ဒေသတွင်းစည်းလုံးခြင်း အလင်းရောင်ကို ထွန်းညှိပေးမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်

Posted_Date

Image

ဒေသတွင်းစည်းလုံးခြင်း အလင်းရောင်ကို ထွန်းညှိပေးမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်

Body

ဒီနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်သည် အရှေ့တောင်အာရှဒေသ တစ်ခုလုံးအတွက် သမိုင်းဝင်မှတ်တိုင်တစ်ခု စိုက်ထူလိုက်သည့်နေ့ရက်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းရင်းမှာ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ၏ ခမ်းနားထည်ဝါသောဖွင့်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားကို ရာဇမင်္ဂလာအမျိုးသား အားကစားကွင်း၌ ကျင်းပခြင်းဖြစ်ပြီး လင်းလက်နေသော မီးရောင်များအောက်တွင် အာဆီယံ ၁၁ နိုင်ငံမှ အားကစားသမားများနှင့် ပရိသတ် ပေါင်းထောင်သောင်းချီ၍ စုဝေးကာ အားကစားစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ခြင်း၏ စွမ်းအားအစစ်အမှန်ကို ပြသလိုက်ပေသည်။

ထိုင်းနိုင်ငံသည် ၁၈ နှစ်အကြာမှ SEA Games ကို အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပခွင့် ရရှိခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင်ကျင်းပခဲ့သည့် အားကစားပွဲတော် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သောကြောင့်  နိုင်ငံတစ်ဝန်းလုံးက ယခုအားကစားပွဲတော်အပေါ် မျှော်လင့်ချက် ကြီးမားလျက်ရှိသည်။ 

ဤပြိုင်ပွဲအတွက် ထိုင်းနိုင်ငံက “We Are One” (ငါတို့သည် တစ်သားတည်း) ဟူသော ဆောင်ပုဒ်ကိုပေးထားပြီး ယင်းဆောင်ပုဒ်သည် အရှေ့တောင်အာရှနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုပွဲတော်၏ ကြီးကျယ်ခမ်းနားမှုကို ဖော်ညွှန်းပြသနိုင်ရန် ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းဘုရင်နှင့်ကြင်ယာတော်တို့ ကိုယ်တိုင်တက်ရောက်လာသည်ကို တွေ့ရသည်။

သို့သော်လည်း ဤကဲ့သို့ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီး အောင်မြင်စွာ ဖြစ်မြောက်လာရေးသည် လမ်းဖြောင့်တစ်ခုမဟုတ်ခဲ့ပါ။ စတင်ပြင်ဆင်မှု လုပ်ဆောင်စဉ်ကာလကတည်းက ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာဝေဖန်မှုများ၊ ပြည်တွင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် အားကစားပွဲတော်အတွက် ပြင်ဆင်မှုများလုပ်ရာတွင် နှောင့်နှေးကြန့်ကြာမှုများစသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ မူလက သမိုင်းဝင်Sanam Luang ကွင်းပြင်၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးအခြေအနေနှင့် ပရိသတ် လုံလောက်စွာဝင်ဆံ့နိုင်ရေး အကြောင်းပြချက်များဖြင့် ရာဇမင်္ဂလာအမျိုးသား အားကစားကွင်းသို့ ပြောင်းရွှေ့ကျင်းပခဲ့ရခြင်း ဖြစ်သည်။ အဆိုပါပြောင်းလဲမှုသည် ပြင်ဆင်ရေးအဖွဲ့အပေါ် ဖိအားများစွာ သက်ရောက်စေခဲ့သော်လည်း၊ ယနေ့ညတွင် အားကစားကွင်းကြီးတစ်ခုလုံးသည် ဧည့်ပရိသတ်များဖြင့်ပြည့်နှက်နေပြီး စိန်ခေါ်မှုအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း သက်သေပြလိုက်ပေပြီ။

ယနေ့ည အားကစားပွဲတော်ဖွင့်ပွဲ အခမ်းနားကို ထိုင်းနိုင်ငံ၏ ကြွယ်ဝသော ယဉ်ကျေးမှု၊ ခေတ်မီသောနည်းပညာနှင့် အရှေ့တောင်အာရှဒေသ၏ စည်းလုံးညီညွတ်မှုတို့အား အသားပေးဖော်ပြသည့် ခမ်းနားထည်ဝါသော အပိုင်း(၅) ပိုင်းဖြင့် ဖော်ကျူးထားသည်။

အပိုင်း (၁) ကိုစတင်ခြင်းဟုအမည်ပေးထားပြီး အရှေ့တောင်အာရှအားကစားပွဲတော်၏ မူလအစကို ဖော်ကျူးထားသည်။ ထိုင်းနိုင်ငံ၏ သမိုင်းဝင် အမွေအနှစ်များနှင့် အားကစားစိတ်ဓာတ်တို့ ပေါင်းစပ်ထားသော ရိုးရာအကများ၊ တေးဂီတများဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်များစွာအတွင်း ထိုင်းနိုင်ငံ၌ကျင်းပခဲ့သော “ASEAN Games” (ယခု SEA Games အဖြစ် ပြောင်းလဲကျင်းပ) ၏ သမိုင်းကြောင်းကိုလည်း မီးမောင်းထိုးပြသည်။

အပိုင်း (၂) မှာ ချီတက်ခြင်း ဖြစ်ပြီး ထိုအပိုင်းကပရိသတ်များ စိတ်အလှုပ်ရှားရဆုံး အပိုင်းဖြစ်သည်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ အားကစားသမားစုစုပေါင်း ၁၃၀၀၀ ကျော်တို့သည် နိုင်ငံတော်အလံများကိုဝင့်ကြွားစွာ ကိုင်ဆောင်ရင်း ကွင်းအတွင်း ချီတက်လာကြသည်။ ယခုနှစ်တွင် ထူးခြားသည်မှာ နိုင်ငံ့ကိုယ်စားလှယ်အဖွဲ့ တစ်ခုချင်းစီကို ကမ္ဘာ့အဆင့်မီ အောင်မြင်မှုရရှိထားသည့် ထိပ်တန်းအလှမယ်တစ်ဦးကဦးဆောင်ခဲ့ခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် Miss World ဆုရှင် အပါအဝင် ထင်ရှားလှသော အလှမယ်၁၁ ဦးသည် နိုင်ငံ့ကိုယ်စားပြုအဖွဲ့များကို ဦးဆောင်ကာ အားကစားသာမက ယဉ်ကျေးမှုနှင့် အလှအပဆိုင်ရာဂုဏ်ယူမှုကိုပါ တစ်ပြိုင်နက် ဖော်ပြခဲ့သည်။

အပိုင်း(၃)ကို စည်းလုံးမှု အင်အား ဟု ခေါင်းစဉ်ပေးထားပြီး အနုပညာနှင့် နည်းပညာတို့ ပေါင်းစပ်မှုဖြင့်ဖျော်ဖြေမှုများစတင်သည်။ ထိုင်းနိုင်ငံ၏ ပြောင်မြောက်သော ရိုးရာအကအလှများနှင့် ခေတ်ပေါ်ဖျော်ဖြေမှုများသည် ကွင်းအတွင်းရှိ LED မီးရောင်များနှင့် ဒရုန်းပုံဖော်မှုများဖြင့် အသက်ဝင်လာသည်။ ကမ္ဘာ့ကျော် K-pop အဖွဲ့ဝင်ဟောင်းဖြစ်သူ ထိုင်းလူမျိုး အဆိုတော် BamBam Kunpimook ၏ စွမ်းအားပြည့် ဖျော်ဖြေမှုသည် လူငယ်ပရိသတ်များကို ဆွဲဆောင်ခဲ့ပြီး၊ ထိုင်း Rap ဂီတပညာရှင် Golf F. Hero ၏ ဖျော်ဖြေမှုက အားကစားပွဲတော်၏စိန်ခေါ်မှုနှင့် ခေတ်မီမှုတို့ကို ကိုယ်စားပြုသည်။ အဆိုရှင် Violette Wautier ၏သီဆိုမှုက ပွဲတော်ကြီး၏ ချစ်ခင်ရင်းနှီးမှုကို ဖော်ကျူးပြသနိုင်ခဲ့သည်။

အပိုင်း(၄)ဖြစ်သည့် မီးတောက်နှင့် ကတိကဝတ်သည်ဖွင့်ပွဲ၏ အရေးအကြီးဆုံး အခိုက်အတန့်ဖြစ်သည်။ SEA Games မီးရှူးတိုင်ထွန်းညှိခြင်း အခမ်းအနားကို ပုံစံသစ်ဖြင့် တင်ဆက်ခဲ့သည်။ ရိုးရာအားကစားနည်းများတွင် ထိုင်းနိုင်ငံ၏ ဂုဏ်ယူစရာ အားကစားသမားများမှတစ်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာသော မီးတိုင်သည် ကွင်းအတွင်းသို့ ရောက်ရှိလာသည်။ နောက်ဆုံး မီးတိုင်ထွန်းညှိပြီးသည့်အခါတွင် ကွင်းတစ်ခုလုံး ပျော်ရွှင်မှုအပေါင်းဖြင့် ဆူညံသွားပြီး၊ အားကစားပွဲတော်ကို တရားဝင်စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

အပိုင်း(၅)ကိုအနာဂတ်သို့ဟုအမည်ပေးထားပြီး ခေတ်မီနည်းပညာသုံး လေဆာရောင်ခြည်များ၊ မီးရှူးမီးပန်းများနှင့် ဒရုန်းပြပွဲများက ကောင်းကင်ယံကို လင်းလက်စေကာ အရှေ့တောင်အာရှ၏ ငြိမ်းချမ်းသော အနာဂတ်နှင့်အားကစား၏ စွမ်းအားကို ဖော်ညွှန်းပြသနိုင်ခဲ့သည်။

ယခုနှစ်အားကစားပွဲတော်တွင် ထိုင်းအစိုးရသည် “Green SEA Games” အယူအဆကို အလေးပေး ဆောင်ရွက်ခဲ့သည်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေရန် စွမ်းအင်ချွေတာသုံးစွဲခြင်း၊ ပြန်လည်အသုံးပြုနိုင်သောပစ္စည်းများကို အသုံးပြုခြင်းနှင့် ကာဗွန်ခြေရာလျှော့ချရေး အစီအမံများကိုချမှတ်ခဲ့သည်။ ထိုအချက်သည်အားကစားပွဲတော်ကြီးများက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမှုအပေါ် ကမ္ဘာ့အမြင် ပြောင်းလဲလာချိန်တွင် ထိုင်းနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ကတိကဝတ်ကို ဖော်ပြခြင်းပင် ဖြစ်သည်။

ယခုအားကစားပွဲတော်တွင် အားကစားနည်းပေါင်း၅၀ ကျော် ထည့်သွင်းယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားစုစုပေါင်း ၁၃၆၅၇ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံကလည်း အားကစားနည်း ၃၈ မျိုး တွင် ကစားသမား ၁၅၀၀ နီးပါးဖြင့်ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကာ နိုင်ငံ့ဂုဏ်ကိုဆောင်ကြမည်ဖြစ်သည်။ အထူးသဖြင့် ဘောလုံး၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်းများတွင် မြန်မာတို့၏စွမ်းရည်ကို ဒေသတွင်း ပြန်လည်ပြသနိုင်ရန် မျှော်လင့်ထားသည်။ လက်ရှိမြင်တွေ့နေရသော မြန်မာ့အားကစားသမားများ၏ ရဲရင့်စိတ်ဓာတ်များသည် ဒေသတွင်းသာမက ကမ္ဘာတစ်ဝန်းလုံးသို့မြန်မာ့အားကစား၏ ကြိုးစားအားထုတ်မှုကို ထင်ဟပ်ပြသနေသည်။

ယနေ့ညတွင် ပြီးဆုံးသွားသည့် ၃၃ ကြိမ်မြောက် SEA Games ဖွင့်ပွဲသည် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု အနုပညာ၊ စည်းရုံးနိုင်စွမ်းနှင့် ခေတ်မီနည်းပညာတို့ကို တစ်ပြိုင်နက်တည်း ပြသနိုင်ခဲ့သည်။ ဤဖွင့်ပွဲသည် အားကစားပြိုင်ပွဲ၏ စတင်ခြင်းကိုသာမက အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေး၏ အရေးပါပုံကိုလည်း မီးမောင်းထိုးပြခဲ့သည်။ ကမ္ဘာ့အဆင့်မီ ဖျော်ဖြေမှုများ၊ ခမ်းနားသော အားကစားသမားချီတက်ပွဲများနှင့် စိတ်လှုပ်ရှားဖွယ်ရာ မီးရှူးထွန်းညှိခြင်း အခမ်းအနားတို့သည် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပွဲတော်ကို အရှေ့တောင်အာရှ၏ သမိုင်းတွင် အမှတ်ရစရာ ပွဲတော်တစ်ခုအဖြစ် စွဲထင်စေပြီး၊နောက်ဆုံးတွင် ပြိုင်ပွဲဝင်အားကစားသမား အားလုံး အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

Photo Credit to CNA