စိုက်ပျိုးသင့်သည့်သီးနှံ ပီလောပီနံ

Posted_Date

Image

စိုက်ပျိုးသင့်သည့်သီးနှံ ပီလောပီနံ

Body

ပီလောပီနံသီးနှံသည် ၁၂ ရာစုမတိုင်မီမှစတင်၍ ကမ္ဘာမြေပေါ်သို့ ရောက်ရှိလာခဲ့သော သီးနှံတစ်ခုဖြစ်သည်။ အာရှတိုက်၊ အာဖရိကတိုက်နှင့် အမေရိကတိုက်တို့တွင် အဓိကစိုက်ပျိုးကြပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအတော် များများတွင် တွေ့ရှိရသည်။ တစ်ကမ္ဘာလုံးလူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည်လည်း စားသုံးလျက်ရှိသောသီးနှံ ဖြစ်သည်။ 

မြန်မာနိုင်ငံတွင်လည်း ၁၉ ရာစုမှစတင်၍ စိုက်ပျိုးခဲ့သောသီးနှံဖြစ်သည်။ လူသားတို့အတွက်စားနပ်ရိက္ခာအဖြစ်  ထောက်ပံ့ပေးရုံသာမက ဆေးဝါး၊ အလှကုန်၊ အဖျော်ယမကာ၊ လူသုံးကုန်၊ မွေးမြူရေးအစာ၊ စက်မှုကုန်ကြမ်း စသည့်ပုံစံအမျိုးမျိုးဖြင့် အကျိုးပြုနေသောသီးနှံဖြစ်သည်။ အသားဓာတ်ကြွယ်ဝသောအရွက်နှင့် ကစီဓာတ်များစွာ ပါဝင်သော ဥကိုပိုင်ဆိုင်ထားသော သီးနှံဖြစ်သည့်အလျောက်  လူသားတို့အတွက် အာဟာရများစွာ ဖန်တီးပေးနိုင်သောသီးနှံ ဖြစ်သည်။   တစ်နိုင်ငံလုံးနေရာအနှံ့အပြားစိုက်ပျိုးနိုင်ပြီး ရေမဝပ်သောနေရာများနှင့် သဲနုန်းမြေများတွင် ကောင်းမွန်စွာဖြစ်ထွန်းသည်။  နေရောင်ခြည်ကောင်းစွာ လိုအပ်သောသီးနှံ ဖြစ်သောကြောင့် အရိပ်ကျသောနေရာများ၌ စိုက်ပျိုးခြင်းအားရှောင်ရှား၍ စိုက်ပျိုးသင့်သည်။ တစ်နိုင်ငံလုံး၏စိုက်ဧကမှာ ၁၀၀၀၀၀ ခန့်ရှိသည့်အပြင် စိုက်ပျိုးရလွယ်ကူပြီး သွင်းအားစုအနည်းငယ်ဖြင့် အကျိုးအမြတ်များစွာရရှိနိုင်သော သီးနှံဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နေရာများနှင့် မြေဆီဩဇာညံ့ဖျင်းသောနေရာများ၌ပါ စိုက်ပျိုးထုတ်လုပ်ရန်သင့်လျော်ခြင်းတို့ကြောင့် “ တောင်သူအကျိုးပြုသီးနှံ ” တစ်ခုအဖြစ် သတ်မှတ်ထားသည်။ 

မျိုးရွေးချယ်ခြင်း

ကမ္ဘာပေါ်တွင် ပီလောပီနံမျိုးပေါင်း ၂၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင် ဒေသခံမျိုးများနှင့် အထွက်ကောင်းမျိုးများ အပါအဝင် မျိုးပေါင်း ၂၀ ခန့် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ရာသီဥတုနှင့် နေရာဒေသကို လိုက်၍လည်းကောင်း၊         ထုတ်လုပ်မည့် ကုန်ချောပေါ်မူတည်၍လည်းကောင်း  မျိုးရွေးချယ် စိုက်ပျိုး သင့်ပေသည်။     မျိုးရွေးချယ်မှုမှန်ကန်ခြင်းသည် အထွက်နှုန်းကောင်းခြင်းနှင့်      ကုန်ချောအရည်အသွေး မြင့်မားခြင်းတို့အတွက် အခြေခံကျသော အချက်တစ်ချက်ဖြစ်သည်။ နီးစပ်ရာမျိုးကိုင်းများအား ယူ၍စိုက်ပျိုးခြင်းမှ ရှောင်ရှားပြီး  ရာသီဥတုနှင့်ကိုက်ညီပြီး  အထွက်နှုန်းနှင့် အရည်အသွေးအတွက်   အထူးကောင်းမွန်သော မျိုးများသာ အဓိကထား၍ရွေးချယ်သင့်ပေသည်။ မျိုးကိုင်းအဆစ်စိပ်ခြင်း၊ မကြီးလွန်းမသေးလွန်းသော လုံးပတ်ရှိခြင်း၊ ဥအခွံပါးခြင်း၊ အမျှင်ပါဝင်မှုနည်းခြင်း၊ အူတိုင်သေးခြင်း၊ ကစီဓာတ်ပါဝင်မှုများခြင်းစသော အချက်များမှာ   မျိုးရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များဖြစ်ပေသည်။   မျိုးကိုင်းအဖြစ် စိုက်ပျိုးရန်  အကောင်းဆုံးသက်တမ်းမှာ ၁၀ လသားအရွယ်သည် အကောင်းဆုံးဖြစ်သည်။      မည်သည့်မျိုးအား ရွေးချယ်စေကာမူ မျိုးစေ့ဆောင် ပိုးမွှားရောဂါမပါရှိရေးနှင့်     ကျန်းမာသန်စွမ်းသောမျိုးကိုင်းဖြစ်ရေးတို့သည် စိုက်ပျိုးသူများအတွက် အရေးကြီးဆုံးသော အချက်များဖြစ်သည်။ 

စိုက်ပျိုးသင့်သည့်မြေအနေအထားနှင့်စိုက်ပျိုးနည်း

မိုးဦးမကျမီကာလတွင် မြေပြင်ခြင်းလုပ်ငန်းအား အပြီးဆောင်ရွက်ထားရန်လိုအပ်သည်။ မြေတွင်းအောင်း ပိုးများအား ကာကွယ်နိုင်ရန်နှင့် မြေချဉ်ငန်ဓာတ်ထိန်းညှိပေးနိုင်ရေးအတွက်   တစ်ဧကလျှင် ထုံးတစ်တန်ဝက်ခန့် (ပိဿာ ၃၀၀) ထည့်ပေးခြင်းသည် သင့်လျော်သောနည်းလမ်းဖြစ်ပေသည်။  ရွှံ့စေးဆန်သောမြေများတွင်  စက်ဖွဲပြာ ထည့်သွင်းခြင်းအား  ဆောင်ရွက်သင့်သည်။ သဲဆန်လွန်းသောမြေများတွင်မူ သဘာဝမြေဩဇာ ပိုမိုအသုံးပြုရမည် ဖြစ်ပေသည်။ စိုက်ပျိုးရာတွင် မြေပုံစိုက်စနစ်နှင့် ပေါင်စိုက်စနစ်ဟူ၍  စိုက်ပျိုးနည်း နှစ်မျိုးရှိသော်လည်း   ပေါင်စိုက်စနစ်မှာ  တစ်ဧကအပင်ဝင်ဆံ့မှုများသောကြောင့် ရွေးချယ်သင့်သော နည်းလမ်းဖြစ်သည်။ ပေါင်အကျယ် ၃ ပေ၊ ပေါင်ကြား ၃ ပေနှင့်အမြင့် ၁ ဒသမ ၅ ပေခန့်ရှိသော စိုက်ပေါင်များအား သဘာဝမြေဩဇာ (ကြက်ချေး၊ နွားချေး)ထည့်သွင်း၍ ပြုလုပ်ရမည် ဖြစ်သည်။

ပီလောပီနံသည်  စိုက်ပျိုးရန်လွယ်ကူပြီး  အနည်းငယ်ပြုစု ထိန်းသိမ်းစောင့်ရှောက်ရုံဖြင့် အတိုင်းအတာတစ်ခုအထိ ထွက်ရှိနိုင်သည်။  ပီလောပီနံသည်  စိုက်ပျိုးရလွယ်ကူသော သီးနှံဖြစ်သော်လည်း မျှော်မှန်းထားသော အထွက်နှုန်းနှင့်  အရည်အသွေးရရှိရေးမှာ   စိုက်ပျိုးသည့်အချိန်မှစ၍ ရိတ်သိမ်းသည့် အချိန်အထိ အဆင့်တိုင်းတွင် လိုက်နာရမည့် အချက်များအား ဂရုပြုရန်လိုအပ်သည်။

စိုက်ပျိုးမည့်မျိုးကိုင်းများအား  ၆ လက်မမှ ၈ လက်မ (အဆစ်ငါးဆစ်ပါရန်လို) အရှည်ဖြတ်၍  ၂၄ နာရီအတွင်း စိုက်ပျိုးပေးခြင်းသည် အပင်ပေါက်ရာခိုင်နှုန်းမြင့်မားရေးအတွက် အကောင်းဆုံး အခြေအနေဖြစ်သည်။ မျိုးစေ့ဆောင်ရောဂါအား ကာကွယ်နိုင်ရန်အတွက် ဆားရည်စိမ်ပေးခြင်း၊ အပင်ပေါက်နှုန်းကောင်းရန်အတွက် အမြစ်ထွက်ဟော်မုန်းဆေးရည် စိမ်ပေးခြင်း တို့မှာလည်း       ကောင်းမွန်သောနည်းလမ်းများ ဖြစ်သည်။ စိုက်ပျိုးရာတွင် ပေါင်နှုတ်ခမ်းနှစ်ဖက်၌ တစ်ပင်နှင့်တစ်ပင် ၃ ပေ ခွာ၍ နှစ်တန်းသွားစိုက်ပျိုးရမည်ဖြစ်သည်။

ဥစတင်ဥချိန်တွင် တစ်ပင်နှင့်တစ်ပင် အနှောင့်အယှက်မဖြစ်စေရန် မျက်စောင်းထိုးအနေအထားဖြင့် စိုက်ပျိုးရမည် ဖြစ်၍ ထိုစနစ်ဖြင့်စိုက်ပျိုးလျှင် တစ်ဧက အပင် ၄၈၀၀ ခန့် စိုက်ပျိုးနိုင်မည် ဖြစ်သည်။

ပီလောပီနံကိုင်းသည်   အူတိုင်အခေါင်းပွသောကြောင့်     မိုးရေနှင့်စိုက်ပျိုးရေများ  အူတိုင်အတွင်းသို့ ဝင်ရောက်လျှင် ပျက်စီးနိုင်သဖြင့်  စိုက်ပျိုးရာတွင် မျိုးကိုင်းလေးများအား ၄၅ ဒီဂရီစောင်းလျက်အနေအထားဖြင့်  မြေတွင်းသို့ သုံးပုံနှစ်ပုံခန့်ဝင်အောင် စိုက်ပျိုးခြင်းသည် အကောင်းဆုံးအနေအထား ဖြစ်သည်။ စိုက်ပျိုးပြီး တစ်ပတ်အကြာတွင် အပင်ပေါက်စစ်ဆေးရမည်ဖြစ်ပြီး  သေသွားသောအပင်နေရာတွင် ပြန်လည် အစားထိုးစိုက်ပျိုးပေးရမည် ဖြစ်သည်။ 

စိုက်ပြီးသုံးပတ်သားအရွယ်တွင် မျိုးကိုင်းအတွင်းရှိ အာဟာရဓာတ်များမှာ  ကုန်ဆုံးသွားပြီဖြစ်သဖြင့် အသစ်ထွက်ခါစအမြစ်များ စားသုံးနိုင်ရန်အတွက် တစ်ဧကလျှင် ယူရီးယားမြေဩဇာ အိတ်တစ်ဝက်(၂၅ ကီလိုဂရမ်) အသုံးပြု၍  အပင်ခြေပတ်လည်တွင်  ထည့်သွင်းပေးရမည်ဖြစ်သည်။     ထိုသို့ထည့်သွင်းပေးခြင်းဖြင့်    အပင်ကြီးထွားမှုလျင်မြန်ပြီး အရွက်ဧရိယာများမှာ စိုက်ပေါင်တစ်ခုလုံး ဖုံးအုပ်သွားသောကြောင့် ပေါင်းမြက်ပေါက်ရောက်မှုကို ကာကွယ်နိုင်ပေသည်။

စိုက်ပြီးတစ်လခွဲသားအရွယ်သည် ဥမြစ်စတင်ဖြစ်ထွန်းသည့် အရွယ်ဖြစ်ပြီး ၎င်းအချိန်သည် အစာကျွေးရန်အတွက် မဖြစ်မနေလိုအပ်သော အချိန်ဖြစ်သည်။ ပုံမှန်အမြစ်များမှ ဥအဖြစ်သို့ ပြောင်းလဲသွားချိန် ဖြစ်သောကြောင့် ထိုအချိန်သည် အပင်အတွက် အာဟာရလိုအပ်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ပေါင်းမြက်ရှင်းခြင်း၊ အစာကျွေးခြင်းနှင့် ပေါင်ထပ်ခြင်းလုပ်ငန်းစဉ်များအား လုပ်ဆောင်ပေးရန်လိုအပ်သည်။ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်ပေါ် မူတည်၍ ဥမြစ်စတင်ချိန်ကွာခြားနိုင်သည်။ တောင်ပေါ်ဒေသများတွင် ဥမြစ်စတင်ချိန် နောက်ကျလေ့ရှိသည်။ အစာကျွေးရာတွင် ယူရီးယားမြေဩဇာအိတ်တစ်ဝက် (၂၅ ကီလိုဂရမ်)၊ တီစူပါ(၂၅ ကီလိုဂရမ်)နှင့် ပိုတက်တစ်အိတ် (၅၀ ကီလိုဂရမ်) အားရောစပ်၍ ထည့်သွင်းပေးရန်လိုအပ်သည်။ ၎င်းအစာများပေါ်တွင် မြေထူထူဖုံးအုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းသည် ဥကြီးထွားရန်အတွက် အဓိကကျသော

လုပ်ငန်းစဉ်ဖြစ်သည်။ ပေါင်ထပ်ပြီးသည်နှင့်တစ်ပြိုင်နက် ကိုင်းတက်ဖဲ့ထုတ်ခြင်းလုပ်ငန်းအား မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်သည်။ အပင်တစ်ပင်တွင် အများဆုံးကိုင်းနှစ်ကိုင်းသာထားသင့်ပြီး ၎င်းထက်ပိုပါက အပင်ကြီးထွားမှုအတွက် အားပေးပြီး ဥကြီးထွားမှု လျော့ကျနိုင်ပေသည်။

တစ်လခွဲသားမှစတင်၍ လေးလသားအရွယ်ထိသည် ဥမြစ်ကြီးထွားချိန်ဖြစ်သောကြောင့် ရေကောင်းစွာ လိုအပ်သော်လည်း လေးလသားအရွယ်နောက်ပိုင်းသည် ကစီဓာတ်ဖွဲ့စည်းချိန်ဖြစ်သဖြင့် ရေများစွာရရှိရန် မလိုအပ်ပေ။ ထိုအချိန်တွင် ရေဝပ်ခြင်းဖြစ်ပေါ်ပါက ကစီဓာတ်ဖွဲ့စည်းမှုအား အနှောင့်အယှက်ပြုနိုင်သောကြောင့်  ရေဝပ်ခြင်းမဖြစ်စေရန် ဂရုပြုရပေမည်။ ပီလောပီနံသည် စိုက်ပျိုးချိန်တွင် ပူနွေးစွတ်စိုပြီး ရိတ်သိမ်းချိန်တွင် အေးမြခြောက်သွေ့သောရာသီဥတုကို  ကြိုက်နှစ်သက်သော အပင်အမျိုးအစားဖြစ်သည်။ အရိပ်ကျရောက်သော နေရာတွင် စိုက်ပျိုးပါက အထွက်နှုန်း ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ကိုလည်း သတိပြုသင့်ပေသည်။

စိုက်ပြီးရှစ်လမှစတင်၍ ၁၄ လသားအရွယ်ထိ ဈေးကွက်ပေါ်မူတည်၍ရိတ်သိမ်းနိုင်သည်။ ၁၆ လသားကျော်မှ ရိတ်သိမ်းလျှင် ကုန်ချောအရည်အသွေးကျဆင်းနိုင်မည်ဖြစ်သည်။ မျိုးကိုင်းထုတ်လုပ်ရာတွင် သက်တမ်း ၁၀ လသားအရွယ်မျိုးကိုင်းများသည် မျိုးအဖြစ်စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ သက်တမ်းနုသော မျိုးကိုင်းများအား စိုက်ပျိုးပါက       ရာသီဥတုဒဏ်အားကောင်းစွာ ခံနိုင်ရည်မရှိဘဲ ပျက်စီးနိုင်ပြီး သက်တမ်း ရင့်လွန်းသော မျိုးကိုင်းများအား စိုက်ပျိုးပါက အပင်ပေါက်ရာခိုင်နှုန်း ကျဆင်းနိုင်သည်။     ဥများအားရိတ်သိမ်းပြီး

အမှုန့်နှင့်ကွင်းခြောက် ပြုလုပ်မည်ဆိုပါက     ရိတ်သိမ်းပြီး  ၂၄  နာရီအတွင်း ပြုလုပ်နိုင်မှသာ  အရည်အသွေးမြင့် ကုန်ချောရရှိနိုင်မည် ဖြစ်သည်။ စားသောက်ကုန်အဖြစ် ဥများအား တိုက်ရိုက်အသုံးပြုမည်ဆိုပါက ဥများအားရိတ်သိမ်းပြီး သုံးရက်ခန့်အတွင်း အသုံးပြုသင့်ပေသည်။ မျိုးကိုင်းထုတ်လုပ်ရာတွင် ရိတ်သိမ်းပြီး မျိုးကိုင်းများအား မစိုက်ပျိုးမီ အရိပ်ရသောနေရာတွင် ထောင်လျက်  ခပ်ကျဲကျဲ အနေအထားဖြင့်  လေဝင်လေထွက်ကောင်းအောင်ပြုလုပ်၍  သိမ်းဆည်းရမည်ဖြစ်သည်။ 

ပိုးမွှားနှင့်ရောဂါကျရောက်မှုအား       ကာကွယ်နှိမ်နင်းနိုင်ခြင်းသည်လည်း အထွက်နှုန်းနှင့် အရည်အသွေး မြင့်မားစေသော အချက်တစ်ချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပီလောပီနံသီးနှံ၌ ပိုးမွှားနှင့်ရောဂါကျရောက်မှုမှာ အခြားသော ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းသည်ကိုတွေ့ရှိရပေသည်။ သို့သော်လည်း ပေါင်းမြက်ကောင်းစွာ မရှင်းလင်းသည့် စိုက်ခင်းများနှင့် မျိုးစေ့ဆောင်ရောဂါပါလာသော စိုက်ခင်းများတွင် အပင်နှစ်လသားနောက်ပိုင်း၌ ယင်ဖြူ၊ စုပ်စားပိုးနှင့် အမြစ်ပုပ်ရောဂါများ တွေ့ရှိရတတ်သည်။  ၎င်းပိုးမွှားရောဂါများ ကျရောက်ပါက သတ်မှတ်ထားသော ဆေးဝါးများအား အချိန်မီပက်ဖျန်းခြင်းနှင့် ရောဂါကျရောက်သည့် အစိတ်အပိုင်းများအား  မီးရှို့ဖျက်ဆီးခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ပေးရန် လိုအပ်သည်။

သီးနှံတစ်ခုအား နှစ်စဉ်ဆက်တိုက်စိုက်ပျိုးလျှင်  ရောဂါနှင့်ပိုးမွှားကျရောက်ရန် လွယ်ကူနိုင်ပြီး  မြေတွင်းရှိ အာဟာရဓာတ် လိုအပ်ချက်မှာလည်း တစ်သမတ်တည်း လျော့နည်းနိုင်သည်။   

ထို့ကြောင့် ပီလောပီနံ နှစ်စဉ်စိုက်ပျိုးသော ဒေသများတွင်  ပီလောပီနံရိတ်သိမ်းပြီးချိန်၌  အခြားသီးနှံတစ်ခုအား သီးလှည့်စိုက်ပျိုးခြင်း၊ သုံးနှစ်လျှင်တစ်ကြိမ်ခန့်  သီးနှံပြောင်း၍စိုက်ပျိုးခြင်းတို့  ဆောင်ရွက်သင့်ပေသည်။ သီးလှည့်စိုက်ပျိုးရန် မဖြစ်နိုင်ပါက စိုက်ပေါင်များပေါ်၌ ပီလောပီနံစိုက်ပျိုးစဉ်အချိန်တွင်  ပဲသီးနှံတစ်မျိုးမျိုးအား ကြဲပက်စိုက်ပျိုး၍  သစ်စိမ်းမြေဩဇာအနေဖြင့် ထည့်သွင်းစိုက်ပျိုးနိုင်ပေသည်။ သဘာဝမြေဩဇာများ ထည့်သွင်း၍လည်း    မြေဆီလွှာအာဟာရဓာတ်များ ပြန်လည်ကောင်းမွန်အောင်   ပြုပြင်ခြင်းများ ဆောင်ရွက်သင့်သည်။ ပီလောပီနံသီးနှံမှထွက်ရှိလာသော ဘေးထွက်ပစ္စည်းများ (အရွက်၊ ကိုင်းဖျား၊ ဥခွံ၊ ဥအပိုင်းအစ)ကို  အသုံးပြု၍လည်း သဘာဝမြေဩဇာများ ပြုလုပ်၍ ပြန်လည်သုံးစွဲနိုင်သည်။  ပီလောပီနံသည်  အခြားသီးနှံများနှင့် နှိုင်းယှဉ်မည်ဆိုပါကသုံးစွဲရသည့်  ဓာတုပစ္စည်းများစွာ လျော့နည်းသောကြောင့် သီးနှံတွင် ပါဝင်နိုင်သော ဓာတ်ကြွင်းအာနိသင်လျော့နည်းခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအား လျော့နည်းစေခြင်းနှင့်

စိုက်ပျိုးသူများအတွက်   ဓာတုအဆိပ်သင့်မှုလျော့နည်းခြင်းစသော ကောင်းကျိုးများလည်း ရှိသောသီးနှံဖြစ်သည်။

အထက်တွင် ဖော်ပြသကဲ့သို့ ပီလောပီနံသီးနှံသည် သုံးစွဲမှုများစွာရှိသောကြောင့် ပြည်တွင်းဝယ်လိုအားမှာ များစွာ မြင့်တက်လျက်ရှိပြီး ပြည်ပသို့လည်းတင်ပို့နိုင်သော  သီးနှံတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာ့ဝယ်လိုအား အကောင်းဆုံးနိုင်ငံများမှာ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ဖြစ်သောကြောင့် မိမိတို့နိုင်ငံသည် ဈေးကွက်တွင် အချက်အချာကျသောနိုင်ငံဖြစ်သည်။ ပြည်ပဝယ်လိုအားကောင်းသော သီးနှံဖြစ်သောကြောင့် ပြည်တွင်းစားသုံးမှု လုံလောက်ရုံသာမက ပြည်ပတင်ပို့မှုအတွက်ပါ စဉ်းစား၍   တိုးချဲ့စိုက်ပျိုးသင့်သောသီးနှံဖြစ်ပေသည်။    ပြည်ပဝယ်လိုအားများစွာ ရှိသောကြောင့်လည်း နိုင်ငံခြားဝင်ငွေရရှိနိုင်သောသီးနှံဖြစ်ပြီး ဈေးကွက်ခိုင်မာမှုရှိခြင်း၊  နေရာဒေသမရွေး အလွယ်တကူစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးစရိတ်ကုန်ကျမှုနည်းခြင်း၊ သွင်းအားစုကို အပြည့်အဝ တုံ့ပြန်နိုင်သော သီးနှံဖြစ်သောကြောင့် စိုက်ပျိုးသူများအနေဖြင့် လက်လွှတ်မခံသင့်သော အခွင့်အရေးရှိသည့် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ကြောင်း ဖော်ပြလိုက်ရပေသည်။       ။