ခံတွင်းကျန်းမာမှ လူကျန်းမာမည်
Posted_Date
Image
Body
အာရောဂျံ ပရမံ လာဘံ ကျန်းမာခြင်းသည် လာဘ် တစ်ပါးဟု ဆိုရိုးရှိသည်နှင့်အညီ လောကတွင် ကျန်းမာ ရေးပြည့်စုံကောင်းမွန်ခြင်းသည် ဘုရားပေးသော ဆုလာဘ်တစ်ပါးဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့် လူတိုင်း ရောဂါ ဘယကင်းရှင်းရေးတို့ကိုရည်မှန်းချက်ထား၍ အဆင့် အတန်းမြင့်မားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာကုသပေးခြင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ခြင်း၊ ဆေးသုတေသန လုပ်ငန်းများ၊ တိုင်းရင်းဆေးပညာ တိုးတက်မြင့်မား စေရေးလုပ်ငန်းများ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးလုပ်ငန်းများကို ဦးစီးဌာနခြောက်ခုဖြင့် အထူးအလေးပေးပြီး စနစ်တကျဆောင်ရွက်လျက် ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် အရေးကြီးပြီး တချို့သောရောဂါများ၏ အစ ပြုရာနေရာဖြစ်သည့် သွားနှင့်ခံတွင်းကျန်းမာရေးကို လည်း အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိ ပါသည်။ ခံတွင်းကျန်းမာမှ လူကျန်းမာမည် (No Health without Oral Health) ဟူသော ဆောင်ပုဒ်နှင့် အညီ သွားနှင့်ခံတွင်းရောဂါများဖြစ်သည့် သွားပိုးစား ရောဂါ၊ သွားဖုံးရောဂါနှင့် ခံတွင်းကင်ဆာရောဂါများ သည် အထွေထွေရောဂါများဖြစ်သည့် နှလုံးနှင့် သွေး ကြောရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် ကင်ဆာရောဂါ များကဲ့သို့ပင် ဆေးနှင့်ဆေးရွက်ကြီး၊ အရက်၊ သကြား နှင့် အာဟာရတန်ဖိုးနည်းပါးသည့် အစားအစာများ ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် လူ့ခံတွင်းတွင် ရောဂါပိုးပေါင်း ၅၀၀ ကျော်ရှိပြီး ရောဂါ ဖြစ်စေသောပိုးနှင့် အကျိုးပြုပိုးမွှားများသည် ညီညွတ် မျှတစွာရှိနေသဖြင့် ရောဂါဖြစ်ပွားမှု မရှိခြင်းဖြစ်ပါသည်။ အဆိုပါမျှခြေအနေအထားပျက်ယွင်းသွားပါ က သွားနှင့်ခံတွင်းကျန်းမာရေး ထိခိုက်မှုရှိလာပြီး နောက်ဆက်တွဲအနေဖြင့် နှလုံးနှင့်သွေးကြောကျဉ်း ရောဂါ၊ မှတ်ဉာဏ်ချို့ယွင်း အားနည်းခြင်း၊ အဆုတ် ရောဂါဝေဒနာများ၊ သွေးချိုဆီးချိုရောဂါ၊ သားပျက် သားလျှောခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေး များမွေးဖွားခြင်းနှင့် မွေးရာပါနှလုံးရောဂါဝေဒနာ ရှင်ကလေးများမွေးဖွားခြင်း၊ သန္ဓေမအောင်ခြင်း၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည် အဆစ်ရောင်ရောဂါဖြစ်ခြင်း စသည့်ဆိုးကျိုးများကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။
သွားနှင့်ခံတွင်းကျန်းမာရေးတွင် သွားဖုံးရောင် ရမ်းခြင်း၊ သွားဖုံးမှသွေးထွက်ခြင်း ဖြစ်ပွားရာ၌ ခံတွင်းထဲတွင်ရှိသော ရောဂါပိုးများသည် သွားဖုံးရှိ ပေါက်ပြဲသွားသော သွေးကြောများအတွင်းသို့ ဝင် ရောက်ပြီး သွေးကြောနံရံများကို ရောင်ရမ်းပျက်စီးစေပါသည်။ အဆိုပါ ပျက်စီးနေသောသွေးကြောနံရံ များကို ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားစနစ်မှ တုံ့ပြန် ပြုပြင်မွမ်းမံရာမှ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အခြေအနေဖြစ်သည့် သွေးကြောနံရံများ ထူထဲ မာကျောလာလေ့ရှိပါသည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးအတွက် အရေးကြီးသော သွားနှင့်ခံတွင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေများ တိုးမြှင့် ကျခံသုံးစွဲကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အဆင့်မြှင့်တင်ခဲ့ပါသည်။
ယခင်က သွားနှင့်ခံတွင်းကျန်းမာရေးကိစ္စရပ်များအတွက် ပြည်သူ့ဆေးရုံများတွင် ပြင်ပလူနာအနေ ဖြင့်သာ ဝန်ဆောင်မှုပေးနေရာမှ နေပြည်တော်တွင် ပထမဆုံး သွားနှင့်ခံတွင်း အထူးကုဆေးရုံကြီးအဖြစ် သွားဘက်ဆိုင်ရာရောဂါကုသမှုများကို One Stop Service အနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်တွင် ရန်ကုန်သွားနှင့်ခံတွင်း အထူးကုဆေးရုံ (သာကေတ)၊ ၂ဝ၂၄ ခုနှစ်တွင် မန္တလေးသွားနှင့် ခံတွင်းအထူးကုဆေးရုံ(ကန်တော်နဒီ)နှင့် ရန်ကုန် တက္ကသိုလ်များဆေးရုံများ၌ သွားနှင့်ခံတွင်းအထူးကု ဌာနများ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး သွားနှင့် ခံတွင်းလူနာများကို အရည်အသွေးမြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှုများအား ဝန်ဆောင်မှု ကောင်းကောင်းဖြင့် ပေးအပ်နိုင်ခဲ့သည့်အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ သွားဆေးရုံများ၌ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံကူးစက်ဆေးရုံကိုလည်း ရန်ကုန်သွားနှင့် ခံတွင်းအထူးကုဆေးရုံ (မင်္ဂလာဒုံ) အဖြစ် တိုးချဲ့ဖွင့် လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်အတွင်းမှာပင် ပြည်သူများကို သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းလက် လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိနိုင်ရေးအတွက် ဆေးရုံများ၌ လူနာများ ဆေးကုသစရိတ်လျော့နည်းသက်သာစေ ရန် ကုသမှုတိုင်းကို အခမဲ့နီးပါး ဆောင်ရွက်ပေးနေသည့်အပြင် လူနာများအနေဖြင့် စရိတ်ကုန်ကျမှုမရှိ စေရန် ဝေးလံခက်ခဲသည့် ဒေသများအထိ နယ်လှည့် ကွင်းဆင်းဆေးကုသခြင်း လုပ်ငန်းများ (သွားနှင့် ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပါအဝင်) ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်သူများအား သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက် မှုတိုးတက်ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ပြည်သူများအတွင်း ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်း များ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများကို ပြည်သူ့ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များမှ သွားဆရာဝန်များသည် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါနှင့်အတူ ၂ဝ၂၁ ခုနှစ်က ဖြစ် ပေါ်ခဲ့သောအခြေအနေများကြောင့် သွားကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များလျော့နည်းခဲ့ရာ အဆို ပါလိုအပ်ချက်များကို အမြန်ဆုံးကုစားဖြည့်တင်းပေး နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ အရည်အချင်းပြည့်ဝသည့် သွားဘက်ဆိုင်ရာဆရာဝန် များ၊ သွားကျန်းမာရေး စောင့်ရှောက်သူ သူနာပြု ဆရာမများ၊ သွားတုကျွမ်းကျင်သူများကို မွေးထုတ် ပေးနေသကဲ့သို့ ကုသရေးဦးစီးဌာနမှလည်း သွားကျန်းမာရေး အကူသူနာပြုများ၊ လက်ထောက်သွားတု ကျွမ်းကျင်သူများကို ဆေးရုံလုပ်ငန်း အခြေပြုသင်တန်း များဖွင့်လှစ်မွေးထုတ်ကာ ကျန်းမာရေးဝန်ဆောင် မှုများကို အပြည့်အဝပေးနိုင်ရေးအတွက် အလုပ်များ ခန့်အပ်တာဝန်ပေးခဲ့ခြင်းကြောင့် လက်ရှိတွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုမှာ ယခင်ထက် သာလွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။
၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပခဲ့သော သွားဘက်ဆိုင်ရာ ဆေးပညာညီလာခံတွင် အကြံပြု တင်ပြဆွေးနွေးခဲ့သည့် Digital Dentistry ကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ချက်ချင်းလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး သွားကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို နိုင်ငံတကာ အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ခေတ်မီသွားတုပြုလုပ်ခြင်းဆိုင်ရာနည်းစနစ် (Digital Dentistry Lab) များအဖြစ် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကု ဆေးရုံများတွင် တည်ထောင်ဖွင့်လှစ်ထားပြီး တစ်နိုင်ငံလုံးသို့ ဝန်ဆောင်မှုဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ လက်ရှိ အဆိုပါဆေးရုံများတွင် အငြိမ်းစားဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် သွားတုများကို အခမဲ့တပ်ဆင်ပေးလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုဖြင့် သွားတုတပ်ဆင်ခြင်း အခမဲ့ဝန်ဆောင်မှုကို မြန်မာ နိုင်ငံ၌ ၂၀၂၃ ခုနှစ်မှစ၍ ဝန်ဆောင်မှုပေးလျက်ရှိပါ သည်။
သွားကျန်းမာရေးကြောင့် ဖြစ်ပေါ်တတ်သော ကိုယ်ဝန်ဆောင်များ၏ ဆိုးကျိုးများကို လျော့နည်းကျဆင်း စေရေးအတွက်လည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် မီးဖွားပြီးကလေးမိခင်များ၏ ခံတွင်းသန့်ရှင်းကျန်းမာရေး ကောင်းမွန်စေရန်အတွက်လည်း ပြည်သူ့ ဆေးရုံများရှိ သွားဆေးခန်းများတွင် မဖြစ်မနေ ဆောင်ရွက်ပေးရန် လုပ်ငန်းလမ်းညွှန်အဖြစ် ချမှတ်ပေးထားပြီးဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား လည်း ဆေးရုံကြီးများတွင် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ် များ မူလတန်းကျောင်းမတက်မီ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်းကို ခွဲစိတ်ပြုပြင်ပေးခြင်းနှင့် ထိုကလေးငယ် နှင့်မိသားစုများ၏ လူမှုရေးအခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက် ရာတွင် ကျန်းမာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုး သမီးရေးရာအဖွဲ့ချုပ်၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကျန်းမာရေးဝန်ကြီး ဌာနသည် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကဏ္ဍစုံတွင် အချိုးညီဖွံ့ဖြိုး တိုးတက်အောင်ဆောင် ရွက်ပေးလျက်ရှိရာ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုတွင် ယခုထက်ပိုမိုတိုးတက်ကောင်းမွန်သော ဝန်ဆောင်ကုသမှုများ ပေးအပ်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဖြည့်ဆည်းမှု၊ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းကူညီမှုများဖြင့် လူတိုင်း ရောဂါဘယကင်းရှင်းပြီး သက်တမ်းစေ့နေနိုင်အောင် အစဉ်ကြိုးစား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
MWD
