ခေတ်ကာလအရွေ့နှင့်အညီ ထိန်းသိမ်းရမည့် မြန်မာတို့၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော်
Posted_Date
Image
Body
နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် နှစ်သစ်ကူးပွဲတော်ကိုယ်စီရှိကြရာ ဘာသာဓလေ့ကို အခြေခံသည့် ပွဲတော်၊ နေထိုင်မှုစနစ်ကိုအခြေခံသည့် ပွဲတော်၊ ပုဂ္ဂလိကမိသားစုသဘောကို အခြေခံသည့်ပွဲတော် နှင့် လူမှုအသိုင်းအဝိုင်းကို အခြေခံသည့် ပွဲတော်ဟူ၍ အမျိုးမျိုးအဖုံဖုံကွဲပြားကြသည်။ မြန်မာနိုင်ငံ၏ နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ဗဟိုပြုသည့် ပွဲတော်အမျိုးအစားဖြစ်သည်။ မြန်မာ့နှစ်သစ်ကူးသင်္ကြန်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတန်းစားမရွေး ပါဝင်ဆင်နွှဲပျော်ရွှင်လေ့ရှိကြသည်။ သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံအတော်များများတွင် နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် ကျင်းပသည့်ပွဲတော်ဖြစ်သည်။
သင်္ကြန်ပွဲတော်၏အနှစ်သာရ
“မြနန္ဒာ x x နေညိုညိုရစ်ကာသန်းတော့ x ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ် x မျှော်ခင်းလေး သာပါဘိတယ် နိမိတ်ကောင်းယူမယ် နှစ်ကူးသင်္ကြန်တော်ဝယ်” ဆိုသည့် သီချင်းသံ များ ပျံ့လွင့်လာလျှင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ခါရောက်ပြီဟု အလိုလိုသိနိုင်သည်။ သင်္ကြန် ဆိုသည်မှာ“ကူးပြောင်းခြင်း”၊ “ပြောင်းရွှေ့လာခြင်း”ဟုအဓိပ္ပာယ်ရသည့် ပါဠိဘာသာသင်္ကန္တ၊ သက္ကတ ဘာသာ သင်္ကြန္တတို့မှ တိုက်ရိုက်မြန်မာမှုပြုထားခြင်းဖြစ်သည်။ မြန်မာ့နှစ်ကူးသင်္ကြန်ပွဲတော်တွင် နှစ်ဟောင်းကိုစွန့်ကာ နှစ်သစ်ကို ကူးပြောင်းသည့်အခါသမယတွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်အောင် ရေစင်သွန်းလောင်းသည် ဟူသော အဓိပ္ပာယ်ဖြင့် ဆင်နွှဲကြသည်။
သင်္ကြန်ပွဲတော်၏ အသွင်သဏ္ဌာန်
သင်္ကြန်ရေသဘင်ပွဲသည် သာကီဝင်တို့၏ဓလေ့မှကူးစက်လာသည်ဟုဆိုနိုင်သည်။ ထိုမှ တကောင်းခေတ်၊ ပုဂံခေတ်တို့မှ လက်ဆင့်ကမ်း သယ်ဆောင်ကာ ယနေ့ကာလအထိ မြန်မာတို့၏ နှစ်သစ်ကူးပွဲတော်အဖြစ် တည်ရှိနေခဲ့သော ဓလေ့ဖြစ်သည်။ မြန်မာ့ရိုးရာပွဲတော်များထဲတွင် အကြီးမားဆုံးနှင့် အထင်ရှားဆုံးသော ပွဲတော်တစ်ခုလည်းဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲသည် ခေတ်ကာလ အခြေအနေအပေါ်မူတည်ကာ အသွင်သဏ္ဌာန်အမျိုးမျိုးကွဲပြားပြောင်းလဲလာခဲ့သည်။ ရှေးမြန်မာဘုရင်များသည် နှစ်သစ်ကူးပွဲတော်ကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် သပြေခက်နှင့် နံ့သာရည်များ ပက်ဖျန်း၍ ဆင်ယင်ကျင်းပခဲ့ကြသည်။ သင်္ကြန်ကာလတွင် လူပျိုကာလသားများက ရေပက်ကစားကြသလို သက်ကြီးရွယ်အိုများနှင့် အပျိုကာလသမီးတို့ကလည်း ဘုရားသွား၊ သီလယူခြင်းဖြင့် ကုသိုလ်ပြုကြလေ့ရှိသည်။ သင်္ကြန်ကာလတွင် အပျော်ကြူးစွာ ရေကစားခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာများဖြစ်တတ်ပုံကို သမိုင်းတွင်ထင်ရှားစွာတွေ့မြင်နိုင်သည်။ ပုဂံခေတ်နောက်ဆုံးမင်းဆက် နရသီဟပတေ့မင်းလက်ထက်တွင် အသက်အငယ်ဆုံး မိဖုရားစောလုံကို ဘုရင်နရသီဟပတေ့နှင့် ကျန်သည့်မိဖုရားများက ရေမွန်းအောင် ရေပက်ကစားကြသဖြင့် မိဖုရားစောလုံက အငြိုးထားကာ ဘုရင်၏ပွဲတော်အုပ်အတွင်း အဆိပ်ခတ်သည်အထိ ရုပ်ဆိုးအကျည်းတန်သည့် အဖြစ်အပျက်ရှိခဲ့သည်။
“နှစ်အကူး xxx ရွှင်မြူးလေတဲ့သင်္ကြန်” ဆိုသည့်အတိုင်းပင် သင်္ကြန်အခါသမယတွင် ပျော်တတ်သူတို့က ရေပက်ကစားခြင်းအပြင် အိုးမဲသုတ်ခြင်း စသည့်ကျီစားမှုများလည်းပြုတတ်ကြသည်။
ယခုခေတ်တွင်မူ မြို့ကြီးများတွင် ရေပက်မဏ္ဍပ်များဆောက်လုပ်ကာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ဖျော်ဖြေခြင်း၊ ရေပိုက်များဖြင့် ရေပက်ကစားခြင်းများပြုလုပ်ကြသည်။ သင်္ကြန်တွင် ရေပက်ခံထွက်သူများကလည်း အမျိုးအစားစုံသော ကားများပေါ်တွင် ရောင်စုံအဝတ်အစားများဖြင့် ပျော်ရွှင်မြူးတူးစွာ မြို့အနှံ့ ရေပက်ခံထွက်ကြသည်။ နယ်မြို့များတွင်မူ စက်ဘီး၊ ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြသည်။ အချို့သောကျေးလက်တောရွာများတွင်မူ နွားလှည်းများပေါ်တွင် ရေစည် များတင်ဆောင်ကာ ရေပက်ကစားကြသည့်ဓလေ့များ ယခုတိုင်ရှိနေသေးပေသည်။
သင်္ကြန်ရေသဘင်ပွဲတော်ကို ဗမာတိုင်းရင်းသားများသာမက အခြားသော တိုင်းရင်းသားများကလည်း မိမိတို့ရိုးရာဓလေ့အတိုင်း ဆင်ယင်ကျင်းပလေ့ရှိသည်။ ထိုအထဲတွင် ရခိုင်တိုင်းရင်းသားတို့၏သ င်္ကြန်ပွဲမှာ ထင်ရှားသည်။ ရခိုင်တိုင်းရင်းသားတို့သည် သစ်ထွင်းလှေများထဲတွင် ရေထည့်ကာ လူပျို၊ အပျိုတို့ကို တစ်ဖက်တစ်ချက်စီမှနေ၍ ရေပက်ကစားကြခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မောင်ရင်းနှမသဖွယ် ချစ်ခင်စွာ နှစ်ကူးပွဲတော်ကို ဆင်နွှဲကြသည်။
သင်္ကြန်ပွဲတော်နှင့်အစားအစာ
သင်္ကြန်နှင့်အတူပါဝင်လာသည့် သင်္ကြန်အစားအစာတစ်မျိုးမှာ မုန့်လုံးရေပေါ်ဖြစ်သည်။ မုန့်နှစ်အတွင်း ထန်းလျက်ခဲများထည့်ကာ လုံးဝန်းအောင်ပြုလုပ်ပြီး ရေနှင့်ပြုတ်ထားသည့် မုန့်လုံးရေပေါ်ကို အုန်းသီးများများနှင့် စားရသည်က သင်္ကြန်ရေစိုစိုတွင် တစ်သက်မမေ့စရာ အရသာပင်ဖြစ်သည်။ သင်္ကြန်ကာလတွင် မြို့တိုင်း၊ ရွာတိုင်း၊ လမ်းတိုင်းတွင် မုန့်လုံးရေပေါ်စတုဒိသာကျွေးသည့် ပုံရိပ်များကို အထင်းသား တွေ့မြင်နိုင်သည်။ သင်္ကြန်နှင့် မုန့်လုံးရေပေါ်မှာ ခွဲခြားမရသော အမှတ်သင်္ကေတ များပင်ဖြစ်သည်။ ထိုအထဲတွင်မှ မွန်တိုင်းရင်းသားတို့၏ သင်္ကြန်ထမင်းမှာလည်း ထင်ရှားသည်။ ရေဆမ်းထားသည့် ထမင်းကို ငါးခြောက်ထောင်းကြော် မွမွရွရွနှင့် တွဲဖက်စားသောက်ရသည်မှာ တစ်မျိုးထူးခြားသော အရသာဖြစ်ပြီး သင်္ကြန်၏ နိမိတ်ပုံနှင့် အပ်စပ်မှုရှိသည့် အစားအစာတစ်မျိုးဖြစ်သည်။
သင်္ကြန်ပွဲတော်နှင့်ရာသီပန်း
သင်္ကြန်ကာလတွင် ပွင့်လေ့ရှိသည့် ရာသီပန်းမှာ ပိတောက်ပန်းပင်ဖြစ်သည်။ နွေရာသီတွင် ငုဝါပန်းတို့ ပွင့်လေ့ရှိသော်လည်း ပိတောက်ပန်းမှာ သင်္ကြန်အကြိုလက်ဆေးမိုးရွာမှ ပွင့်လေ့ရှိပြီး သင်္ကြန်ကာလအတွင်းတွင်သာ အများဆုံးပွင့်သည့် ပန်းဖြစ်သည့်အတွက် သင်္ကြန်နှင့်ပိတောက်မှာ ခွဲခြား၍မရသလိုပင်ဖြစ်ခဲ့သည်။ ပိတောက်ကို သင်္ကြန်၏ နိမိတ်ပုံသင်္ကေတအဖြစ်ပင် ထားရှိ ခဲ့ကြသည်။ ရေစိုစိုတွင် ပိတောက်ပန်းတဝင့်ဝင့်နှင့် အလှတင့်နေသော မြန်မာလှပျိုဖြူလေးများမှာ မြင်သူတိုင်း ရင်အေးစရာဖြစ်ခဲ့သည်။ ရာသီဥတုပြောင်းလဲလာသည့်ကာလများတွင်မူ ပိတောက် ပန်းများသည်လည်း ပွင့်သည့်အချိန်ကာလအနည်းငယ် ရွေ့လျားမှုရှိခဲ့သော်လည်း ပိတောက်ပန်း အများစုမှာ သင်္ကြန်ကာလတွင် ပွင့်ကြမြဲဖြစ်သည်။
သင်္ကြန်ပွဲတော်နှင့်ဘာသာရေး
သင်္ကြန်ကာလတွင် တရားစခန်းများ အများဆုံးဖွင့်လှစ်ပြီး သင်္ကြန်ပိတ်ရက်အတွင်း တရားအားထုတ်ကြသည်။ သင်္ကြန်ကာလအတွင်း သက်ကြီးရွယ်အိုများနှင့် ဘာသာရေးလေ့လာလိုက်စားသူများက ဘုရားကျောင်းကန်များတွင် သီလယူခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်းများ ပြုလေ့ရှိကြသည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း စတုဒိသာကျွေးမွေးခြင်း၊ နှစ်သစ်ကူးတွင် သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ခြင်း၊ လက်သည်း၊ ခြေသည်းလှီးခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ခြင်းတို့ဖြင့် ကုသိုလ်ယူကြလေ့ရှိသည်။
သင်္ကြန်ပွဲတော်နှင့်အနုပညာ
သင်္ကြန်ကာလတွင် သင်္ကြန်ပုံရိပ်ကို ထင်ဟပ်စေသော သီချင်းများ ဖွဲ့နွဲ့သီဆိုလေ့ရှိသလို သင်္ကြန်ကာလကို အခြေပြုသည့် ရုပ်ရှင်များလည်း ရိုက်ကူးထုတ်လွှင့်လေ့ရှိကြသည်။ ထို့ပြင် သင်္ကြန်အကနှင့် သင်္ကြန်သံချပ်များကလည်း သင်္ကြန်၏ပုံရိပ်ကို ပိုမိုပေါ်လွင်စေသည်။ “တူးပို့ တူးပို့” တီးလုံးသံကြားလျှင်ပင် မြန်မာလူမျိုးတို့၏ စိတ်တွင် သင်္ကြန်၏အရသာကို ထိတွေ့ခံစားမိကြသည်။ သင်္ကြန်သီချင်းများထဲတွင် မြို့မငြိမ်း၏ သင်္ကြန်တေးသီချင်းများမှာ ထင်ရှားသည်။ “မြနန္ဒာ”၊ “မန်းမြို့သူဇာမေ”၊ “ရှာပုံတော် မင်းသားကြီး” စသည့် တေးသီချင်းများမှာ သင်္ကြန်ကာလတိုင်း မရိုးနိုင်အောင် ဆိုကြတီးကြကကြသည့်သီချင်းများဖြစ်သည်။
သင်္ကြန်ပွဲတော်နှင့်အိမ်နီးချင်းနိုင်ငံများ
ထိုင်း၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများနှင့်ယူနန် စသည့်ဒေသများတွင်လည်း ရေသဘင်ပွဲတော်များ ဆင်နွှဲလေ့ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေးစနစ်များကြောင့် နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်ကြသည့်အတွက် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် နိုင်ငံခြားသားခရီးသွားများ ပါဝင်ဆင်နွှဲမှု များပြားလာသည်ကို တွေ့ရသည်။ ထို့ကြောင့် မိမိတို့လူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးစံကို မပျောက်ပျက်စေဘဲ သင်္ကြန်၏ အနှစ်သာရကို ပေါ်လွင်စေသည့် အကြောင်းအရာ၊ အပြင်အဆင်များဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြခြင်းဖြင့် မြန်မာ့ရိုးရာသင်္ကြန်၏ သွင်ပြင်သဏ္ဌာန်ကို မြှင့်တင်သွားကြရမည်ဖြစ်သည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပါဝင်လက်ရှိတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင် ပါဝင်နိုင်ခဲ့ပြီဖြစ်သည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၇ ရက်အထိကျင်းပသည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဒီဇင်ဘာလ ၅ ရက်၌ တရားဝင်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် မြန်မာတို့၏ ရိုးရာအတာသင်္ကြန်တွင် ယဉ်ကျေးမှုနှင့် သွေဖည်သည့် အပြုအမူ၊ အပြောအဆိုများနှင့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများကို ရှောင်ရှား၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်မှ ရရှိလာသော လန်းဆန်းမှုများ၊ စိတ်ဓာတ်ခွန်အားများဖြင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝများ သာယာဝ ပြောရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ခေတ်ကာလ၏ အပြောင်းအလဲများနောက်တွင် အကောင်းနှင့် အဆိုးက ဒွန်တွဲလိုက်ပါလာကြမည်သာဖြစ်သည်။ ကောင်းမွန်သည့်အကျင့်စရိုက်များကို ထိန်းသိမ်းပြီး မကောင်းသည့်အကျင့်စရိုက်ဆိုးများကို ဖယ်ရှားနိုင်မှသာ တိုးတက်သည့် လူမှုဝန်းကျင်ကောင်းတစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ခေတ်နှင့်မလျော်ညီသော အတွေးအခေါ်၊ အယူအဆများကို လိုအပ်လျှင် စွန့်ပစ်ရမည်ဖြစ်သလို မိမိတို့လူမှု အသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်သော အတွေးအခေါ်နှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ စိတ်စေတနာ အလှတရားကို အခြေခံကာ မြန်မာ့နှစ်သစ်ကူး ပွဲတော်ကို အဓိပ္ပာယ်ပြည့်ဝစေရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပေသည်။ ။
MWD
