နိုင်ငံ့အရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မတ် ၁၈ ရက်)
တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင် စတင်ကျင်းပနေပြီဖြစ်သည်။ ပထမဆုံးနေ့တွင် လွှတ်တော်သဘာပတိ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌရွေးချယ်တင်မြှောက်ခြင်းများကိုဆောင်ရွက်ကြသည်။ ပြည်သူ့ လွှတ်တော်သို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များရာခိုင်နှုန်းပြည့်တက်ရောက်လာသည့်အတွက် ပြည်သူ့လွှတ်တော်အစည်းအဝေး အထမြောက်အောင်မြင်ခဲ့သည်။ ရွေးကောက်ခံကိုယ်စားလှယ်များ၏ စုပေါင်းအားနှင့်လျှောက်လှမ်းနေသည့် ပြည်သူ့လွှတ်တော်အခင်းအကျင်းကို မြင်တွေ့ရသည့်အတွက် ပြည်သူအားလုံးက စိတ်ဝင်တစားရှိကြသည်။
နိုင်ငံတော်အတွင်းရှိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိပြည်သူများကိုကိုယ်စားပြု တက်ရောက်လာကြသည့် ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကိုဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ တရားမျှတ၊ မှန်ကန်စွာရွေးချယ် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ပေါ်ထွန်းရေးတို့ကို ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်သလို ဒို့တာဝန်အရေးသုံးပါးကိုလည်း စောင့်ထိန်းကြရမည်ဖြစ်သည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များမှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ကတိသစ္စာပြုကြရာတွင်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာပါမည်ဟူ၍လည်းကောင်း၊ ထမ်းဆောင်ရမည့်တာဝန် ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ထမ်းဆောင်ပါမည်ဟူ၍ လည်းကောင်း လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုထားကြသူများဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်မှစ၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီး(၃)ရပ်အတိုင်း ကျင့်သုံးဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများသာမရှိခဲ့လျှင် သို့မဟုတ် မှန်ကန်သောနည်းလမ်းဖြင့် ပူးပေါင်းဖြေရှင်းခဲ့လျှင် ယခုကျင်းပသည့်လွှတ်တော်သက်တမ်းမှာ စတုတ္ထအကြိမ်ဖြစ်ပေမည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ကတိသစ္စာ ပြုထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်၏တရားဥပဒေများကို လိုက်နာခြင်းနှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထာဝစဉ်ဦးထိပ်ပန်ဆင်ကြမည်ဆိုပါက စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းမှာ ဖြောင့်တန်းနေမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတို့နှစ်သက်သည့် ကိုယ်စားလှယ်များကိုရွေးချယ်၍ မဲပေးခဲ့ကြပြီးဖြစ်သည်။
ကိုယ်စားလှယ်များအနေဖြင့် မိမိတို့အားယုံကြည်စွာ တာဝန်အပ်နှင်းမှုအပေါ် အလေးအနက်ခံယူပြီး ပြည်သူများပေးအပ်ထားသည့် တာဝန်ကိုကျေပွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်သွားကြရန်ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာ မဏ္ဍိုင်ကြီး(၃)ရပ်အနက် ဥပဒေပြုရေးမဏ္ဍိုင်သည် လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်မှုနှင့် နိုင်ငံရေးပျိုးထောင်မှု (political culture) အခြေအနေတို့ မြင့်မားရန်လိုအပ်သလို ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်သော နိုင်ငံရေးအယူအဆများနှင့် နိုင်ငံရေးဖွဲ့စည်းမှုများလည်းရှိနေရမည်ဖြစ်သည်။ နိုင်ငံရေးပျိုးထောင်မှုဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းရှိ လူတို့၏နိုင်ငံရေးဆိုင်ရာ သဘောထားနှင့် လက်တွေ့လုပ်ရပ်အစုအပေါင်းကို လွှမ်းခြုံခေါ်ဆိုခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ ပွင့်ပွင့်လင်းလင်းဖြင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း တက်ညီ လက်ညီ နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးကို ဝိုင်းဝန်းဖော်ဆောင်ကြရမည်ဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ ပြည်သူများနှင့်ထိတွေ့ဆွေးနွေးပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ပြည်သူ့ကိုယ်စား ဖော်ဆောင်ပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူ့ကောင်းကျိုးအတွက် လွှတ်တော်၏ဆောင်ရွက်ချက်များကိုလည်း ပြည်သူများနားလည် သဘောပေါက်စေရန် ပြန်လည်မျှဝေပေးကြရမည်ဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် နိုင်ငံ့အရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
