မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး

Posted_Date

Image

မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး

Body

“မူးယစ်ဆေးဝါး” မှာ “မူးယစ်” နှင့် “ဆေးဝါး” ဟူသော ဝေါဟာရ စကားနှစ်လုံးကို ပေါင်းစပ်ထား ခြင်းဖြစ်သည်။ မူလအစက “ဆေးဝါး” ဟူသော ဝေါဟာရသည် အနာရောဂါ ပျောက်ကင်းစေနိုင်သော အစွမ်းရှိ၍ ကောင်းကျိုးပေးနိုင်သော်လည်း “မူးယစ်” ဟူသော ဝေါဟာရ နှင့်ပေါင်းစပ်လိုက်သောအခါ လောကအလှတရားကို ဖျက်ဆီးသော၊ ကောင်းကျိုးမပေးသော မူးယစ်ဆေးဝါးဖြစ်လာသည်။

ယနေ့ကာလတွင် ဆေးဝါးနှင့်အိမ်သုံးဆေးဝါး အလွဲသုံးစွဲမှုများ ပပျောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းက ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများ ရှိနေသော်လည်း ထိထိရောက်ရောက် ကာကွယ်နိုင်သောအဆင့်သို့ မရောက်သေးသည်ကို တွေ့ရှိနေ ရပါသည်။ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုများ ရှိနေသည်ကို တွေ့ရှိ ရပါသည်။ ထိုအလွဲသုံးစွဲမှုများစွာအနက် မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုမှာ မှားသောလုပ်ရပ်ဖြစ်ပြီး ပျက်စီးခြင်း သဘောသို့ရောက်စေနိုင်၍အလွဲသုံးစွဲမှုများ ကင်းရှင်းအောင် အားထုတ်ကြိုးပမ်းကြရန်နှင့် အသိပညာ မြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါသည်။

မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေးရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသာမက နိုင်ငံတကာတို့တွင် ပီလေးလုံး (PPPP) ကိုကျင့်သုံးခဲ့ကြသည်။ မူးယစ် ဆေးဝါးကာကွယ်ရေးတွင် ပါဝင်သော ပီလေးလုံး (PPPP) ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရသော်

 ပထမပီသည် (1stP) နိုင်ငံရေးအရ ဦးဆောင်မှုအခန်း Political Leadership ကိုဆိုလိုသည်။ 

ဒုတိယပီသည် (2nd P) စီမံကိန်းဟုခေါ်သည့် Plan ကိုဆိုလိုသည်။

တတိယပီသည် (3rdP) ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု People Participation ကိုဆို လိုသည်။

နောက်ဆုံးပီသည် (Final P) မိတ်ဖက်အဖွဲ့များ Partnership ကိုဆိုလိုသည်။

သို့ဖြစ်၍ အထက်ဖော်ပြပါ ပီလေးလုံး၏အဓိပ္ပာယ်ကို ပေါင်းစပ်တင်ပြရသော် အဖွဲ့အစည်းများ  လူငယ်များပျိုးထောင်ရေးလုပ်ငန်းများ၊ အမျိုးသားရေးနှင့်ဆိုင်သောလုပ်ငန်းများ၊ လုပ်ကိုင်ဆောင်ရွက်ရာ တွင်ဖြစ်စေ၊ မူးယစ်ဆေးဝါးကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ မြှင့်တင်ပေးရန်အတွက် ပြည်သူ လူထု၏ပူးပေါင်းဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ကာကွယ်နိုင်ရန် အမျိုးသားတစ်ရပ်လုံးက နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်လျှင် ပိုမို အောင်မြင် နိုင်မည်ဖြစ်သည်။ အဆိုပါ ပီလေးလုံးသည် (PPPP) မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာတို့တွင်လည်း ကျင့်သုံးလျက်ရှိပါသည်။ 

ထိုသို့ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေးရန်အတွက် ပြည်သူများကို အသိ ပညာများတိုးပွားစေရန် ပညာပေးများဖြင့် ဖြန့်ဝေ ဆောင်ရွက်နိုင်လျှင် ပြည်သူများက မူးယစ်ဆေး၏ ဆိုးကျိုးများကိုသိရှိ၍ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုမဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ပြီး လူငယ်များကို အသိပညာများ မြှင့်တင်ပေးရာလည်း ရောက်သည်။ 

မူးယစ်ဆေးဝါးနှင့်ပတ်သက်၍  အသိပညာဗဟုသုတပေးရာတွင်  အခြေခံပညာကျောင်းများ တွင် သာမက တက္ကသိုလ်များတွင် မူးယစ်ဆိုင်ရာ အသိပေးဟောပြောပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ များ ပြုလုပ်ပေးခြင်းသည် လူငယ်များကို စာဖတ်ရှိန်မြင့်မားစေပြီး အခြားဗဟုသုတများကိုလည်း ရရှိစေ နိုင်ပါသည်။

         “မူးယစ်အစဆေးလိပ်က” ဆိုသကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှု၏ အစသည် ဆေးလိပ်သောက်သုံး မှုပင်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လက်ရှိဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုနှုန်းအရ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများက    ကလေးများနှင့်  လူငယ်လူရွယ်သန်းပေါင်း ၂၅၀ မှာ အရွယ် မတိုင်မီ သေဆုံးခြင်းနှင့်ရင်ဆိုင်နိုင်ဖွယ်ရှိကြောင်းကိုလည်း သုံးသပ်ထားပါသည်။

          ဆေးလိပ်မှစ၍ မူးယစ်သားကောင်မဖြစ်စေရန် ယနေ့လူငယ်များအကြား ပိုမိုသုံးစွဲခြင်းကို မိမိတို့ မိသားစုနှင့် သက်ဆိုင်ရာစာသင်ကျောင်းများက ထိန်းသိမ်းကြပ်မတ်ပေးဖို့ လိုအပ်ပါသည်။ ထို့ပြင် လူငယ်များ မူးယစ်ဆေးစွဲဘဝသို့ရောက်ရှိပြီး ပြစ်မှုကျူးလွန်စေမည့် ကော်ရှူခြင်းကို လမ်းဘေး လေလွင့် လူငယ်များအကြားကျယ်ပြန့်စွာ သုံးစွဲမှုမရှိစေရေးအတွက် တားဆီးကာကွယ်ပေးရမည် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကာကွယ်နိုင်ရန်အတွက် ထိုနိုင်ငံတွင်ရှိသော လူငယ်များက အသိပညာမြင့်မားဖို့လိုမည်။ မူးယစ်ဆေးဝါးသည် နိုင်ငံတကာတွင် နယ်စည်းမခြား ဝင်ရောက်လာသည့်အခါ အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်နေမှုကို ရိုးသားသော ပြည်သူ လူထုအား မူးယစ်ဆေးဝါးသည် မည်ကဲ့သို့ နှိပ်စက်မှုများပြုလုပ်နိုင်သည်ကို ပြည်သူအများ သိရှိရန် အသိပေးရန်ဖြစ်သည်။ 

နိုင်ငံတော်အစိုးရသည် ခေတ်အဆက်ဆက်တွင်လည်း လူငယ်များအတွက် မူးယစ်ဆေးဝါး ကာကွယ်ရေး၊ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသကဲ့သို့ ယနေ့ မြန်မာနိုင်ငံ တွင်လည်း မိမိသိထားသော အသိပညာဖြင့် လူငယ်များထံသို့ အသိပညာမြှင့်တင်ပေးရာတွင် (အီး ကေ အေ) E.K.A ဟူသော အင်္ဂလိပ်စကားလုံးသုံးလုံးဖြင့် လူငယ်များကို အသိပညာများ ပြန့်ပွားအောင် ဖြန့်ဝေရမည်ဖြစ်သည်။ E.K.A  တွင်ပါဝင်သော E သည် Education ကိုဆိုလိုခြင်းဖြစ်သည်။ Education ၏အဓိပ္ပာယ်မှာပညာဖြစ်၍ မိမိသိထားသောအသိနှင့် မူးယစ်ဆေးဝါးသုံးစွဲရန် မသင့်ကြောင်းကို လူငယ်ထုအတွင်း လူငယ်အချင်းချင်းဆီသို့ မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍အသိပညာပေး လုပ်ငန်းများကိုပြုလုပ်ပေးရပေမည်။ 

E.K.A တွင်ပါသော “K” သည်  Knowledge ဖြစ်ပြီး မိမိတို့သိရှိသော ဗဟုသုတကို လူငယ်တို့ အားသိရှိစေရန်အတွက်ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ခြိမ်းခြောက်နေသည့် အကြောင်းအရာများကို အသိပညာပေးလုပ်ငန်းများဖြင့် လှုံ့ဆော်စည်းရုံးမှုပြုလုပ်ခြင်း၊ အသိပညာ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ နိုင်ငံတော်ကလည်း မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြည်သူ လူထုကို ပန်းချီ၊ ဆောင်းပါး၊ ဝတ္ထု၊ တေးဂီတ၊ အနုပညာတို့ဖြင့် အသိပညာများ ဖြန့်ဝေပြီးလှုံ့ဆော် စည်းရုံးရမည် ဖြစ်သည်။မြန်မာနိုင်ငံတွင်းရှိ ပြည်သူများကို မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆိုးကျိုး များကို သိရှိစေရန် ခေတ်မီနည်းပညာရပ်များနှင့် လူငယ်ထုအတွင်းသို့ အသိပညာပြန့်ပွားအောင် လုပ်ဆောင် ရမည် ဖြစ်သည်။

E.K.A တွင်ပါသော “A” သည် Awerness ကိုဆိုလိုခြင်းဖြစ်သည်။ Awerness ၏ အဓိပ္ပာယ်မှာ လှုံ့ဆော်ခြင်းဖြစ်သည်။ လူငယ်တို့အား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို စာပေအနုပညာဖြင့် ပြောင်မြောက်စွာ ပြည်သူလူထူကြားသို့ စိမ့်ဝင်ပျံ့နှံ့သွားအောင် လှုံ့ဆော်ဆောင်ရွက်တတ်ရန် လိုအပ် သည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ခန့်က သတင်းစာပညာရှင် အယ်ဒီတာချုပ် အောင်ဖိုးစော၏ Working people Daily သတင်းစာပါ “လိုချင်သော aids နှင့် မလိုချင်သော AIDS” ဆောင်းပါးတွင် ပါသောလိုချင်သော aids သည် အကူအညီ ဖြစ်သည်။ ၎င်းအချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က United nation Volunteer သည် ဖွံ့ဖြိုးကူညီ UNV ဖြစ်ပြီး နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီကိုလိုချင်သည်။ မလိုချင်သော AIDS တွင်ပါသော AIDS မှာ ခုခံအားကျဆင်းမှု ရောဂါ ဖြစ်သည်။ အဆိုပါရောဂါသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကူးစက်တတ်သော ရောဂါဖြစ်သည်။  မူးယစ်ဆေးဝါးကနွယ်သည့်  ကုရာ နတ္ထိဆေးမရှိသည့် ခုခံအားကျဆင်းမှု‌ရောဂါ ဖြစ်သော AIDS ရောဂါသည် လူတို့မလိုချင်သော ရောဂါ ဖြစ်သည်။ 

ယနေ့တွင် မြန်မာနိုင်ငံသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မူးယစ်ဆေးဝါးတားဆီးရေး တွင် ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာမှစ၍ ယစ်မျိုးနှင့်စပ်သမျှ လုံးဝမရောင်းဝယ်ရန် ၁၁၄ခုနှစ် တပေါင်းလဆန်း ၉ ရက်နေ့တွင်နာခံစမြောင်းမှူးက ပြန်တမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။ ၎င်းပြန်တမ်းမှာ-

“ငါ့အရှင် ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်းတိုင်းခန်း နိုင်ငံတော်အလုံးကို တရား သဖြင့် အုပ်စိုးတော်မူသည်နေပြည်တော်မှစ၍ မြို့တော်အတွင်း ရှမ်းပြည်၊ ယွန်းပြည်၊ အခြေတည်အရပ်ရပ် မြို့ပြကျေးရွာများတွင် ထန်းရည်၊ အရက်၊ စိမ်ပင်၊ ကစော်၊ လှော်စာ၊ ဘိန်း၊ ဘင်း၊ ယစ်မျိုးစုံနှင့် စပ်သမျှကို မရောင်း မဝယ်စေနှင့်ဟူ၍ မြန်မာတစ်နိုင်ငံလုံး မူးယစ်နှင့်စပ်ဆိုင်သမျှ လုံးဝ မရောင်း ဝယ်ရန်” ပြင်းပြင်းထန်ထန် တားမြစ် အမိန့်တော်ထုတ်ပြန်ခဲ့ပေသည်။

          ယနေ့တွင် မူးယစ်ဆေးဝါးများတွင် ဆန်းသစ်လာသည့် မူးယစ်ဆေးဝါးများ များပြားလာခဲ့သည်။ ယခင်က မူးယစ်ဆေးဝါးသည် ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ သောက်စား မူးယစ်ဆေးဝါးများမှသည် ICE အိုက်(စ်)သည် ယနေ့မူးယစ်ဆေးဝါးတွင် ဈေးအကြီးဆုံးဖြစ်သည်။ လူကုံထံ အများစုသုံးသော မူးယစ်ဆေးလည်းဖြစ်သည်။ ICE အိုက်(စ်)သည် ရေခဲနှင့်တူသော စိတ်ကြွဆေးပုံဆောင်ခဲကို ဆိုလိုခြင်းဖြစ်သည်။ လူတို့မလိုချင်သော မူးယစ်ဆေးဝါး ICE အိုက်(စ်) ကိုဖယ်ရှားပြီး၊ လူတို့လိုချင်သော ICE အိုက်(စ်)ကို ယူရမည် ဖြစ်သည်။ 

ထို့သို့လူတို့လိုချင်သော ICE အိုက်(စ်)သည် ICE ဟူသော အင်္ဂလိပ် စကားလုံးသုံးလုံး ပေါင်းစပ် ထားခြင်းဖြစ်သည်။ ICE အိုက်(စ်)တွင်ပါဝင်သော  I သည် Internet(အင်တာနက်) ၊ C သည် Computer (ကွန်ပျူတာ)၊ E သည် English(အင်္ဂလိပ်စာ)တို့ကို ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံအဆင့်မီ အသိပညာ မြင့်မားရန်အတွက် အင်တာနက်၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ တတ်မြောက်ရမည်ဖြစ်သည်။ ထိုသို့ တတ်မြောက် မှသာ လူငယ်တို့ကြားတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုသိရှိပြီး လူငယ်တို့၏ စိတ်ခံယူချက်အရ မူးယစ်ဆေးဝါးမကောင်းမှန်းသိ၍ အလိုအလျောက် ကာကွယ်နိုင်မည်ဖြစ်သည်။

          ယနေ့ မူးယစ်ဆေးဝါး ဓာတုပစ္စည်းသည် အရှိန်အဟုန်မြင့်မား ပြန့်ပွားလျက်ရှိသည်။ ထိုသို့ ဓာတု ပစ္စည်းဖြင့် ပြုလုပ်ထားသော ဆေးသည် တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အရှိန်အဟုန် မြင့်မားနေ သည့် မူးယစ်ဆေးသည် တားဆီးရန်ခက်နေပေသည်။ ထိုသို့တားဆီးရန်ခက်နေသော မူးယစ်ဆေးကို လူငယ်များ အသိပညာမြှင့်တင်ပေးခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။ ထိုသို့အသိပညာပေးရာတွင် လူငယ်တို့၏ နှလုံးသားထဲသို့ ရောက်ရှိရန်လိုသည်။ လူငယ်တို့၏နှလုံးသားထဲသို့ရောက်ရှိစေရန် စာပေ၊ အနုပညာ တို့ဖြင့် လူငယ်များကို  လှုံ့ဆော်ပေးခြင်းဖြင့်   ဗလ ငါးတန်ပြည့်စုံအောင် ဆောင်ကြဉ်းပေး သကဲ့သို့ဖြစ်သည်။

          နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ကာယဗလ (ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင် သန်စွမ်းမှု)၊ ဉာဏဗလ(အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မှု)၊ စာရိတ္တဗလ (ကိုယ်ကျင့်တရားကောင်း မွန်မှု)၊ မိတ္တ ဗလ (ပေါင်းသင်းဆက်ဆံတတ်မှု) ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးရေးသည် များစွာနှောင့်နှေးစေမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် လူသားကမ္ဘာရှိ လူအများသည် မကျန်းမာ၍ အသက်ရှည်မည် မဟုတ် တော့ပေ။ သို့ဖြစ်၍ လူသားကမ္ဘာရှိ လူအများအသက်ရှည်ပြီး ကျန်းမာရေးကောင်းမွန်စေရန် မူးယစ် ဆေးသုံးစွဲသူများ မရှိစေရန်အတွက် မူးယစ်ဆေးဝါးရောင်းချခြင်းကို တားဆီးကာကွယ်ပြီး လူငယ်လူရွယ် များကိုလည်း ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ကိုလည်း တားဆီး ကာကွယ်နိုင်မည်ဖြစ်သည်။

          ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် လူညွန့်တုံးစေသော မူးယစ်ဆေးဝါးအန္တရာယ်ကို ကင်းစင်ပပျောက် အောင် တိုက်ဖျက်လျက်ရှိရာ နိုင်ငံအလိုက်၊ တိုင်းပြည်အလိုက် ဆောင်ရွက်လျက်ရှိ နေကြပြီဖြစ်သည်။ မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံအတွင်း နေထိုင်လျက်ရှိသော ပြည်သူများအားလုံး မြန်မာ့သမိုင်း ကြောင်းအရလည်းကောင်း၊ တရားဥပဒေရှုထောင့်အလည်းကောင်း၊ လူမှုရေးရှုထောင့်အရ လည်းကောင်း၊ မြန်မာ့လူဘောင်တွင်လက်ခံ၍မရသော မူးယစ်ဆေးဝါးဖြစ်သည်။ မူးယစ်ဆေးဝါးသည် ဖော်ပြပါ အကြောင်းတရားတို့အပြင် ဓာတုဗေဒရှုထောင့်၊ ဆေးပညာရှုထောင့်၊ ခန္ဓာဗေဒရှုထောင့် အစ ရှိသည့် နေရာတွင် မကောင်းသော မူးယစ်ဆေးဝါးကို အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ရန်အတွက် တစ်ဦးချင်း အသိစိတ်ဓာတ်မှသည် ပြည်သူလူထုများ ပူးပေါင်းပါဝင်ခြင်းဖြင့် မပြည့်စုံသောဘဝ (Imperfect) မှ ပြည့်စုံသောဘဝ (Perfect) သို့ ရောက်ရှိလာမည်ဖြစ်သည်။

မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးတွင်လည်းမူးယစ်ဆေးဝါးအန္တရာယ်ကိုကင်းစင်ပပျောက်အောင်တိုက်ဖျက်ရာတွင်တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မူးယစ်အထူးတပ်ဖွဲ့ဝင်များနှင့်   သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ ပြည်သူလူထု နယ်ပယ်အတွင်း စိုက်ပျိုးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများကို အမျိုးသားရေးအမြင်ဖြင့် အစဉ်တစိုက် “မူးယစ်အန္တရာယ်၊ လူ့ရန်စွယ်၊ ကာကွယ်တိုက်ဖျက်လက်ချင်းဆက်” သွားရမည်မှာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြည်သူများဘက်မှ အပြည့်အဝ ပူးပေါင်းပါဝင်ကူညီကြဖို့ လိုအပ် ပါသည်။

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃ တွင် လူငယ်များနှင့်ပတ်သက်၍ “နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထား ရှိသည်။ လူငယ်များသည် တိုင်းပြည်အနာဂတ် မျိုးဆက်သစ်များဖြစ်ပြီး တိုင်းပြည်၏အနာဂတ် ကောင်းကျိုး၊ ဆိုးကျိုးများသည် လူငယ်များအပေါ် မူတည်နေသည်။

          နိုင်ငံတော်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ်လူရွယ်များလာလျှင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု ကို အဟန့်အတားဖြစ်စေသည့်အပြင် လူငယ်ထုကို လုံးဝပျက်စီးစေမည့်လမ်းများကို တွန်းပို့ပေးမည့် ဆူးငြောင့်တစ်ခုဖြစ်သည်။ မူးယစ်ဆေးဝါးရန်ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို နိမ့်ကျစေမည် ဖြစ်သဖြင့် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် နိုင်ငံတော်နှင့်အတူ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင်စည်းစည်းလုံးလုံး ပူးပေါင်း ပါဝင်ရန် လိုအပ်မည်ဖြစ် သည်။

ယနေ့နိုင်ငံတိုင်းသည် ကိုယ့်တိုင်းပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာ သန်စွမ်းပြီး ပညာတတ်လူငယ်လူတော်လူကောင်းများကို ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ မူးယစ် ဆေးဝါးသုံးစွဲမိလျှင် ကာယ၊ ဉာဏ၊ ခွန်အား ဆုတ်ယုတ်ပြီး စာရိတ္တပျက်ယွင်းလာသည့် ဆိုးကျိုးကိုသာ ပေးသည်။ ထိုကဲ့သို့ကောင်းကျိုးမပေး ဆိုးကျိုးကိုသာပေးသောမူးယစ်ရန် အသွယ်သွယ် အန္တရာယ် ဟူသမျှ ရှောင်ရှားကြရန် လိုအပ်ပါသည်။ သို့ဖြစ်၍မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေတတ်သော မူးယစ်ဆေးဝါးကို လူငယ်ထုအတွင်းသို့မရောက်ရန် “မူးယစ်ဆေးဝါး ကာကွယ်ရေး အသိပညာမြှင့်တင် ပေး”  ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။