နောက်ထပ် ကမ္ဘာ့အချက်အချာနေရာ အသစ်အပေါ် အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုကိုမျှော်ကြည့်ခြင်း

Posted_Date

Image

နောက်ထပ် ကမ္ဘာ့အချက်အချာနေရာ အသစ်အပေါ် အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုကိုမျှော်ကြည့်ခြင်း

Body

       ကမ္ဘာပေါ်မှာ အရေးပါတဲ့ ကုန်သွယ်ရေကြောင်းလမ်းတွေထဲမှာ    အရေးအပါဆုံးဖြစ်တဲ့ ဟော်မုရေလက်ကြားကတော့ ထွက်လို့မလွယ်အောင် ပိတ်ဆို့ခံထားရပါတယ်။ ဒါဆိုရင် ဟော်မုရေလက်ကြားကို အသုံးမပြုနိုင်တာနဲ့ပဲ ရေကြောင်းကုန်သွယ်ရေးက ရပ်သွားမှာလားဆိုတော့ ဒီလိုဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးပမာဏရဲ့ ၆၀ ရာခိုင်နှုန်းဖြတ်သန်းသွားလာနေတဲ့ နောက်ထပ်နေရာ တစ်ခုရှိနေသေးလို့ပါပဲ။ အဲဒီနေရာကတော့ မလက္ကာရေလက်ကြားပါ။ သူက အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်တို့ကြားမှာ ဆက်သွယ်ပေးထားတဲ့ အရေးပါတဲ့ ကုန်သွယ်ရေကြောင်းလမ်းကြီးဖြစ်ပါတယ်။

အီရန်ပဋိပက္ခကြောင့် ဟော်မုရေလက်ကြားအခြေအနေ မတည်ငြိမ်တာနဲ့အမျှ မလက္ကာရေလက်ကြားအပေါ် ကမ္ဘာ့နိုင်ငံများရဲ့စိတ်ဝင်စားမှုက တစ်ဖန်ပြန်လည်မြင့်တက်လာပါတယ်။ ဒီမလက္ကာရေလက်ကြားကို လွှမ်းမိုးနေတဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။ အဲဒီကျွန်းက ဂရိတ်နီကိုဘားကျွန်းဖြစ်ပြီး သူ့ကိုပိုင်ဆိုင်သူကတော့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ ဂရိတ်နီကိုဘားကျွန်းစု ကိုပိုင်ဆိုင်ခြင်းအားဖြင့် အထူးစီးပွားရေးဇုန်နယ်မြေအဖြစ် စတုရန်းကီလိုမီတာသုံးသိန်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဲဒီပိုင်ဆိုင်မှုထဲမှာ ရေအောက်သယံဇာတတွေနဲ့ ဟိုက်ဒရိုကာဗွန်အရင်းအမြစ်တွေများစွာပါဝင်နေပါတယ်။

ဂရိတ်နီကိုဘားကျွန်းက  အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းစွန်းမှာရှိတဲ့ကျွန်းဖြစ်ပေမယ့်လည်း  ပင်မကုန်းမြေနဲ့ ဆိုရင်     တော်တော်လေးကိုဝေးလံတဲ့ နေရာမှာရှိနေတာပါ။ ဒါပေမဲ့လည်း ဒီကျွန်းဟာ အိန္ဒိယနိုင်ငံအတွက်တော့  မဟာဗျူဟာမြောက် အချက်အချာကျတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရက ဒေါ်လာ ၉ ဒသမ ၉ ဘီလီယံ ကုန်ကျမယ့် အခြေခံအဆောက်အအုံစီမံကိန်း (Great Nicobar Development Plan) ကို အကောင်အထည်ဖော်ပြီးအိန္ဒိယရဲ့အဆင့်မြင့်ဆုံး   ရှေ့တန်းစခန်းအဖြစ်ပြောင်းလဲဖို့ အားသွန်ခွန်စိုက် ပြင်ဆင်လာနေတာပဲ ဖြစ်ပါတယ်။ 

အန်ဒမန်နဲ့ နီကိုဘားကျွန်းစု (ANI) အကြောင်းကို အသေးစိတ်ကြည့်မယ်ဆိုရင် စုစုပေါင်း ကျွန်းပေါင်း ၈၃၆ ကျွန်းလောက်ရှိပြီး စတုရန်းကီလိုမီတာ ၈၂၄၉ မီတာ ကျယ်ဝန်းပါတယ်။ ဒါပေမဲ့ လူနေထိုင်တာက၃၁ ကျွန်းလောက်ပဲရှိပါတယ်။  ဒီကျွန်းစုတွေဟာ အိန္ဒိယပြည်မကြီးနဲ့ ကီလိုမီတာ ၁၃၀၀ ကျော်ဝေးကွာ

နေပေမယ့် အိန္ဒိယနိုင်ငံအတွက်တော့ အိန္ဒိယသမုဒ္ဒရာထဲမှာ သူတို့ရဲ့အင်အားကိုပြသနိုင်ဖို့ အကောင်းဆုံးသောရေတပ်နဲ့လေတပ် အခြေစိုက်စခန်းနေရာတွေဖြစ်ပါတယ်။ အဲဒီစခန်းတွေက တောင်အာရှနဲ့အရှေ့တောင်အာရှတို့ကြားမှာ အရေးပါတဲ့တံတားတစ်စင်းအဖြစ်   တာဝန်ယူပေးမှာဖြစ်တဲ့အပြင်    မလက္ကာရေလက်ကြားကိုလွှမ်းမိုးမယ့်    အိန္ဒိယအတွက် အရေးပါတဲ့ဂိတ်ပေါက်တွေဖြစ်ပါတယ်။ 

အထူးသဖြင့် ဂရိတ်နီကိုဘားကျွန်းရဲ့ အစွန်းဆုံးနေရာဖြစ်တဲ့ အင်ဒီရာပွိုင့် (Indira Point) ဟာ အင်ဒိုနီးရှားရဲ့ ရွန်ဒိုကျွန်းနဲ့ ၁၄၅ ကီလိုမီတာပဲဝေးသလိုမလက္ကာရေလက်ကြားရဲ့ အနောက်ဘက်အဝင်ဝနဲ့လည်း ကီလိုမီတာ ၁၆၀ ပဲဝေးပါတယ်။ ဒီရေလက် ကြားဟာ ကီလိုမီတာ ၈၀၀ လောက်ရှည်လျားပြီး အကျဉ်းဆုံးနေရာမှာ ၃ ကီလိုမီတာတောင် မပြည့်တာကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှုအန္တရာယ်အမြဲရှိနေပါတယ်။ ဒါကြောင့် အိန္ဒိယဟာ ဒီကျွန်းကနေမှတစ်ဆင့် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို ဟန့်တားဖို့နဲ့ ပင်လယ်ပြင်အတွင်း တရားမဝင်ငါးဖမ်းတာ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးတာနဲ့ ပင်လယ်ဓားပြဘေးတွေကို ရှေ့တန်းကနေ ကာကွယ်သွားမှာဖြစ်ပါတယ်။

စီးပွားရေးကဏ္ဍမှာလည်း ဒီစီမံကိန်းဟာ အလွန်ကြီးမားပါတယ်။ ကျန်းမာရေးနဲ့ အပန်းဖြေခရီးသွားလုပ်ငန်းကို အဓိကစီးပွားရေးမောင်းနှင်အားအဖြစ် ထားပြီး စတုရန်းကီလိုမီတာ ၁၆၆ ကီလိုမီတာကျယ်တဲ့မြေနေရာပေါ်မှာ ခေတ်မီမြို့ပြတွေကိုဖော်ဆောင်သွားမှာပါ။ ရင်းနှီးမြှုပ်နှံမှုပမာဏထဲက ၄၀ ရာခိုင်နှုန်းကိုမြို့ပြတည်ဆောက်ဖို့ သတ်မှတ်ထားပြီး ကျန်တာတွေကိုတော့ အထူးစီမံကိန်းတွေအတွက် ဖယ်ထားပါတယ်။ စီမံကိန်းထဲမှာ 450 MVA ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံ၊ နိုင်ငံတကာကုန်တင်ကုန်ချဆိပ်ကမ်း၊ လေဆိပ်နဲ့ မြို့သစ်တစ်ခုတည်ဆောက်ဖို့ ပါဝင်ပါတယ်။ ဒီဆိပ်ကမ်းဟာ စင်ကာပူ ဒါမှမဟုတ် ကိုလံဘိုလို နိုင်ငံခြားဆိပ်ကမ်းတွေအပေါ် မှီခိုနေရမှုကိုလျှော့ချပေးနိုင်မှာပါ။ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဖွံ့ဖြိုးပြီးအိန္ဒိယ (Viksit Bharat) မျှော်မှန်းချက်အရ ၂၀၄၇ ခုနှစ်မှာ စီမံကိန်းအားလုံး အပြီးသတ်မှာဖြစ်ပါတယ်။ ၂၀၅၅ ခုနှစ်မှာတော့ ဒီကျွန်းမှာနေထိုင်သူ သုံးသိန်းကျော်အထိရှိလာဖို့နဲ့ တစ်နှစ်ကိုကမ္ဘာလှည့်ခရီးသွားတစ်သန်းကျော်လာရောက်ဖို့အထိ မျှော်မှန်းထားပါတယ်။

စွမ်းအင်ကဏ္ဍမှာဆိုရင်လည်း ဒီကျွန်းစုတွေဟာ အိန္ဒိယအတွက် ရတနာသိုက်ကြီးဖြစ်လာနိုင်ပါတယ်။ ရေအောက်မှာ ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်ကြီးကတန်ချိန် ၃၇၁ သန်းလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းမှာ အနက် ၂၉၅ မီတာအထိတူးဖော်ရှာဖွေမှုတွေအရ မီသိန်းဓာတ်ငွေ့ ၈၇ ရာခိုင်နှုန်းပါဝင်တဲ့သိုက်တွေကို တွေ့ရှိရတာကြောင့် ဒါဟာ အိန္ဒိယရဲ့ စွမ်းအင်ဖူလုံရေးအတွက် ကြီးမားတဲ့ အားကိုးရာဖြစ်လာမှာပါ။ အစိုးရအနေနဲ့လည်း Open Acreage Licensing Program ကတစ်ဆင့် ဒီဒေသမှာရေနံနဲ့ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေပိုပြီးမြန်ဆန်အောင် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေပါတယ်။ ဒါဟာ ကျောက်မီးသွေးကနေ သန့်ရှင်းတဲ့စွမ်းအင်ဆီကိုကူးပြောင်းဖို့ အိန္ဒိယရဲ့ကြိုးပမ်းချက်အတွက်လည်းအလွန်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။

စစ်ရေးဘက်ကနေကြည့်ရင်လည်း ဒီကျွန်းစုကအိန္ဒိယရဲ့ အင်အားအကြီးဆုံး ခံစစ်ကုန်းမြေဖြစ်လာမှာပါ။ အန်ဒမန်နဲ့ နီကိုဘားစစ်ဌာနချုပ်ဟာ အိန္ဒိယရဲ့တစ်ခုတည်းသော ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဌာနချုပ်ဖြစ်ပါတယ်။ ဒီကျွန်းစုမှာ အရေးပါတဲ့ စစ်အခြေစိုက်စခန်းအများကြီးရှိပါတယ်။ ဥပမာအားဖြင့်-လေကြောင်းစစ်ဆင်ရေး ဌာနချုပ်ဖြစ်တဲ့ ပေါ့ဘလဲ၊ ကျွန်းစုမြောက်ဘက်ပိုင်းကို စောင့်ကြည့်ရေး လေတပ်စခန်းဖြစ်တဲ့ ဒီဂလီပူရ၊ မလက္ကာရေလက်ကြားရဲ့ တည့်တည့် တောင်ဘက်အစွန်ဆုံးလေတပ်စခန်း ဖြစ်တဲ့ ကမ့်ဘဲဘေးစတာတွေဖြစ်ပါတယ်။

စီမံကိန်းပြီးသွားရင် Rafale နဲ့ Su-30 MKI လိုမျိုး တိုက်လေယာဉ်တွေဟာ ဒီကျွန်းကနေပျံတက်ပြီး တောင်တရုတ်ပင်လယ်အထိ အချိန်တိုအတွင်းရောက်နိုင်မှာဖြစ်သလို မြေပြင်အခြေစိုက် BrahMos ဒုံးကျည်တွေကိုလည်း အမြောက်အမြားတပ်ဆင်ထားမှာပါ။ ဒါ့အပြင် P8I နဲ့ MQ-9 လို    အဆင့်မြင့်ကင်းလှည့်လေယာဉ်တွေဟာလည်း  ဒီကျွန်းကနေတစ်ဆင့် ပင်လယ်ပြင်ကို ပိုပြီးကြာကြာစောင့်ကြည့်နိုင်တော့မှာဖြစ်ပါတယ်။

နည်းပညာပိုင်းအနေနဲ့လည်း အိန္ဒိယပြည်မကြီးနဲ့ ဆက်သွယ်ဖို့ ကီလိုမီတာ ၂၃၀၀ ရှည်တဲ့ အဆင့်မြင့် အင်တာနက်ဖိုင်ဘာကေဘယ်ကို သွယ်တန်းပြီးဖြစ်လို့ ဒီကျွန်းစုတွေရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာတော့မှာပါ။ ဒါ့အပြင် အိန္ဒိယဟာ BIMSTEC လို အဖွဲ့အစည်းတွေကတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့နဲ့လည်း ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီအနေနဲ့ ၂၀၁၄ ခုနှစ်မှာချမှတ်ထားတဲ့ အရှေ့မျှော်မူဝါဒရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံနီကိုဘားမျိုးနွယ်စု တွေအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ၊ ကန့်ကွက်မှုတွေများစွာရှိခဲ့ပေမယ့်လည်း အမျိုးသား စိမ်းလန်းစိုပြည်ရေးခုံရုံးက ဒီစီမံကိန်းကို နိုင်ငံတော် အတွက်   မဟာဗျူဟာမြောက်အရေးကြီးမှုရှိတာကြောင့် ဆက်လက်လုပ်ဆောင်ဖို့ခွင့်ပြုပေးခဲ့ပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဂရိတ်နီကိုဘားကျွန်းစုဟာ အိန္ဒိယသမုဒ္ဒရာအတွင်း အိန္ဒိယရဲ့စစ်ရေးအာဏာကို ပြသရုံတင်မကဘဲ အနာဂတ်ရဲ့ စီးပွားရေး၊ စွမ်းအင်နဲ့ ဒစ်ဂျစ်တယ် ဗဟိုချက်မကြီး တစ်ခုဖြစ်လာတော့မှာကို မြင်ယောင်နေမိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။               ။

MWD