စည်းလုံးညီညွတ်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မတ် ၂၀  ရက်)

      မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအပေါင်းသည် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ နေထိုင်လျက်ရှိကြသူများဖြစ်ကြသည်။ ယနေ့အချိန်အခါတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပိုင်းခြားသတ်မှတ်ပေးထားရာတွင် လူမျိုးစုအမည်များပါရှိသည့် ပြည်နယ်များလည်းပါဝင်သည်။ မည်သည့်နေရာဒေသတွင်မဆို တိုင်းရင်းသားလူမျိုးအားလုံးသည် မိမိတို့နှစ်သက်မြတ်နိုးရာဒေသတွင် အေးချမ်းစွာ စုပေါင်းနေထိုင်လျက်ရှိကြသည်။ စည်းလုံးညီညွတ်ခြင်းသည် အရာရာကိုအောင်မြင်မှုဖြစ်ပေါ်စေသည်။

ယနေ့အချိန်အခါတွင်မြန်မာနိုင်ငံသည်ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံအဖြစ်သို့ လျှောက်လှမ်းနေချိန်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကိုလေးစား လိုက်နာခြင်းနှင့် အသိဉာဏ်ပညာပြည့်ဝခြင်းတို့သည် မရှိမဖြစ် လိုအပ်မည်ဖြစ်ပါသည်။ 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်နှင့်အညီ လွတ်လပ်၍ တရားမျှတမှု အပြည့်ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီးဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားလွှတ်တော်တို့ကို ခေါ်ယူကျင်းပလျက်ရှိပြီး နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများအပါအဝင် လွှတ်တော်အစည်းအဝေးများကို အစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိသည်။ မကြာမီကာလအတွင်း နိုင်ငံတော်သမ္မတအသစ် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့တစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။

နိုင်ငံတော်၏လုပ်ငန်းစဉ်များ အချိန်တိုအတွင်း ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အသိပညာရှင် အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက ထွက်ပေါ်လာမည့် နိုင်ငံတော်အစိုးရအသစ်နှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်သည်။

နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု တိုးတက်စေရေးစသည့် အဓိကကျပြီး အခြေခံလိုအပ်ချက်ဖြစ်သောလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင်  သမိုင်းကြောင်း သင်ခန်းစာများအရ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးလှပါသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးသည် ပြည်ထောင်စုအတွင်း စိတ်ချမ်းသာစွာနေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးလှပါသည်ဟူ၍ ထည့်သွင်းဖော်ပြထားသည်။

ယနေ့အချိန်တွင် အနာဂတ်အင်အားများဖြစ်သည့် လူငယ်များကို ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများမြှင့်တင်ကာ ဘက်စုံထူးချွန်ထက်မြက်သည့် လူကောင်းလူတော်များဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်လိုအပ်သည်။ ထို့ပြင် လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်၊ ပြည်ချစ်စိတ်များရရှိပြီး နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်လိုစိတ်နှင့် တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်လိုစိတ်များ ဖြစ်ပေါ်စေရေးအတွက် စနစ်တကျလေ့ကျင့်ပျိုးထောင်ရန်ဖြစ်သည်။ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ဒီမိုကရေစီလမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းရမည်ဖြစ်သည်။  အနှစ်ချုပ်ဆိုရသော် စည်းလုံးညီညွတ်ခြင်းဖြင့်  အနာဂတ်နိုင်ငံတော်ကို အလှဆင်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။   ။

MWD

Subject-Image

  • စည်းလုံးညီညွတ်ခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို အလှဆင်

Posted-Date