အနာဂတ်မျှော်မှန်း မြန်မာ့ပေါ်ဆန်း
Posted_Date
Image
Body
မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသည့် ပထဝီအနေအထားအရ ဂေဟစနစ်မျိုးစုံရှိခြင်းနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများခြင်းတို့သည် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ထင်ဟပ်လျက်ရှိသည်။ စိုက်ပျိုးရေး အခြေခံနိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးတွင် ၃၀ ရာခိုင်နှုန်းနှင့် ပြည်ပတင်ပို့ကုန် တန်ဖိုးစုစုပေါင်းတွင် ၂၅ ရာခိုင်နှုန်းခန့်ပါဝင်သည်။ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးကြသူများဖြစ်သောကြောင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာမှီတည်လျက်ရှိသည်။
မြန်မာနိုင်ငံသည် “အာရှတိုက်၏စပါးကျီ”ဟုဆို စမှတ်ပြုခဲ့ကြသည့်အတိုင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် တိုင်းပြည်၏ စားရေရိက္ခာအတွက် သာမက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ မူတည်နေသည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်းသည် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းတွင် ဦးဆောင်နေပြီး စပါးစိုက်ဧရိယာဧက ၁၇ သန်းခန့်ရှိပြီး စုစုပေါင်းသီးနှံစိုက်ပျိုးဧရိယာ၏ သုံးပုံတစ်ပုံခန့်ဖြစ်သည်။ အဆိုပါစပါးစိုက်ဧက ၁၇ သန်းတွင် မိုးကောင်းသောက် စပါးစိုက်ဧရိယာ ၄၈ ရာခိုင်နှုန်းခန့်ရှိပြီး ဆည်ရေသောက်စပါးဧရိယာ ၂၀ ရာခိုင်နှုန်းခန့်နှင့် ရေကြီးကွင်း ရေနက်ကွင်း စပါးဧရိယာ ၁၄ ရာခိုင်နှုန်း၊ မိုးနည်းရေရှားဒေသတွင် စိုက်ပျိုးသောဧရိယာ ၁၂ ရာခိုင်နှုန်း၊ ဆားငန်ခံစပါး ၃ ရာခိုင်နှုန်းနှင့် တောင်ပေါ်ယာစပါး ၃ ရာခိုင်နှုန်း အသီးသီးကွဲပြားလျက်ရှိသည်။
စပါးသည် နိုင်ငံ၏အရေးပါသည့်စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးရုံမျှမက ပြည်ပပို့ကုန်လည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်ခဲ့သည်။
မြန်မာ့ဆန်စပါးတင်ပို့မှုသမိုင်းကိုကြည့်မည်ဆိုပါက ၁၉၄၅ ခုနှစ်ဝန်းကျင်ခန့်က နှစ်စဉ်ဆန်တန်ချိန် သုံးသန်းကျော်တင်ပို့နိုင်ခဲ့သည်။ ထိုသို့တင်ပို့ရောင်းချနိုင်ရာတွင် အထွက်ကောင်းမျိုးများသာမက ဒေသစပါးမျိုးများလည်းပါဝင်သည်။
မြန်မာနိုင်ငံတွင် ရေ၊ မြေ ဒေသအလိုက် စိုက်ပျိုးသော စပါးမျိုးပေါင်းများစွာရှိရာ ထိုစပါးမျိုးများကို နည်းလမ်းနှစ်မျိုးဖြင့် အုပ်စုခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ (၁)စပါးသက်တမ်းအလိုက် အုပ်စုခွဲခြားခြင်း (မိရိုးဖလာနည်း)နှင့် (၂)စပါးလုံးအရွယ်အစားအလိုက် အုပ်စုခွဲခြားခြင်းတို့ဖြစ်သည်။
(၁) စပါးမျိုးများ၏သက်တမ်းအလိုက် အုပ်စုခွဲခြားခြင်း (မိရိုးဖလာနည်း)
(၂) စပါးလုံးအရွယ်အစားအလိုက် စပါးမျိုးအုပ်စုခွဲခြားခြင်း(Beale’s Classification)
မြန်မာနိုင်ငံသည် စပါးသီးနှံ၏မူရင်းဒေသတစ်ခုဖြစ်ပြီး စပါးဗီဇအရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဓိကစိုက်ပျိုးသော စပါးမျိုးများသည် ဧည့်မထနှင့် လက်ရွေးစင်စပါးမျိုး အုပ်စုများ ဖြစ်၍ ကျန်စပါးမျိုးအုပ်စုများကို အနည်းငယ်သာစိုက်ပျိုးကြသည်။ ပေါ်ဆန်းစပါးမျိုးသည် အနံ့မွှေး၍ စားသုံးမှု အရည်အသွေး ကောင်းမွန်သည့် မြီးတုံးအုပ်စုဝင် ရာသီစပါးမျိုးဖြစ်သည်။
စပါးဗီဇအရင်းအမြစ်များအနက် ပေါ်ဆန်းစပါးမျိုးသည် အလွန်ကျော်ကြားပြီး ဒေသအသီးသီးမှ စုဆောင်းရရှိသော ပေါ်ဆန်းမျိုးကွဲပေါင်း ၁၀၀ ကျော်ခန့် ထိန်းသိမ်းထားရှိသည်။ ပေါ်ဆန်းစပါးကို အနံ့မွှေးသောအရည်အသွေးမြင့် “မြန်မာ့ပုလဲစပါး”ဟု ကမ္ဘာကအသိအမှတ်ပြုထားပြီး ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှ ဘက်စမာတီစပါး၊ ထိုင်းနိုင်ငံမှ ဂျက်စမင်းစပါးတို့ကဲ့သို့ အနံ့၊ အရသာ၊ အရည်အသွေးကောင်းစပါးဟု ဝင့်ကြွားနိုင်လောက်သည့် စပါးမျိုးဖြစ်သည်။ ပေါ်ဆန်းစပါးသည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင် ကမ္ဘာ့အကောင်းဆုံးဆန်စပါးဟု အသိအမှတ်ပြုခံခဲ့ရသည်။
စိုက်ပျိုးရေးသုတေသန မြောင်းမြဗဟိုခြံတွင် ဒေသစပါးမျိုးများအားစိုက်ပျိုး၍ မျိုးရွေးချယ်မွေးမြူခြင်း သုတေသနကို စတင်ဆောင်ရွက်ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ပေါ်ဆန်းမွှေးမျိုးအား မှတ်ပုံတင်အမှတ်(RC-2000-37)ဖြင့်လည်းကောင်း၊ ပေါ်ဆန်း ဘေးကျားမျိုးအား မှတ်ပုံတင်အမှတ်(RC-2000-38)ဖြင့်လည်းကောင်း မျိုးသစ်အသိအမှတ်ပြု လက်မှတ်များ ရရှိခဲ့သည်။ မှတ်တမ်းများအရ ပေါ်ဆန်းမွှေး (D-44-8)၊ ပေါ်ဆန်းဘေးကျား(D-60-8)အပါအဝင် မြီးတုံးအုပ်စု စပါးများကို စတင်စုဆောင်း မှတ်တမ်းတင်ခဲ့သည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသည် ပေါ်ဆန်းစပါး၏ မူရင်းဒေသ ဖြစ်သည်ဟု ယူဆနိုင်သည်။ မြန်မာနိုင်ငံတွင် ပေါ်ဆန်းမွှေးစပါးကို ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် အဓိကစိုက်ပျိုးခဲ့ပြီး ယခုအခါ စပါးစိုက်ဧရိယာနေရာ အနှံ့အပြားတွင် စိုက်ပျိုးလာကြသည်။ ၂၀၀၀ ပြည့်နှစ်မှစတင်၍ ပေါ်ဆန်းစပါးကို မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနယ်တွင် တိုးချဲ့စိုက်ပျိုးခဲ့ကြသည်။ မိုးစပါးတစ်ရာသီသာ စိုက်ပျိုးနိုင်သည့်ပေါ်ဆန်းစပါးစိုက်ဧကမှာ ၁ ဒသမ ၅ သန်းဖြစ်ပြီး မိုးစပါးစိုက်ဧရိယာစုစုပေါင်း၏ ၆ ရာခိုင်နှုန်းခန့်သာရှိသည်။
ပေါ်ဆန်းစပါးသည် လူကြိုက်များပြီး ဈေးကွက်တွင် အလားအလာကောင်းသော ဆန်စပါးမျိုးဖြစ်သော်လည်း လူအနည်းစုမျှသာ ဝယ်ယူစားသုံးနိုင်သည်ကို တွေ့ရှိရသည်။ ဤသို့ဖြစ်ရခြင်းမှာ ပေါ်ဆန်းစပါးမျိုးသည် ရာသီစပါး ဖြစ်သောကြောင့် တစ်နှစ်လျှင် တစ်ရာသီသာ ကောင်းမွန်စွာစိုက်ပျိုးထုတ်လုပ်နိုင်ခြင်း၊ လူဦးရေ တိုးပွားလာသည် နှင့်အမျှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား ပိုမိုမြှင့်တင်ရန်နှင့် သီးနှံစိုက်စွမ်းအားမြင့်မားစေရန်အတွက် သီးနှံပုံစံများ ပြောင်းလဲဆောင်ရွက်ရာတွင် ပေါ်ဆန်းမွှေးကဲ့သို့ ဒေသစပါးမျိုးများအစား သက်လျင်အထွက်ကောင်း
စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးလာခြင်းတို့ကြောင့် ပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှုနှုန်းကျဆင်းစေကာ ဈေးကွက် လိုအပ်ချက်များ ပိုမိုမြင့်မားလာခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် ပေါ်ဆန်း စပါးမျိုးသည် ပြည်တွင်းသာမက ပြည်ပဈေးကွက်ဝယ်လိုအား မြင့်တက်လျက်ရှိသည်။
ပေါ်ဆန်းစပါးမျိုးအပါအဝင် အလင်းရောင်တုံ့ပြန်မှုရှိသော ရာသီစပါး (ဒေသစပါးများ)၏ ပုံမှန်စိုက်ချိန်သည် ဇွန်လလယ်ခန့်ဖြစ်သည်။ လယ်သမားအများစုသည် ရာသီစပါးမျိုးများကို ဇွန်လလယ်နောက်ပိုင်းအချိန်များတွင် စိုက်ပျိုးလိုသည့် ဆန္ဒမရှိကြပါ။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အဆိုပါရာသီစပါးများအတွက် အသင့်တော်ဆုံး စိုက်ချိန်စမ်းသပ်ခြင်းသုတေသနများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ပုံမှန်စိုက်ချိန် ဇွန်လလယ်မှ စတင်၍ ရာသီနှောင်းပိုင်းဖြစ်သော ဩဂုတ်လလယ်အထိ စိုက်ပျိုးနိုင်ကြောင်းနှင့် အထွက်နှုန်းကို ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ကြောင်းတွေ့ရှိရသည်။ ပုံမှန်စိုက်ချိန်ကာလထက် နောက်ကျစိုက်ခြင်းဖြင့် အသက်ရက် ၁၉၀ ရှိသော ပေါ်ဆန်းမျိုးသည် အသက်ရက် ၁၃၀ ခန့်သက်တမ်းငယ်သွားသော်လည်း အထွက်နှုန်းမှာ လျော့နည်းခြင်း မရှိသည့်အပြင် မိုးဦးကာလအတွင်း အခြားသီးနှံတစ်ခုခုကို သီးထပ်အဖြစ် စိုက်ပျိုးနိုင်မည် ဖြစ်သည်။ စိုက်နည်းစနစ် သုတေသန ဆောင်ရွက်ခဲ့ရာတွင် မိုးရေသောက်ဒေသ၌ စိုက်ပျိုးမည်ဆိုပါက ပေါ်ဆန်းဘေးကျား စပါးမျိုးသည် အခြောက်ထယ်ရေး၊ အခြောက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပျိုးထောင်ရွှေ့ပြောင်း ကောက်စိုက်စနစ်ဖြင့် စိုက်ပျိုးခြင်းက ပိုမိုအကျိုးအမြတ်များ ရရှိကြောင်းနှင့် ပျိုးသက် ၃၀ ရက်သားအထိ စိုက်ပျိုးနိုင်ကြောင်း တွေ့ရှိရသည်။
ထို့ပြင် ပေါ်ဆန်းစပါးကို ရာသီမရွေး စိုက်ပျိုးနိုင်ရန်နှင့် မူလအရည်အသွေးမပျက်ဘဲ အခြားလိုအပ်သည့် လက္ခဏာများကို အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ပေါ်ဆန်းဗီဇပါစပါးမျိုးသစ်များ မွေးမြူထုတ်လုပ်သည့် သုတေသနလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်။
ယခုအခါ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ရာသီမရွေးစိုက်ပျိုးနိုင်သော ပေါ်ဆန်းမျိုးသစ်များ (ရေဆင်း ပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂)ကို သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ရာ မိုးရာသီသာမက မိုးကြိုရာသီတွင်ပါ နှစ်သီးစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်နိုင် လာမည် ဖြစ်သည်။
ဒေသအလိုက် အရည်အသွေးကွာခြားမှုအရ ပေါ်ဆန်းစပါးမျိုးများကို ကိုယ်ပိုင်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ပြည်တွင်းဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက် ရှိသော်လည်း ဒေသဆိုင်ရာအညွှန်း (GI)၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ နိုင်ငံတကာဈေးကွက်သို့ ချဲ့ထွင်ရောင်းချနိုင်မည် ဆိုပါက တောင်သူများ အနေဖြင့် ပေါ်ဆန်းကို တိုးချဲ့စိုက်ပျိုးလာနိုင်မည် ဖြစ်ပြီး နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ပေါ်ဆန်းအရည်အသွေးပြည့်မီရန် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်လွန်ကာလအထိ စံချိန်စံညွှန်း နှင့်အညီ စိုက်ပျိုးထုတ်လုပ်သင့်သည်။ နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းထိုးဖောက်နိုင်မည်ဆိုပါက ပေါ်ဆန်းစပါးများ ဈေးကောင်းရရှိနိုင်ပြီး ပြည်တွင်းစားသုံးသူများအတွက် ဈေးနှုန်းမြင့်တက်မှု မဖြစ်စေရေးအတွက် ထိန်းညှိသွားရန် လိုအပ်သည်။ ဤသို့ဖြင့် အရည်အသွေးကောင်းမွန်သော မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ခြင်းဖြင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်များကိုလည်း တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ပေးနိုင်မည် ဖြစ်ပါသည်။ ။
MWD
Photo Credit to ONM
