ခံတွင်းကျန်းမာမှ လူကျန်းမာမည်
Posted_Date
Image
Body
“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟု ဆိုရိုးရှိသည်နှင့်အညီ လောကတွင် ကျန်းမာရေးပြည့်စုံကောင်းမွန်ခြင်းသည် ဘုရားပေးသော ဆုလာဘ်တစ်ပါးဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးတို့ကို ရည်မှန်းချက်ထား၍ အဆင့်အတန်းမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာ ကုသပေးခြင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်း၊ ဆေးသုတေသနလုပ်ငန်းများ၊ တိုင်းရင်းဆေးပညာ တိုးတက်မြင့်မားစေရေးလုပ်ငန်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများကို ဦးစီးဌာနခြောက်ခုဖြင့် အထူးအလေးပေးပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။
ခံတွင်းကျန်းမာမှ လူကျန်းမာမည်
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးပြီး အချို့သောရောဂါများ၏ အစပြုရာနေရာဖြစ်သည့် သွားနှင့်ခံတွင်းကျန်းမာရေးကိုလည်း အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။ ခံတွင်းကျန်းမာမှ လူကျန်းမာမည် (No Health without Oral Health) ဆိုသော ဆောင်ပုဒ်နှင့်အညီ သွားနှင့်ခံတွင်းရောဂါများဖြစ်သည့် သွားပိုးစားရောဂါ၊ သွားဖုံးရောဂါနှင့် ခံတွင်းကင်ဆာရောဂါများသည် အထွေထွေရောဂါများဖြစ်သည့် နှလုံးနှင့် သွေးကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် ကင်ဆာရောဂါများကဲ့သို့ပင် ဆေးနှင့် ဆေးရွက်ကြီး၊ အရက်၊ သကြားနှင့် အာဟာရတန်ဖိုးနည်းပါးသည့် အစားအစာများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် လူ့ခံတွင်းတွင် ရောဂါပိုးပေါင်း ၅၀၀ ကျော်ရှိပြီး ရောဂါဖြစ်စေသောပိုးနှင့် အကျိုးပြုပိုးမွှားများသည် ညီညွတ်မျှတစွာရှိနေသဖြင့် ရောဂါဖြစ်ပွားမှုမရှိခြင်းဖြစ်ပါသည်။ အဆိုပါမျှခြေအနေအထား ပျက်ယွင်းသွားပါက သွားနှင့် ခံတွင်းကျန်းမာရေးထိခိုက်မှုရှိလာပြီး နောက်ဆက်တွဲအနေဖြင့် နှလုံးနှင့် သွေးကြောကျဉ်းရောဂါ၊ မှတ်ဉာဏ် ချို့ယွင်းအားနည်းခြင်း၊ အဆုတ်ရောဂါဝေဒနာများ၊ သွေးချိုဆီးချို ရောဂါ၊ သားပျက်သားလျှောခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးများမွေးဖွားခြင်းနှင့် မွေးရာပါနှလုံးရောဂါဝေဒနာရှင် ကလေးများမွေးဖွားခြင်း၊ သန္ဓေမအောင်ခြင်း၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည်အဆစ်ရောင်ရောဂါနှင့် အမျိုးသားများပန်းသေခြင်း စသည့်ဆိုးကျိုးများကို ကြုံတွေ့ခံစားရမည်ဖြစ်ပါသည်။
သွားနှင့်ခံတွင်းကျန်းမာရေးတွင် သွားဖုံးရောင်ရမ်းခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်းဖြစ်ပွားရာ ခံတွင်းထဲတွင်ရှိသော ရောဂါပိုးများသည် သွားဖုံးရှိပေါက်ပြဲသွားသော သွေးကြောများအတွင်းသို့ ဝင်ရောက်ပြီး သွေးကြောနံရံများကို ရောင်ရမ်းပျက်စီးစေပါသည်။ အဆိုပါပျက်စီးနေသော သွေးကြောနံရံများကို ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်မှ တုံ့ပြန်ပြုပြင်မွမ်းမံရာတွင် ကျန်းမာရေးကိုထိခိုက်စေနိုင်သော အခြေအနေဖြစ်သည့် သွေးကြောနံရံများ ထူထဲမာကြောလာလေ့ရှိပါသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအတွက် အရေးကြီးသော သွားနှင့် ခံတွင်းကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေများ တိုးမြှင့်ကျခံသုံးစွဲကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဆင့်မြှင့်တင်ခဲ့ပါသည်။
ပြည်သူများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ပြီ
ယခင်က သွားနှင့် ခံတွင်းကျန်းမာရေးကိစ္စရပ်များအတွက် ပြည်သူ့ဆေးရုံများတွင် ပြင်ပလူနာအနေဖြင့်သာ ဝန်ဆောင်မှုပေးနေရာမှ နေပြည်တော်တွင် ပထမဆုံးသွားနှင့် ခံတွင်းအထူးကုဆေးရုံကြီးအဖြစ် သွားဘက်ဆိုင်ရာရောဂါကုသမှုများကို One Stop Service အနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်သွားနှင့်ခံတွင်းအထူးကုဆေးရုံ (သာကေတ)၊ ၂၀၂၄ ခုနှစ်တွင် မန္တလေးသွားနှင့် ခံတွင်းအထူးကုဆေးရုံ (ကန်တော်နဒီ) နှင့် ရန်ကုန်တက္ကသိုလ်များဆေးရုံတို့တွင် သွားနှင့်ခံတွင်းအထူးကုဌာနများ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး သွားနှင့်ခံတွင်းလူနာများကို အရည်အသွေးမြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုကောင်းကောင်းဖြင့် ပေးအပ်နိုင်ခဲ့သည့်အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ပြီဖြစ်ပါသည်။ အဆိုပါသွားဆေးရုံများ၌ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင်ပါ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံကူးစက်ဆေးရုံကိုလည်း ရန်ကုန်သွားနှင့်ခံတွင်း အထူးကုဆေးရုံ (မင်္ဂလာဒုံ) အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီအချိန်အတွင်းမှာပင် ပြည်သူများကို သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိနိုင်ရေးအတွက် ဆေးရုံများတွင် လူနာများ ဆေးကုသစရိတ်လျော့နည်း သက်သာစေရန် ကုသမှုတိုင်းကို အခမဲ့နီးပါး ဆောင်ရွက်ပေးနေသည့်အပြင် လူနာများအနေဖြင့် စရိတ်ကုန်ကျမှုမရှိစေရန် ဝေးလံခက်ခဲသည့် ဒေသများအထိ နယ်လှည့်ကွင်းဆင်းဆေးကုသခြင်း လုပ်ငန်းများ (သွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပါအဝင်) ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်သူများအား သွားနှင့် ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပြည်သူ့ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ သွားဆရာဝန်များသည် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးဝန်ဆောင်မှုများ အပြည့်အဝပေးနိုင်ရေး အလုပ်များ ခန့်အပ်တာဝန်ပေး
ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော အခြေအနေများကြောင့် သွားကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များလျော့နည်းခဲ့ရာ အဆိုပါလိုအပ်ချက်များကို အမြန်ဆုံး ကုစားဖြည့်တင်းပေးနိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ အရည်အချင်းပြည့်ဝသည့် သွားဘက်ဆိုင်ရာဆရာဝန်များ၊ သွားကျန်းမာရေးစောင့်ရှောက်သူ သူနာပြုဆရာမများ၊ သွားတုကျွမ်းကျင်သူများကို မွေးထုတ်ပေးနေသကဲ့သို့ ကုသရေးဦးစီးဌာနကလည်း သွားကျန်းမာရေးအကူသူနာပြုများ၊ လက်ထောက်သွားတုကျွမ်းကျင်သူများကို ဆေးရုံလုပ်ငန်းအခြေပြု သင်တန်းများဖွင့်လှစ်မွေးထုတ်ကာ ကျန်းမာရေးဝန်ဆောင်မှုများ အပြည့်အဝပေးနိုင်ရေးအတွက် အလုပ်များခန့်အပ်တာဝန်ပေးခဲ့ခြင်းကြောင့် လက်ရှိတွင် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုမှာ ယခင်ထက်သာလွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့သော သွားဘက်ဆိုင်ရာဆေးပညာ ညီလာခံတွင် အကြံပြုတင်ပြဆွေးနွေးခဲ့သည့် Digital Dentistry ကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ချက်ချင်းလက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး သွားကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို နိုင်ငံတကာအဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ခေတ်မီသွားတုပြုလုပ်ခြင်းဆိုင်ရာနည်းစနစ် (Digital Dentistry Lab) များအဖြစ် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆေးရုံများတွင် တည်ထောင်ဖွင့်လှစ်ထားပြီး တစ်နိုင်ငံလုံးသို့ ဝန်ဆောင်မှုဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအဆိုပါဆေးရုံများတွင် အငြိမ်းစား ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် သွားတုများကို အခမဲ့တပ်ဆင်ပေးလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် သွားတုတပ်ဆင်ခြင်း အခမဲ့ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်မှစ၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကိုယ်ဝန်ဆောင်များတွင် သွားကျန်းမာရေးကြောင့် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများကို လျော့နည်းကျဆင်းစေရေးအတွက်လည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် မီးဖွားပြီးကလေးမိခင်များ၏ ခံတွင်းသန့်ရှင်းကျန်းမာရေးကောင်းမွန်စေရန်အတွက်လည်း ပြည်သူ့ဆေးရုံများရှိ သွားဆေးခန်းများတွင် မဖြစ်မနေဆောင်ရွက်ပေးရန် လုပ်ငန်းလမ်းညွှန်ချမှတ်ပေးထားပြီးဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကိုလည်း ဆေးရုံကြီးများတွင် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များ မူလတန်းကျောင်းမတက်မီနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ပြုပြင်ခွဲစိတ်ပေးခြင်းနှင့် ထိုကလေးငယ်နှင့် မိသားစုများ၏ လူမှုရေးအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကဏ္ဍစုံတွင် အချိုးညီတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုတွင် ယခုထက်ပိုမိုတိုးတက်ကောင်းမွန်သော ဝန်ဆောင်ကုသမှုများ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဖြည့်ဆည်းမှု၊ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းကူညီမှုများဖြင့် လူတိုင်းရောဂါဘယကင်းရှင်းပြီး သက်တမ်းစေ့နေနိုင်အောင် အစဉ်ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။ ။
moi
Photo: Gemini
