လေထုညစ်ညမ်းခြင်းနှင့် ကျန်းမာရေး
Posted_Date
Image
Body
ကျွန်ုပ်တို့လူသားများ၏ ကျန်းမာရေးအပေါ် ကြိုးကိုင်ထားသည့် အရာတစ်ခုရှိသည်။ ထိုအရာကား ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲ ခြင်းပင်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းသည် ကျန်းမာရေးကဏ္ဍအပေါ် လွှမ်းမိုးသက်ရောက်မှုများသည်။
ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ ရေရှည်ပုံစံဖြင့် ကမ္ဘာ့အပူချိန် ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများပြောင်းလဲလာခြင်း စသည်တို့ဖြစ်သည်။ အပူချိန်မြင့်တက်လာပါက ပင်လယ်နှင့် သမုဒ္ဒရာ ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေဒေသ၏ဂေဟစနစ်များ ပျက်စီးမည်ဖြစ် သည်။ ကမ်းခြေဒေသ၏ တိရစ္ဆာန်မျိုးစိတ်၊ အပင်မျိုးစိတ်များ ပျက်စီးခဲ့ သော် မှီခိုနေရသောရေသတ္တဝါများ၊ ရေသတ္တဝါများအပေါ် မှီခိုနေရသော လူများ ထိခိုက်မှုဖြစ်လာစေသည်။
ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းနှင့် နည်းပညာရပ်များတိုးတက်လာ သည်နှင့်အမျှ ပတ်ဝန်းကျင်အပေါ် စွန့်ပစ်ပစ္စည်းအများအပြား စွန့်ထုတ်လာမည်ဖြစ်သည်။ လောင်စာများ ပိုမိုလောင်ကျွမ်းကာ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် မှန်လုံအိမ်အာနိသင်ဖြစ်ပေါ်စေသည်။ တခြား ဓာတ်ငွေ့များ ပိုမိုထွက်ရှိလာသည်။ ထိုအခါ ကမ္ဘာ့အောက်ခြေလေထုသည် ယခင်ကထက်ပူနွေးကာ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲ ခြင်းဖြစ်ပေါ်လာသည်။
လေထုညစ်ညမ်းခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်း၊ ဘေးကင်းစိတ်ချရသော အစားအစာများ ချို့တဲ့လာခြင်း စသည်တို့သည် ကျန်းမာရေးပြဿနာများ၏ အရင်းအမြစ်ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းသည် လူသားများ၏ ကျန်းမာရေးအပေါ် သိသိသာသာထိခိုက်နိုင်သည့် ကူးစက်ရောဂါပျံ့နှံ့စေခြင်း၊ စိတ်ကျန်းမာရေးပြဿနာ ဆိုးရွားလာခြင်း စသည်တို့အပါအဝင် ပြဿနာပေါင်းစုံကို ဦးတည်လာတတ်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက် လာခြင်းကြောင့်ဖြစ်သည်။
အပူချိန်မြင့်မားလာခြင်းနှင့် မကြာခဏ ရေကြီးရေလျှံခြင်းသည် ရောဂါများ၊ ထိခိုက်ဒဏ်ရာရရှိခြင်းများကို ပိုမိုဆိုးရွားစေသည်ဟု ဥရောပပညာရေးသိပ္ပံပညာရှင် အကြံပေးအဖွဲ့(EASAC)ကဆိုသည်။ ထိုအဖွဲ့ကပင် လူသားတို့ မြေအောက်ရေ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကမ္ဘာကြီး ၃၀ ဒီဂရီတိမ်းစောင်းသွားပြီး ရာသီဥတုပြင်းထန်ခြင်း၊ မုန်တိုင်းနှင့်ရေကြီးရေလျှံခြင်း ဆိုးရွားလာစေသည်ဟုဆိုသည်။
ရာသီဥတုပူနွေးခြင်း၊ တောမီးလောင်ခြင်း၊ လေထုညစ်ညမ်းခြင်းစသည်တို့သည် ထိခိုက်မှုအပြီး စိတ်ဖိစီးမှုဝေဒနာ၊ စိတ်ပူပန်ခြင်း၊ စိတ် ကိုပြောင်းလဲစေသော ဆေးဝါးများအလွဲသုံးခြင်း၊ စိတ်ကျခြင်း စသည် တို့ဖြစ်လာစေနိုင်သည်။
ရုပ်ပိုင်းဆိုင်ရာရောဂါများထူပြောလာခြင်း
အပူချိန်အနည်းငယ်မြင့်တက်ရုံဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို ပိုမိုမြင့်မားစေသည်။ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ပြန့်ပွားစေသည်။ ဥပမာ- ရာသီဥတုအပူချိန် ပြောင်းလဲလာခြင်းသည် သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့်ခြင်၊ ခြင်ကျားကို ပိုမို ပေါက်ပွားစေသည်။ ရာသီဥတုအခြေအနေသည် ငှက်ဖျားရောဂါအပေါ် သက်ရောက်မှုရှိသည်။ ငှက်ဖျားရောဂါဖြစ်စေသော အနောဖလိခြင် သည် နှစ်စဉ်လူလေးသိန်းခန့်ကို သေဆုံးစေပြီး ပူနွေးသော၊ စိုစွတ်သော နေရာ၌ ပေါက်ပွားသည်။
အသက်တစ်ချက်ရှူတိုင်း ရောဂါဖြစ်စေရန် တွန်းပို့ပေးနေသောလေ များ ခန္ဓာကိုယ်တွင်းသို့ဝင်လာသည်ထက် ကြောက်စရာကောင်းသည့် အရာမရှိပါ။ ထို့ကြောင့် မိမိအိမ်ပတ်ဝန်းကျင်တွင် သစ်ပင်များစိမ်းလန်း စိုပြည်စွာစိုက်ပျိုးထားသင့်သည်။ လေထုညစ်ညမ်းမှုကို လျှော့ချသည့်အနေဖြင့် ဆိုင်ကယ်၊ မော်တော်ယာဉ်အသုံးပြုမှု လျှော့ချကာ လမ်းလျှောက်ခြင်း၊ လျှပ်စစ်ကား၊ လျှပ်စစ်ဆိုင်ကယ်များ ပို၍သုံးစွဲသင့်သည်။
အကောင်းနှင့်အဆိုးက အမြဲဒွန်တွဲနေသကဲ့သို့ တိုးတက်မှုကြောင့် လေထုညစ်ညမ်းမှုမြင့်တက်လာရသည်။ ကမ္ဘာတစ်ဝန်းတိုးတက်မှုများလာသကဲ့သို့ ကမ္ဘာကြီးကျန်းမာရေး၊ လူနှင့်ပတ်ဝန်းကျင် ကျန်းမာရေးထိခိုက်လာသည်။ ယာဉ်များ၊ စက်ရုံများ တိုးတက်လာသောကြောင့် နေ့စဉ်အသက်ရှင်ရပ်တည်မှုအပေါ် သက်ရောက်မှု ဆိုးရွားလာသည်။
လေထု၏အရည်အသွေးက လူသားတို့ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသည်။ လေထုညစ်ညမ်းမှု ကင်းလေလေ၊ အသက်ရှည်လေ လေဖြစ်သည်။ လေ့လာမှုအရ လေထုညစ်ညမ်းမှုကင်းစင်သော ဒေသများတွင် နေထိုင်သူများက အသက်ပိုရှည်တတ်သည်။ နှစ်စဉ် ကမ္ဘာတစ်လွှားတွင် လေထုညစ်ညမ်းမှုကြောင့် လူခုနစ်သန်းနီးပါး ကျန်းမာရေး ထိခိုက်ကာ အသက်ဆုံးရှုံးနေကြရသည်။
မြို့ပြဒေသ လူနေထူထပ်မှုများလာခြင်း၊ စွမ်းအင်အများအပြား အသုံးပြုခြင်း၊ လေအေးပေးစက်၊ အနွေးပေးစက်အသုံးပြုခြင်း၊ သွားလာ ပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်များ အသုံးပြုမှု၊ ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှု၊ တောမီးလောင်မှု၊ စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိလာသော အခိုးအငွေ့များကြောင့် လေထုညစ်ညမ်းမှု တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာသည်။
လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးလွန်စွာ ထိခိုက်နိုင်သည်။ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်း မအီမသာဖြစ်ခြင်း၊ မျက်လုံးများ ကျိန်းစပ်ခြင်းနှင့် အသား အရေခြောက်သွေ့ခြင်းများ ခံစားရနိုင်သည်။
လေထုညစ်ညမ်းသည့်အခါ လေထုထဲတွင်ပါဝင်သည့် သာမန်မျက်စိဖြင့်မမြင်နိုင်သော ညစ်ညမ်းသည့် အရာဝတ္ထုများက ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ထဲသို့ ရောက်ရှိသွားနိုင်သကဲ့သို့ အသက်ရှူလမ်းကြောင်း စနစ်၊ သွေးလှည့်ပတ်မှုစနစ်များထဲ ရောက်ရှိကာ အဆုတ်၊ နှလုံးနှင့် ဦးနှောက်တို့ ထိခိုက်ပျက်စီးစေနိုင်သည်။
လေထုညစ်ညမ်းမှုကြောင့် တွေ့ကြုံရနိုင်သော ကျန်းမာရေးပြဿနာများမှာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ခေါင်းကိုက်ခြင်း၊ စိတ်ဖိစီးခြင်း၊ လည်ချောင်းစပ်ခြင်း၊ အဆုတ် ထိခိုက်ခြင်း၊ မောပန်းလွယ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အသက်ရှူလမ်း ကြောင်းတစ်လျှောက် ဆဲလ်များပျက်စီးခြင်းတို့ ဖြစ်နိုင်သည်။
လေထုညစ်ညမ်းမှုကို ကာလကြာရှည် ထိတွေ့နေရလျှင် အဆုတ် များကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း၊ အဆုတ်ရောဂါ ခံစားရနိုင်ခြင်း၊ ပန်းနာ၊ ရင်ကျပ်ရောဂါခံစားရခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ကင်ဆာ ခံစားရနိုင်ခြင်း၊ အရွယ်မတိုင်မီသေဆုံးနိုင်ခြင်း၊ နှလုံးထိခိုက်နိုင်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါခံစားရနိုင်ခြင်း၊ အသည်းထိခိုက်ခြင်း၊ ပန်ကရိယထိခိုက်နိုင်ခြင်း၊ ကိုယ်ခံအားနည်းသောကြောင့် ရောဂါဝင် လွယ်ခြင်း၊ နှလုံးရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အဆုတ်ရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ပြင်ပ၌အလုပ်လုပ်ကြရသူများ၊ ကလေးများ၊ ဘိုးဘွားများ၊ အားကစားသမားများ လေထုညစ်ညမ်းမှု ကြောင့် ရောဂါပိုမိုခံစားရနိုင်သည်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေမည့် ကိစ္စရပ်များကို ရှောင်ရှားရမည်ဖြစ်သည်။ စွမ်းအင်ကို ချွေတာသုံးစွဲခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချခြင်း စသည်တို့ဖြစ်သည်။ လေထုညစ်ညမ်းမှု တစ်ခုတည်းကပင် လူသားတို့ ကျန်းမာရေးအပေါ် ဆိုးရွားစွာ သက်ရောက်စေသည်။
လေထုညစ်ညမ်းခြင်းဆိုသည်မှာ သက်ရှိလူသား၊ တိရစ္ဆာန်၊ သစ်ပင်၊ ပတ်ဝန်းကျင်လောကကို ဒုက္ခဖြစ်စေနိုင်သည့် အမှုန်အမွှားများ၊ ဓာတ်ငွေ့များပါဝင်သည်ကို ဆိုလိုခြင်းဖြစ်သည်။ သဘာဝတရားကြီး မှ လာရောက်ခြင်းနည်းပြီး လူကြောင့်ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယာဉ်အိပ်ဇော ဓာတ်ငွေ့ကြောင့်ဖြစ်စေ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းကြီးများကြောင့်ဖြစ်စေ လေထုညစ်ညမ်းနိုင်သည်။
လေထုအဆိပ်သင့်ခြင်း
လေထုအဆိပ်သင့်ခြင်းဆိုသည်မှာ လေထုထဲတွင် လေထုညစ်ညမ်း ပစ္စည်းများစွာ သိပ်သည်းလာခြင်းက အဆိုးဆုံး အဆင့်ပင်ဖြစ်သည်။ အဆိုပါအခြေအနေထိ ရောက်ရှိမှုရှားပါးသည် ဆိုသော်လည်း ဖြစ်ခဲ့သော် သက်ရှိလူသား၊ အပင်နှင့်တိရစ္ဆာန်အားလုံး ဒုက္ခဖြစ်စေနိုင်သည်။ လေထုအဆိပ်သင့်ခြင်းဖြစ်စေသော အဓိကတရားခံများမှာ လောင်စာသုံး စက်တပ်မော်တော်ယာဉ်များ၊ ထင်း၊ မီးသွေး၊ မီးခိုးငွေ့များ၊ ကျောက် မီးသွေးတွင်း၊ ရေနံတွင်းမှထွက်ရှိသည့် ဂက်စ်များ၊ အိမ်သုတ်ဆေးနှင့် ဆေးညီအောင်ညှိသည့်ဆေးများသည်လည်း လေထုအဆိပ်သင့်ခြင်း ကိုဖြစ်စေသည်။
သစ်ရွက်မီးရှို့ခြင်း
သစ်ရွက်များ၊ အမှိုက်များကို မီးရှို့ပြီး အပူလှုံကြသည်မှာ ဆောင်းတွင်းကာလတွင် ပြုလုပ်လေ့ရှိသော အလေ့အထဖြစ်သည်။ အမှိုက်လည်း ရှင်းသည်။ အပူလည်းရသည်။ သို့သော် လေထုညစ်ညမ်းမှုက တန်းပြီးပါလာသည်။ သစ်ရွက်များမီးရှို့ရာမှ ထွက်ရှိသောဓာတ်ငွေ့ကိုရှူရှိုက်မိပါက ပန်းနာ၊ ရင်ကျပ်ရောဂါရှိသူများ ဝေဒနာပိုဆိုးလာနိုင်သည်။
မကြာခဏချောင်းဆိုးပြီး အသက်ရှူကျပ်မည်။ မျက်လုံး၊ နှာခေါင်းနှင့်လည်ချောင်းများ စပ်လာမည်။ မီးရှို့ရာမှထွက်လာသောမီးခိုးငွေ့သည် ရေကိုလည်းညစ်ညမ်းစေသည်။ အထူးသဖြင့် ဆောင်းရာသီနှင့် နွေဦးရာသီတွင် သစ်ရွက်များကိုမီးရှို့ပြီး အပူလှုံလေ့ရှိရာမှ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားစေကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
mwd
photo credit to unicef
