ဂေါ်ဖီထုပ်စားခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ

Posted_Date

Image

ဂေါ်ဖီထုပ်စားခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ

Body

     ဂေါ်ဖီထုပ်ကို တချို့က မုန်လာထုပ်ဟုခေါ်ကြပြီး  အသုပ်များတွင် ထည့်စားကြသကဲ့သို့  ကြော်စားခြင်း၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်များ တွင် ထည့်ကြော်ခြင်း၊ ချက်စားခြင်းတို့ ပြုလုပ်ကြသည်။ ဂေါ်ဖီထုပ်သည် ပဒေသာဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီခေါ်  ပန်းဂေါ်ဖီစိမ်း၊  ကိုက်လန်၊မုန်ညင်း၊ စမုန်တို့နှင့် မျိုးရင်းတူ Cruciferous အပင်မျိုးရင်းတွင် ပါဝင်သည်။ 

အောက်ဆီဂျင်အပြည့်အဝရရှိစေသောဂေါ်ဖီထုပ်

      ဂေါ်ဖီထုပ်ကိုစားသုံးခြင်းဖြင့်    လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ကို အပြည့်အဝရရှိနိုင်သောကြောင့် ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ခုခံနိုင်စွမ်းရှိသည်။

ကိုယ်အလေးချိန်ကျစေနိုင်သောဂေါ်ဖီထုပ်

      ဂေါ်ဖီထုပ်တွင် ကယ်လိုရီပါဝင်မှု နည်းသောကြောင့် ကိုယ်အလေး ချိန်ကျလိုသူများ စားသုံးရန် အထူးကောင်းမွန်သော အစားအစာဖြစ် သည်။ ဂေါ်ဖီထုပ်တွင်ပါဝင်သော ခန္ဓာကိုယ်၏ အစာခြေစနစ်အတွက် အလွန်အရေးပါသည့်အမျှင်ဓာတ်က အဆာခံနိုင်စေရန် အားဖြည့်ပေးပြီး မကြာခဏ  အစာမစားမိရန်  ထိန်းချုပ်ပေးသောကြောင့်  အဝမလွန် အောင် ကာကွယ်ပေးသည်။  ကိုယ်အလေးချိန်ကျလိုသူများအနေဖြင့်လည်း  ဂေါ်ဖီထုပ်ကို မကြာခဏစားသုံးပေးခြင်းဖြင့်  ကိုယ်အလေးချိန် ကျစေနိုင်သည်။

အစာခြေစနစ်ကိုကောင်းမွန်စေသောဂေါ်ဖီထုပ်

      ဂေါ်ဖီထုပ်တွင်  အစာခြေစနစ်ကို အားဖြည့်ပေးသည့်  ရေဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့်  အူများကို လှုပ်ရှားမှုကောင်းစေပြီး အူနံရံများက အာဟာရဓာတ်ပြည့်ပြည့်ဝဝ စုပ်ယူစေနိုင်သကဲ့သို့ လူတချို့တွင်ဖြစ်တတ်သော ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေကာ ဝမ်းမှန်စေ သည်။  ခန္ဓာကိုယ်တွင်းမှ  အဆိပ်အတောက်ဖြစ်စေသည့် အရာများအား ပြင်ပသို့ ဝမ်းအနေဖြင့် စွန့်ထုတ်ပေးသည်။ ဂေါ်ဖီထုပ်သည်  အစာအိမ်အနာကို သက်သာစေနိုင်သည့်  သဘာဝဆေးတစ်မျိုးလည်းဖြစ်သည်။ အစာအိမ်တွင်ဖြစ်ပေါ်သည့်အနာများကိုကျက်စေပြီး အစာအိမ်‌ရောဂါ ဖြစ်ပွားခြင်းကိုလည်း လျော့နည်းစေသည်။ ဂေါ်ဖီထုပ်တွင်  ပရိုတင်း၊ ဗီတာမင်နှင့်   သတ္တုဓာတ်များစွာပါဝင်သောကြောင့်   အစာအိမ်နှင့် အူလမ်းကြောင်းဝေဒနာကို သက်သာစေသည့်အပြင် အမိုင်နိုအက်စစ်နှင့်  ဂလူတမင်းဓာတ်တို့ပါဝင်ခြင်းကြောင့် အူကိုကျန်းမာစေပြီး ခန္ဓာကိုယ် တွင်းမှ  ဗက်တီးရီးယား ထုတ်လွှတ်မှုကို  မျှတအောင်ကူညီပေးသည်။  ဂေါ်ဖီထုပ်သည် ခန္ဓာကိုယ်တွင်းနေရာအများစုမှ  အညစ်အကြေးများကို သန့်ရှင်းစေပြီး  ခန္ဓာကိုယ်တွင်းမှ  ဗိုင်းရပ်စ်များကို  နှိမ်နင်းပေးသည့် ပိုးသတ်ဆေးတစ်မျိုးလည်းဖြစ်သည်။

အူလမ်းကြောင်းကိုကောင်းကျိုးပြုသောဂေါ်ဖီထုပ်

      ဂေါ်ဖီထုပ်သည်   အူလမ်းကြောင်းကို    ကောင်းကျိုးပြုသည့်အစာ လည်းဖြစ်သည်။ အင်္ဂလန်နိုင်ငံရှိ   သုတေသနအဖွဲ့က   ဂေါ်ဖီနွယ်ဝင်ဟင်းသီးဟင်းရွက်များ လူ့အစာအိမ်ထဲ ရောက်ရှိသွားပြီးနောက် အူနံရံ ကို မည်ကဲ့သို့ပြောင်းလဲပေးနိုင်ကြောင်း  အဓိကသုတေသနပြုလုပ်ခဲ့ရာ အစာကြေညက်သွားချိန်တွင် Indole-3 Carbinol ဟုခေါ်သည့် ကင်ဆာ ဆန့်ကျင်ဓာတုပစ္စည်းများ  ထုတ်လုပ်ပေးနေသည်ကို   သက်သေပြလိုက်နိုင်ကြောင်း ဖော်ပြထားသည်။ Indole-3-Carbinol ဓာတ်သည် ကင်ဆာရောဂါ၊ အထူးသဖြင့်  ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာကို    ကာကွယ်ပေးနိုင်သည့် အစွမ်းထက်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်သည်။ 

ထို့ပြင်  ဤဓာတ်သည် အူလမ်းကြောင်း ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး  ပင်မကလာပ်စည်း (Stem Cells) လုပ်ငန်းဆောင်ရွက်မှုကို ပြုပြင်ပြောင်းလဲ ပေးကာ အဆိပ်အတောက်ပြေစေသည်။ ထိုဂုဏ်သတ္တိများကြောင့် ဟင်း ချက်သည့်အခါ Indole-3-Carbinol ဓာတ်ကို မပျက်စီးစေရေး အကျက် လွန်အောင်မချက်ရန်၊ မကြော်ရန်လိုသည်။

ကင်ဆာကိုကာကွယ်ပေးသောဂေါ်ဖီထုပ်

     ဂေါ်ဖီထုပ်တွင် Free Radical များကို လျှော့ချပေးပြီး ကင်ဆာရောဂါ ကိုသက်သာစေသော သဘာဝဓာတ်တိုးဆန့်ကျင် အာနိသင်များ (Anti-oxidants) လည်း ပါဝင်နေသည်။ ဂေါ်ဖီထုပ်တွင် LupeolSinigrin၊ Din-dolylmethane (DIM)၊ Indole-3- Carbinol၊   Sulforaphane တို့ကဲ့သို့ ကင်ဆာတိုက်ဖျက်ပေးနိုင်သည့် အာနိသင်များရှိသည်။ ထိုဓာတ်များက ခန္ဓာကိုယ်၏ ကိုယ်ခံအားအင်ဇိုင်းများဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေး သည့်အပြင် ကင်ဆာကျိတ်များ ကြီးထွားမလာစေရန် ဟန့်တားပေးပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း သိသာစွာလျော့ကျစေနိုင်သည်။ ဂေါ်ဖီထုပ်တွင်ပါဝင်နေသောဓာတ်များက အရေပြားကင်ဆာ၊ အစာရေမျို ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာ၊   အသည်းကင်ဆာနှင့်  သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်သည်ဟုဆိုထားသည်။  ဂေါ်ဖီထုပ်သည် ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ကုသမှုခံယူနေရသူများ ဓာတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်သည့်    နုံးပြီးအားမရှိသကဲ့သို့ဖြစ်ခြင်း၊ ရင်ပူခြင်း၊ အရေပြားယားယံခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊  အစားအသောက်ပျက်ခြင်း၊  အရည်ကြည်ဖုထွက်ခြင်း   စသည့်ဘေးထွက် ဆိုးကျိုးများဖြစ်ခြင်းကို  လျော့နည်းစေနိုင်သည်ဟု သိရှိရသည်။ ကင်ဆာမဖြစ်အောင်  ကာကွယ်ပေးသကဲ့သို့     နာကျင်ရောင်ရမ်းမှုကို    သက်သာစေနိုင်သောကြောင့်  နှလုံးသွေးကြောများကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းမှုကောင်းမွန်စေသည်။

အစာအိမ်အနာကိုသက်သာစေသောဂေါ်ဖီထုပ်

     ဂေါ်ဖီထုပ်တွင် ဂလူတမင်းဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် အစာအိမ်အနာကို သက်သာစေနိုင်သည်။ ဂေါ်ဖီထုပ်အရည်သည်  အစာအိမ် အနာများကိုလည်း  ထိရောက်စွာကုသပေးနိုင်စွမ်းရှိသည့် သဘာဝဆေး တစ်မျိုးဟုဆိုနိုင်သည်။ ဂေါ်ဖီထုပ်တွင် ဆာလ်ဖာနှင့် သက်စောင့်ဓာတ် ဗီတာမင်-များစွာပါဝင်၍ အစာအိမ်ပြွန်ရောင်ခြင်းကို  သက်သာစေသည်။

ရောင်ရမ်းမှုကိုသက်သာစေသောဂေါ်ဖီထုပ်

    ဂေါ်ဖီထုပ်တွင် အမိုင်နိုအက်စစ်ကြွယ်ဝစွာ ပါဝင်နေသောကြောင့် ခန္ဓာကိုယ်နာကျင်ရောင်ရမ်းမှုများကို  လျော့ပါးသက်သာစေနိုင်သည့် အပြင် အကောင်းဆုံး ကာကွယ်ပေးနိုင်သည်။ အဆစ်အမျက်ရောင်ရမ်းခြင်း၊  အဆစ်အမျက်နာကျင်ကိုက်ခဲခြင်း၊  ဓာတ်မတည့်ခြင်းလက္ခဏာများကို သက်သာစေနိုင်သည့်အပြင် အူလမ်းကြောင်းဆိုင်ရာ‌ရောင်ရမ်း ခြင်းများကိုလည်း ကူညီပေးနိုင်သည်။

ဆံသားကိုကျန်းမာစေသောဂေါ်ဖီထုပ်

     ဂေါ်ဖီထုပ်စားသုံးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းနှင့် ဆံသားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီး  ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေသည်။ 

နှလုံးကျန်းမာစေသောဂေါ်ဖီထုပ်

    ဂေါ်ဖီထုပ်သည် နှလုံးသွေးကြောများကိုကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းမှု ကောင်းမွန်စေသောကြောင့် နှလုံးသွေးကြောကျဉ်းခြင်း နှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများမဖြစ်အောင် ကာကွယ်ပေးသည်။ နှလုံးကိုကျန်းမာစေပြီး ရုတ်တရက်နှလုံးရပ်ခြင်းနှင့် နှလုံးရောဂါဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးသည်။ 

ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးသောဂေါ်ဖီထုပ်

    ဂေါ်ဖီထုပ်တွင် ဗီတာမင်-ကြွယ်ဝစွာပါဝင်သောကြောင့် မကြာခဏ စားပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပြီး အအေးမိ လွယ်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ကာခန္ဓာကိုယ်ကိုကျန်းမာစေသည်။ ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်သည့်  Free Radical များကို တိုက်ထုတ်နိုင်အောင်လည်း ကူညီပေးသည်။

အတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးသောဂေါ်ဖီထုပ်

    ဂေါ်ဖီထုပ်တွင် ဘီတာကယ်ရိုတင်းကြွယ်ဝစွာပါဝင်မှုကြောင့် မျက်စိကိုအားကောင်းစေပြီး   မျက်စိတွင်ရှိသည့်ဆဲလ်များကို  ကျန်းမာစေသည်။ ဂေါ်ဖီထုပ်ကို မကြာခဏစားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြီးလာသည့်အခါ ဖြစ်တတ်သည့် အမြင်အာရုံချို့ယွင်းခြင်း၊ မျက်စိတိမ်စွဲခြင်းနှင့် မျက်စိအတွင်းတိမ်ဖြစ်ခြင်းများကို ကာကွယ်ပေးသည်။

သွေးတိုးကျစေသောဂေါ်ဖီထုပ်

    ဂေါ်ဖီထုပ်သည် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေး ပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးပြီး သွေးမတိုးစေရန် ကာကွယ် ပေးသကဲ့သို့ သွေးကြောများထဲတွင် သွေးစီးဆင်းမှုကောင်းစေရန်လည်း အကောင်းဆုံးအားဖြည့်ပေးသည်။

အိုမင်းရင့်ရော်မှုကို‌နှေးကွေးစေသောဂေါ်ဖီထုပ်

     ဂေါ်ဖီထုပ်သည် အသားအရေကောင်းမွန်မှုကိုပေးစွမ်းနိုင်ပြီး အသား အရေကို စိုပြည်ကြည်လင်စေသည်။ အိုမင်းရင့်ရော်မှုကို‌ ကာကွယ်ပေး သည့်   ဒြပ်ပေါင်းများစွာပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဗီတာမင်-များစွာပါဝင်ခြင်းကြောင့် အရေးအကြောင်းများ မဖြစ်အောင် ကာကွယ်ပေးသည်။  အသားအရောင်မညီခြင်းကိုသက်သာစေကာ အရေပြားကို ကြည်လင်တောက်ပစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော် ခြင်းကို ကာကွယ်ပေးသည်။ ဂေါ်ဖီထုပ်တွင်ပါဝင်သော အမိုင်နိုအက်စစ် သည် အရောင်ကျစေပြီး အရေပြားရောင်ရမ်းခြင်းကို သက်သာစေနိုင် သည်။ အရေပြားဆဲလ်များထိခိုက်မှုမဖြစ်အောင်  ပြန်လည်ပြုပြင်ပေး နိုင်ပြီး အရွယ်တင်နုပျိုစေသည်။

သတိပြုရန်

    ဂေါ်ဖီထုပ်ကိုအစိမ်းစားမည်ဆိုပါက ရေစင်အောင် သေချာဆေးကြောရန်လိုအပ်သည်။  ကြော်ခြင်းနှင့်   ချက်ပြုတ်စားသောက်သည့်အခါ မီးပြင်းပြင်းဖြင့် အချိန်ကြာကြာချက်ပြုတ်ခြင်းကို‌ ရှောင်ကြဉ်သင့်သည်။ မီးပြင်းပြင်းဖြင့်  အချိန်ကြာကြာချက်ပြုတ်သည့်အခါ  ဂေါ်ဖီထုပ်တွင် ပါဝင်သည့်အာဟာရဓာတ်များ  လျော့နည်းသွားနိုင်သည်။

    အချုပ်အားဖြင့်ဆိုသော် ဂေါ်ဖီထုပ်သည် ကိုယ်ခံအားကောင်းခြင်း၊ နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကိုကာကွယ် ပေးခြင်း၊ အရိုးကျန်းမာရေးကိုအထောက်အကူပြုခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးတိုးကျစေခြင်း၊ အဝလွန်ခြင်းမှ ကာကွယ်ပေး ခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ ဆံသားကို ကျန်းမာစေခြင်း၊  ကိုလက်စထရောကိုလျှော့ချပေးခြင်း၊  ဦးနှောက်လုပ်ဆောင် ချက်ကိုကောင်းမွန်စေခြင်း၊   အိုမင်းရင့်ရော်မှုကို  ကာကွယ်ပေးခြင်း စသည့်  ကျန်းမာရေးကောင်းကျိုးများစွာကို  အထောက်အကူပြုသည့် အတွက် ဂေါ်ဖီထုပ်ကို စားသုံးပေးသင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

MWD