ဗလငါးတန်ပြည့်စုံဖို့ စာကြည့်တိုက်ကိုသွားကြစို့

Posted_Date

Image

 ဗလငါးတန်ပြည့်စုံဖို့ စာကြည့်တိုက်ကိုသွားကြစို့

Body

မျိုးဆက်သစ်လူငယ်များသည် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးပင်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ပြည့်စုံပြီး လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းသမီးမွန်များဖြစ်လာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများပြည့်စုံနိုင်ရန် စာကောင်းပေမွန်များကို စဉ်ဆက်မပြတ်ဖတ်ရှုသွားရန်လိုအပ်သည်။

စာရိတ္တကောင်းမွန်ရေး

မျိုးဆက်သစ်လူငယ်များသည်  ဗလငါးတန်နှင့် ပြည့်စုံနေမှသာလျှင် လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပါဝင်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် စာရိတ္တသည် လူသားအားလုံးအတွက်များစွာ အရေးပါလျက်ရှိသည်။ ကျွန်တော်တို့၏ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသည် လူသားများအကျင့်စာရိတ္တမြင့်မားရေးနှင့် ကိုယ်ကျင့်တရား ကောင်းမွန်ရေးတို့အတွက် ကုသိုလ်နှင့်အကုသိုလ်တို့၏ အကျိုးအပြစ်များကို ခွဲခြားဟောကြားတော်မူသည်။ အထူးသဖြင့် သီလစောင့်ထိန်းရန် တိုက်တွန်းဟောကြားတော်မူခဲ့သည်။ 

ထို့ပြင် သီတဂူဆရာတော်ကြီးကလည်း "Character is Power " ဟူ၍ ဟောကြားတော်မူထားသည်။ လူတစ်ဦးသည် အကျင့်စာရိတ္တဟူသော ကိုယ်ကျင့်တရားသာကောင်းမွန်နေမည်ဆိုလျှင် အဘက်ဘက်မှ ပြည့်စုံနေမည်ဖြစ်သည်။ စာရိတ္တကောင်းမွန်သော သူသည် မိသားစု၊ လူ့အသိုက်အဝန်းနှင့် နိုင်ငံတော်ကို အကျိုးပြုနိုင်မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် စာရိတ္တယိုယွင်းသောသူသည် လူ့အသိုက်အဝန်းကိုအန္တရာယ်ပြုနိုင်သည်။ ထို့ကြောင့် စာရိတ္တသည် လူတစ်ဦးအတွက် အသက်တမျှပင်အရေးပါလျက်ရှိသည်။

မျိုးဆက်သစ်လူငယ်များသည် ဗလငါးတန်ပြည့်စုံနေရန်အတွက် ကျောင်းသင်ခန်းစာများ ထူးချွန်နေရန်အပြင် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရန်၊ ယဉ်ကျေးလိမ္မာရန်၊ သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးစွာ ဆက်ဆံနေထိုင်တတ်စေရန်၊ စာရိတ္တကောင်းမွန်၍ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်တတ်စေရန် စဉ်ဆက်မပြတ်လေ့လာ သင်ယူကြိုးပမ်းနေရန် လိုအပ်သည်။ အထူးသဖြင့် စာကောင်းပေမွန်များ၊ သုတ၊ ရသစာပေများကို ဖတ်မှတ်သွားရန် လိုအပ်သည်။ မြန်မာ့သမိုင်းတွင်  တိုင်းပြည်တည်ဆောက်ရေး၌ ဦးဆောင်ခဲ့သူများသည် စာဖတ်အားကောင်းသူများပင်ဖြစ်သည်။

နေ့စဉ်စာဖတ်ရန်လို

စာပေမြင့်မှလူမျိုးတင့်မည် ဆိုသောစကားသည် နိုင်ငံတစ်နိုင်ငံရှိ  ပြည်သူလူထုတစ်ရပ်လုံး စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် တိုက်တွန်းထားသော ဆောင်ပုဒ်ပင်ဖြစ်သည်။ “စာအုပ်စာပေလူ့မိတ်ဆွေ၊ “အလိမ္မာစာမှာရှိ ၊ “ပညာရွှေအိုး လူမခိုး၊ “အလှအတွက်မှန်ကြည့်သလို ဘဝအတွက်စာဖတ်ပါဆိုသော ဆောင်ပုဒ်များသည် မျိုးဆက်သစ်လူငယ်တစ်ဦး၏ ဘဝတိုးတက် အောင်မြင်ရေးတွင် မရှိမဖြစ်အရေးပါလှသော ဗဟုသုတ၊ အသိပညာနှင့် အတွေးအခေါ်တို့ကို စာအုပ်စာပေများမှသာ တူးဆွရှာဖွေရရှိနိုင်သည်။ သို့သော် မျက်မှောက်ခေတ်တွင်မူ လူကြီး၊ လူလတ်၊ လူငယ်အားလုံးသည် စာဖတ်နှုန်းတဖြည်းဖြည်း ကျဆင်းလာကြသည်။ 

ဆိုရလျှင်  “စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာမဖတ်သည့်သူသည် ရပ်နေသည့်လူနှင့်တူကြောင်းနှင့် စာတတ်ပြီး စာလည်းဖတ်သည့်သူသည် လမ်းလျှောက်နေသည့် လူနှင့်တူကြောင်း ဆိုသောစကားသည် ဘဝတိုးတက် အောင်မြင်ရေးအတွက် စာကောင်းပေမွန်များ ဖတ်ရှုသွားရန် လိုအပ်ကြောင်းကို တိုက်တွန်းထားခြင်းပင်ဖြစ်သည်။ စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့နေရသူများစွာ ရှိနေသည်။ ထို့ကြောင့် လူငယ်များ အပါအဝင်ပြည်သူ အားလုံးအနေဖြင့် သုတ၊ ရသစာပေများကိုစဉ်ဆက်မပြတ်ဖတ်ရှုသွားရန် လိုအပ်သည်။ ဤနေရာတွင် စာကြည့်တိုက်များသည် တစ်နိုင်ငံလုံးလွှမ်းခြုံစာဖတ်နိုင်ရေးအတွက် များစွာအရေးပါလျက်ရှိသည်။

အမှန်တော့ မျိုးဆက်သစ်လူငယ်များအနေဖြင့် ညစဉ်အိပ်ရာမဝင်မီ ကုန်ဆုံးသွားသော တစ်နေ့တာအချိန်အတွင်း မည်သည့် ဗဟုသုတများကို လေ့လာဖတ်ရှုခဲ့သလဲဟု ပြန်လည်စဉ်းစားသုံးသပ်သင့်သည်။ စာမဖတ်ရသေးဘူးဆိုလျှင် ၁၅ မိနစ်ခန့်ဖတ်ရှု လေ့လာပြီးမှသာ အိပ်စက်အနားယူသင့်သည်။ ထို့ကြောင့် စာအုပ်ကောင်းများကို လက်တစ်ကမ်းအလို အိပ်ရာဘေးနှင့် ဧည့်ခန်းတို့တွင် အရန်သင့်ထားရှိသင့်သည်။

တိုးတက်အောင်မြင်လိုသောသူများသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လျက်ရှိသော ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များအား အချိန်မီသိရှိနိုင်ရန်၊ ဗဟုသုတရှာမှီးရန်၊ အသိပညာတိုးပွားစေရန်၊ အတွေးအခေါ်မြင့်မားစေရန်နှင့် စိတ်အာဟာရဖြည့်ဆည်းရန် တို့အတွက် စာအုပ်စာပေများကို နေ့စဉ်ဖတ်ရှုလေ့လာနေကြရသည်။ စာဖတ်လိုစိတ်များသော မိသားစုများ၊ လူ့အသိုက်အဝန်းများနှင့် နိုင်ငံများသည် ပဋိပက္ခများလျှော့ချနိုင်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီမှသည် လူ့အသိုက်အဝန်းကြီးတစ်ခုလုံးတိုးတက်မှုကို ဖော်ဆောင်နိုင်ကြသည်။  ဆန့်ကျင်ဘက်အနေဖြင့် စာဖတ်လိုစိတ်နည်းသောသူများဖြင့် ဖွဲ့စည်းထားသော လူ့အသိုက်အဝန်း တစ်ခုသည် ရေရှည်တွင်ဆုတ်ယုတ်မှု၊ ဆင်းရဲမှု၊ ပဋိပက္ခများ ကြီးထွားလာမှုတို့နှင့်သာ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။

စာဖတ်ခြင်းသည်  လူတစ်ဦးတိုးတက်စေရန်  အကောင်းဆုံးအလေ့အထပင်ဖြစ်သည်။ ကြီးပွားတိုးတက်သူအများစုသည် စာဖတ်သူ

များဖြစ်ကြသည်။  စာကောင်းပေမွန်များကိုဖတ်ရှုပြီး   သတင်းအချက်အလက်နှင့် ဗဟုသုတများစုဆောင်းကာ ဘဝတိုးတက်မှု အတွက် အကျိုးရှိစွာ အသုံးချနိုင်သည်။  ကမ္ဘာ့ခေါင်းဆောင်များ၊  ထင်ရှားကျော်ကြားသူများနှင့် သူဌေးကြီးများသည် အတွေးအခေါ်များကို စာအုပ်ထဲမှရှာဖွေကြသည်။ စာဖတ်ခြင်းသည် လူတစ်ဦးကို စိတ်ချမ်းမြေ့မှု၊ ဖျော်ဖြေမှု၊ ပညာပေးမှုနှင့် တိုးတက်မှုများကို ပေးစွမ်းနိုင်သည်။

စင်စစ်အားဖြင့် တိုးတက်သော နိုင်ငံများမှ နိုင်ငံသားများသည် စာဖတ်အားကောင်းကြသည်။ ခရီးသွားနေသည့် အချိန်မျိုးမှာပင်လျှင်

လက်ထဲ၌ စာအုပ်တစ်အုပ် ကိုင်ထားလေ့ရှိကြသည်။  လေဆိပ်နှင့် ဘူတာရုံများတွင်   ခရီးတစ်ထောက်နားသည့် အချိန်မျိုး၌ပင်လျှင် 

စာအုပ်ဖတ်နေတတ်ကြသည်။ လေယာဉ်၊ ရထား၊ ကား၊ သင်္ဘောများပေါ်ရောက်သည်နှင့် စာအုပ်ဖွင့်ကာဖတ်ရှုကြသည်။ အောင်မြင်သူအများစုသည် ၎င်းတို့၏အချိန် ၈၀ ရာခိုင်နှုန်းခန့်ကိုစာဖတ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြသည်။ ပုံမှန်စာဖတ်သူများသည် ကြွယ်ဝချမ်းသာပြီး အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားလေ့ရှိကြသည်။

အကျိုးကျေးဇူးများပြား

စာဖတ်ခြင်းသည် အာရုံစူးစိုက်မှု စွမ်းဆောင်ရည် မြင့်တက်လာစေသည်။  သုတ၊ ရသမည်သည့်စာအုပ်ကိုဖတ်ရှုသည်ဖြစ်စေ စာဖတ်ခြင်းသည် ဗဟုသုတကြွယ်ဝစေသည်။ စာဖတ်ခြင်းသည် စိတ်ခွန်အားဖြစ်ပြီး အခက်အခဲများကိုကျော်လွှားနိုင်စေသည်။ စာအုပ်များသည် စာရေးသူတို့အား ကမ္ဘာ့နေရာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ အလေ့အထပေါင်းစုံတို့နှင့် မိတ်ဆက်ပေးနိုင်သည်။ ထို့ကြောင့် တခြားသူများ၏ ယဉ်ကျေးမှု၊ အလေ့အထနှင့် ရိုးရာအစဉ်အလာတို့ကို နားလည်ခံစားနိုင်မည် ဖြစ်သည်။

အမှန်တော့စာဖတ်ခြင်းသည်  တန်ဖိုးမဖြတ်နိုင်သော  ဗဟုသုတများရရှိခြင်း၊   ဦးနှောက်ကိုရင့်ကျက်အောင်လေ့ကျင့်ပေးနိုင်ခြင်း၊ စိတ်အပန်းပြေခြင်း၊ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်တိုးတက်လာခြင်း၊ စိတ်ခွန်အားတိုးတက်လာခြင်း၊ တွေးခေါ်မြော်မြင် နိုင်စွမ်းတိုးတက်လာခြင်း၊ ခွဲခြမ်းစိတ်ဖြာဆန်းစစ်နိုင်စွမ်းမြင့်မားလာခြင်း၊ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားမြင့်မားလာခြင်း၊ စိတ်ကူးစိတ်သန်း ကောင်းမွန်လာခြင်း စသည်ဖြင့်များစွာသော အကျိုးကျေးဇူးများကို ရရှိစေသည်။ 

သာဓကအနေဖြင့် နေ့စဉ်ထုတ် သတင်းစာတစ်စောင်လောက်ကို ပုံမှန်ဖတ်သူသည် တခြားသူများထက်  ဗဟုသုတပိုမိုကြွယ်ဝလာပြီး

မျက်မှောက်ပကတိ အခြေအနေမှန်များကို သိရှိနိုင်မည်ဖြစ်သည်။

စင်စစ်အားဖြင့် စာအုပ်စာပေများသည် လူသားတို့၏ မိတ်ဆွေများဖြစ်ကြသည်။ မျိုးဆက်သစ်လူငယ်များသည် စာကောင်း ပေမွန်များကို စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာခြင်းအားဖြင့် ဗဟုသုတများကြွယ်ဝလာမည်ဖြစ်သည်။ ထိုဗဟုသုတများမှသည် အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ပညာအဆင့်အထိ တိုးတက်လာမည် ဖြစ်သည်။ စာဖတ်အားများသော လူငယ်များပေါများသည့်နိုင်ငံသည် တိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိနေမည်မှာ ဧကန်မုချပင်ဖြစ်သည်။ အမှန်တော့နေ့စဉ် စာဖတ်နေခြင်းသည် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ လူမှုဘဝမြင့်မားရေးအတွက် စာကောင်းပေမွန်များ စဉ်ဆက်မပြတ်ဖတ်ရှုနေရန် လိုအပ်သည်။ 

ဆိုရလျှင် စာဖတ်သူသည် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ခွဲခြားဆန်းစစ်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ စာဖတ်သော သူများသည် နှလုံးသားနူးညံ့ကြသည်။ သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာစိတ်ရှိကြသည်။ အတ္တနည်းပါးကြသည်။ အပြုသဘောဆောင်စွာ တွေးခေါ်တတ်ကြသည်။ လူကြီးမိဘများအပေါ် သိတတ်ကြသည်။ လူ့အသိုက်အဝန်းကို အကျိုးပြုလိုစိတ်ရှိကြသည်။ အထူးသဖြင့် စာဖတ်သောသူများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုကြသည်။     မျိုးဆက်သစ်လူငယ်များ အနေဖြင့် ငယ်စဉ်ကတည်းက စာကောင်းပေမွန်များနှင့် ရင်းနှီးကျွမ်းဝင် နေမည်ဆိုလျှင် ကိုယ်ပိုင်အနာဂတ်ကို ပုံဖော်ထုဆစ်တည်ဆောက်နိုင်စွမ်းရှိပြီး တိုးတက်မှုကို ရှာဖွေနိုင်ကြမည်ဖြစ်သည်။ ဘဝခရီးလမ်းတွင် ကြုံတွေ့ရနိုင်သည့် ကျရှုံးမှုများ၊ အခက်အခဲများကို ကျော်လွှားနိုင်သည့်နည်းလမ်းများကို စာအုပ်စာပေများမှ တူးဆွရှာဖွေနိုင်သည်။ ထို့ပြင် အရေးကြီးသောဆုံးဖြတ်ချက်များကိုလည်း တွေဝေမှုမရှိဘဲ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ 

ကျောင်းစာကြည့်တိုက်များ

အထူးသဖြင့် မျိုးဆက်သစ်များသည် ကျောင်းပိတ်ရက်များတွင် မိဘအုပ်ထိန်းသူများ၊ သူငယ်ချင်းများနှင့်အတူ စာကြည့်တိုက်သွားပြီး

စာဖတ်၊ စာအုပ်ရှာ၊ စာအုပ်ငှားသည့် အလေ့အထကို မွေးမြူထားသင့်သည်။ စာကြည့်တိုက်များတွင် ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးအသက်အရွယ်ပေါင်းစုံတို့အတွက် စာအုပ်မျိုးစုံရှိသည်။ အမှန်တော့ကျောင်းစာကြည့်တိုက်များသည် ကျောင်းနေအရွယ် ကလေးငယ်များစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိရေးတွင် များစွာအရေးပါလျက်ရှိသည်။ တတ်နိုင်ပါက ကျောင်းစာကြည့်တိုက်များတွင် မျိုးဆက်သစ်လူငယ်များ ကြိုက်နှစ်သက်သည့် ရုပ်ပြစာအုပ်စာစောင်များ၊ ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များ၊ တက်ကျမ်းစာအုပ်များ စသည်ဖြင့် ကဏ္ဍစုံစွာတင်ထားသင့်သည်။ 

ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား၊ ကျောင်းသူများ၏ အရွယ်၊ အတန်းတို့နှင့်ကိုက်ညီသည့် စာကောင်းပေမွန်များ ပြည့်စုံစွာထားရှိပေးရန်နှင့်  ကလေးများ၏စိတ်ဝင်စားမှု ရရှိစေရန်အတွက်လည်း ပုံမှန်စာကြည့်တိုက်၏ လှုပ်ရှားမှုများ ပြုလုပ်ပေးရန်လိုသည်။ 

ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ခန်းစာအပြင် ပြင်ပဗဟုသုတများဖြန့်ဝေပေးရာ ပင်မနေရာများဖြစ်သင့်သည်။

ထို့ပြင်ကျောင်းစာကြည့်တိုက်များကို အချိန်ပြည့်ဖွင့်ပေးထားသင့်သည်။ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်

များကို ဗဟုသုတဖြစ်ဖွယ်စာအုပ်များ ငှားရမ်းပေးသင့်သည်။ လစဉ် စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပပေးမည်ဆိုလျှင် မျိုးဆက်သစ်လူငယ်များ၏ စာဖတ်နှုန်းသည် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ 

သာဓကအနေဖြင့် ဟားဗတ်တက္ကသိုလ်ရှိစာကြည့်တိုက်တွင် နံနက် ၃ နာရီထိ စာဖတ်သူများရှိနေသည်ဟုဆိုသည်။  ထို့ကြောင့်လည်း

တိုးတက်အောင်မြင်နေခြင်း ဖြစ်သည်။

ဗလငါးတန်ပြည့်စုံဖို့ စာကြည့်တိုက်ကိုသွားကြစို့

စာဖတ်ခြင်းသည် အသက်အရွယ်ပေါင်းစုံကို အရည်အသွေးတိုးတက်စေခြင်း၊ သတင်းအချက်အလက်သိရှိနိုင်ခြင်း၊ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်သည့်အပြင် လုပ်ငန်းတာဝန်အပေါ်တွင်လည်း အာရုံစူးစိုက်နိုင်စေသည်။ စာဖတ်ခြင်းသည် လူတစ်ဦးကိုမတူညီသော ရှုထောင့်ပေါင်းစုံမှ တွေးခေါ်မြော်မြင်နိုင်စေသည်။ ထို့ကြောင့် စာဖတ်သူတစ်ဦးသည် အကန့်အသတ်မရှိ လေ့လာနိုင်သဖြင့် အသိပညာဗဟုသုတ ပိုမိုကြွယ်ဝလာကာ တိုးတက်မှုများ ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သည်။   

လူတစ်ဦးချင်းစီ၏ စာဖတ်နှုန်းတိုးတက်လာမှုကြောင့် လူ့အဖွဲ့အစည်းအတွင်း ဒုစရိုက်လုပ်ငန်းများလျော့ကျလာနိုင်သည့်အပြင် တိုင်းပြည်တိုးတက်ရေး အတွက်လည်း များစွာအထောက်အကူပြုစေသည်။ စာကောင်းပေမွန်များဖတ်ရှုမှတ်သားလေ့လာမှု အားကောင်းသူများဖြင့်သာ စုစည်းတည်ဆောက်ထားသော လူ့အသိုက်အဝန်းသည်   တစ်နေ့တခြားတိုးတက်မှုရှိနေမည်မှာ ငြင်းဆို၍မရသောပကတိအရှိတရားပင်ဖြစ်သည်။ အထူးသဖြင့် စာပေဝါသနာထုံသော လူငယ်များသည်ဘဝပန်းတိုင်အတွက် အခက်အခဲများကို ကျော်လွှားရာတွင် မှန်ကန်စွာ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိကြသည်။ စာကောင်းပေမွန်များသည် မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်ဘဝ ပြောင်းလဲတိုးတက်မှုကို ဖော်ဆောင်ရာ၌ များစွာအရေးပါလျက်ရှိသည်။ 

အမှန်တော့ ခေတ်မီတိုးတက်သော အနာဂတ်အမိမြန်မာနိုင်ငံတော်ကြီးကို  မျိုးဆက်သစ်လူငယ်များစုပေါင်းအားဖြင့် စုစည်းတည်ဆောက် သွားမည်ဆိုလျှင် တိုးတက်မှုရှိနေမည်မှာ ငြင်းဆို၍မရသော ပကတိအရှိတရားပင် ဖြစ်သည်။ မျိုးဆက်သစ် လူငယ်များသည် တိုင်းပြည်၏အနာဂတ်ပင်ဖြစ်သည်။  အနာဂတ်တွင် သုတ၊ ရသ စာပေမျိုးစုံကိုဖတ်ရှုထားသော လူငယ်များသာလျှင် ဦးဆောင်မှုနေရာကို ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်အားလုံးအနေဖြင့် ဗလငါးတန်ပြည့်စုံရေးအတွက် စာကြည့်တိုက်များသို့ သွားရောက်ကာ တန်ဖိုးရှိသော စာကောင်းပေမွန်များကို အကျိုးရှိစွာ ဖတ်မှတ်သွားနိုင်ရန် စစ်မှန်သော စေတနာဖြင့် ဆန္ဒပြု ရေးသားအပ်ပါသည်။     ။

MWD

Photo Credit to The American College of Greece