော်အစိုးရအဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေးကိုရရှိရန် ကြိုးစားခဲ့ကြသည်။ သို့သော် လုံးဝအဆုံးသတ် အောင်မြင်သည်အထိ မဆောင်ရွက်နိုင်သေးဘဲ ပြည်တွင်းပြည်ပသွေးထိုး နှောင့်ယှက်မှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၁၃ ရက်ကကျင်းပခဲ့သည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်၌ တကယ်တော့စစ်ပွဲတိုင်း ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခတိုင်းဟာ နိုင်ငံရေးနဲ့ကင်းလွတ်တာမဟုတ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ညှိနှိုင်းအဖြေရှာကြရမှာဖြစ်ပါတယ်။ ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ။ ယခင်ကမပြောနိုင်တဲ့ကိစ္စတွေ၊ မပြောရဲတဲ့ကိစ္စတွေကို ပြောရဲဆိုရဲပြောနိုင်ဆိုနိုင်ရှိလာကြပြီဖြစ်ပါတယ်။ ယခင်ကမမျှော်လင့်ရဲတာတွေ မျှော်လင့်နိုင်သလို ယခင်ကမမက်ရဲခဲ့တဲ့ အိပ်မက်တွေကိုတောင်မက်ခွင့်ရနေပါပြီဟူ၍ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမှန်အားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဆိုသည်မှာ အပစ်အခတ်ရပ်စဲရေး တစ်ခုကိုသာမက လက်နက်ကိုင်ပဋိပက္ခများ၏ ဇာစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင်ကြိုးစားရမည်ဖြစ်သည့်အတွက် နိုင်ငံရေးနည်းလမ်းနှင့်သာဖြေရှင်းပေးရမည်ဖြစ်သည်။   တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ စာနာမှုများမွေးမြူပြီး အနာဂတ်နိုင်ငံတော်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အမျိုးသားစည်းလုံးညီညွတ်ရေး လမ်းကြောင်းပေါ် အတူတကွလျှောက်လှမ်းကြရန်  နိုင်ငံတော်အစိုးရအနေဖြင့် အစဉ်အမြဲဖိတ်ခေါ်ကမ်းလှမ်းခဲ့သလို ယခုလည်းဆက်လက်ပြီး ဖိတ်ခေါ်လျက်ရှိသည်။ 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)သည် မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသဘောတူ ချုပ်ဆိုထားသည့်စာချုပ်ဖြစ်သည်။ အဆိုပါစာချုပ်ဖြစ်ပေါ်လာစေဖို့ အဘက်ဘက်ကကြိုးပမ်း ဆောင်ရွက်ခဲ့ရသလို ရက်ပေါင်း ၁၄၅၀ အတွင်း တွေ့ဆုံဆွေးနွေးမှုအကြိမ်ပေါင်း  ၅၀၀၀ ကျော် လုပ်ဆောင်ခဲ့ရသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၀ ကျော်အတူတကွနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံကြီးဖြစ်ပြီး နိုင်ငံရေးစနစ်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုနိုင်ငံ တည်ဆောက်လျက်ရှိသည်။ 

လက်ရှိအချိန်တွင် မြို့နယ်ပေါင်း ၂၆၃ မြို့နယ်မှ မဲပေးခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း၏ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းသော မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့်လွှတ်တော်များ စတင်သက်ဝင်လှုပ်ရှားလာပြီဖြစ်ပြီး မကြာမီအစိုးရအဖွဲ့သစ် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံအနေဖြင့် နိုင်ငံရေးဖြစ်စေ၊ နိုင်ငံ့အရေးဖြစ်စေ ဆွေးနွေးအဖြေရှာရန်နေရာအဖြစ် လွှတ်တော်အသီးသီးတို့ရှိနေပြီဖြစ်ရာ လက်နက်ကိုင်သည့်နည်းလမ်းကို စွန့်လွှတ်ရန်အချိန်တန်ပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်နှင့်နိုင်ငံသား အားလုံး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်အဆင့်ဆင့်က ဆောင်ရွက်မည်ဟုယုံကြည်ပါကြောင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

MWD

Subject-Image

  • ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေး မျှော်တွေးဆောင်ရွက်ကြမည်

Posted-Date