ခုခံကာကွယ်မှုလော၊ အကြမ်းဖက်မှုလော - အနောက်ဘက်ကမ်းဒေသမှ ဂျူးအစွန်းရောက်တို့၏ စိုးရိမ်ဖွယ်ရာအခြေအနေ
Posted_Date
Image
Body
အစ္စရေးလုံခြုံရေးတပ်ဖွဲ့များသည် ပါလက်စတိုင်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းကျဆင်းသွားခြင်းအပေါ် ကြိုဆိုလျက်ရှိသော်လည်း တစ်ဖက်တွင်မူ အနောက်ဘက်ကမ်း(West Bank) ဒေသ၌ ပိုမိုစိုးရိမ်ဖွယ်ကောင်းသော အခြေအနေတစ်ရပ် ပေါ်ပေါက်လာနေသည်။ ပါလက်စတိုင်းများအပေါ် ဂျူးအစွန်းရောက်များ၏ အကြမ်းဖက်မှုသည် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်လာခဲ့ပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် အရပ်သားများ ဒဏ်ရာရရှိခြင်းတို့အပြင် လုံခြုံရေးအဖွဲ့အစည်းများအတွက်လည်း ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
လွန်ခဲ့သော တစ်ပတ်ခန့်က ဂျူးအခြေချနေထိုင်သူ အစုအဖွဲ့တစ်ခုသည် အနောက်ဘက်ကမ်းရှိ မူခါးမတ်စ် (Mukhamas) အမည်ရှိ ဘက်ဒူရင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီးခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ မှတ်တမ်းဗီဒီယိုများအရ မျက်နှာဖုံးစွပ်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့များမရောက်ရှိမီ နာရီပေါင်းများစွာကြာအောင် လွတ်လပ်စွာ သွားလာလှုပ်ရှားလျက် ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် ယာဉ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။
အစ္စရေးအလယ်ပိုင်းစစ်ဌာနချုပ် (Central Command) အတွက်မူ အဆိုပါဖြစ်ရပ်သည် ထူးခြားဖြစ်စဉ်တစ်ခုမဟုတ်ဘဲ စိုးရိမ်ဖွယ်ရာ လားရာတစ်ခု၏ ပြယုဂ်သာဖြစ်သည်။ စစ်တပ်မှ ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ နှစ်ပတ်လည်အစီရင်ခံစာအရ ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းသွားသော်လည်း ဂျူးအစွန်းရောက်များ၏ အကြမ်းဖက်မှုနှုန်းမှာမူ အဆမတန် မြင့်တက်လာနေကြောင်း ကိန်းဂဏန်းအချက်အလက်များက ညွှန်ပြနေသည်။
ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်း
အစ္စရေးအလယ်ပိုင်းစစ်ဌာနချုပ်၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ပါလက်စတိုင်းများအပေါ် ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုဟု လုံခြုံရေးအဖွဲ့အစည်းများက သတ်မှတ်ထားသည့် ပြင်းထန်သောဖြစ်စဉ်များမှာ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်အရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် ၅၄ ခု၊ ၂၀၂၄ ခုနှစ်တွင် ၈၃ ခု ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁၂၈ ခုအထိ မြင့်တက်လာခြင်းဖြစ်သည်။ ၎င်းဖြစ်ရပ်များသည် သာမန်ဖျက်ဆီးမှုများမဟုတ်ဘဲ နေအိမ်နှင့် ကျေးရွာများကို မီးရှို့တိုက်ခိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် ကိုယ်ထိလက်ရောက် အပြင်းအထန်ထိုးနှက်တိုက်ခိုက်ခြင်း စသည့် ပြင်းထန်သောရာဇဝတ်မှုများ ဖြစ်ကြသည်။
ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို ဖျက်ဆီးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ အပါအဝင် "အမျိုးသားရေးအသွင်ဆောင်သော ရာဇဝတ်မှု" (Nationalist Crime) ဟူသည့် ပိုမို ကျယ်ပြန့်သော အမျိုးအစားတွင်မူ အကြမ်းဖက်မှု မြင့်တက်လာခြင်းမှာ ပိုမိုထင်ရှားသည်။ အဆိုပါ ဘောင်အတွင်း၌ ၂၀၂၄ ခုနှစ်တွင် ဖြစ်စဉ်ပေါင်း ၆၈၂ ခု မှတ်တမ်းတင်ထားရာမှ ၂၀၂၅ ခုနှစ်တွင် ၈၆၇ ခုအထိ ရှိလာခဲ့သဖြင့် တစ်နှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်နေသည့် အခြေချနေထိုင်သူအရေအတွက်နှင့်ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများရှိနေသည်။ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကျူးလွန်သူများသည် "မိသားစုပြိုကွဲနေသည့် လူငယ် ၇၀ ခန့်သာဖြစ်သည်" ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ အတွင်းပိုင်းသုံးသပ်ချက်များအရ ယင်းဖြစ်စဉ်မှာ ပိုမိုကျယ်ပြန့်ကြောင်း သိရသည်။ စစ်ဘက်ထောက်လှမ်းရေး၏ ခန့်မှန်းချက်အရ ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် အဓိကအားဖြင့် “Hilltop Youth” ဟု ခေါ်ဆိုကြသည့် အဖွဲ့နှင့် ဆက်နွှယ်သူလူဦးရေ ၃၀၀ ခန့် ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။
ပထဝီဝင်အနေအထားအရ အဆိုပါ အကြမ်းဖက်မှုများသည် သတ်မှတ်ထားသော ဒေသအချို့တွင် စုပြုံဖြစ်ပွားနေခြင်း ဖြစ်သည်။ ဂုရှ် အက်ဇီယွန် (Gush Etzion) နှင့် ဂျူဒီးယား (Judea) ဒေသများတွင် အကြမ်းဖက်မှုမြင့်တက်လာခြင်းမှာ အထင်ရှားဆုံးဖြစ်ပြီး အချို့နေရာများတွင် ဖြစ်စဉ်အရေအတွက်မှာ နှစ်ဆကျော်အထိ ရှိလာခဲ့သည်။ အလယ်ပိုင်းစစ်ဌာနချုပ်၏ အဆိုအရ အကြမ်းဖက် လုပ်ရပ်များ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်နေသည့် စိုက်ပျိုးရေးခြံများမှမဟုတ်ဘဲ တရားမဝင်တိုးချဲ့အခြေချစခန်းများမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်မှုလော သို့မဟုတ် အခြားအရာတစ်ခုလော
ပါလက်စတိုင်းများနှင့် အစ္စရေးလူ့အခွင့်အရေးအဖွဲ့အစည်းများအကြားတွင် အဆိုပါတိုက်ခိုက်မှုများကို "အကြမ်းဖက်မှု" ဟု သတ်မှတ်ရန် တုံ့ဆိုင်းခြင်းမရှိသော်လည်း အစ္စရေးလုံခြုံရေးအဖွဲ့ အစည်းအတွင်းရှိ လူတိုင်းကမူ ထိုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုရန် သဘောမတူကြပေ။
အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) ၏ အေးဂျင့်ဟောင်းတစ်ဦးဖြစ်သူ အာမစ်အာဆာ (Amit Assa) က ၎င်းအနေဖြင့် အဆိုပါ ဝေါဟာရအသုံးအနှုန်းအပေါ်လက်ခံရန် ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။ ၎င်းက “၂၀၂၅ ခုနှစ်သည် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်) စစ်ပွဲ နောက်ပိုင်း ဒုတိယမြောက်နှစ်သာ ရှိသေးသည်ဆိုသည်ကို သတိရရန်လိုပါသည်။ ဂျူဒီးယား နှင့် ဆမာရီးယား (Judea and Samaria) ဒေသမှာရှိသည့် ဂျူးနေထိုင်သူများသည် မြင့်တက်လာနေသည့် ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုတွေကြားမှာ ပိုမိုထိခိုက်လွယ်သည့် အနေအထားမှာ ရှိနေပါသည်” ဟု ဆိုသည်။
၎င်း၏ အမြင်သည် အစ္စရေးနိုင်ငံအတွင်း ဖြစ်ပွားနေသော ပိုမိုကျယ်ပြန့်သည့် အငြင်းပွားမှုကို ထင်ဟပ်နေသည်။ ယင်းမှာ ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုကို "အကြမ်းဖက်မှု" အဖြစ်သာ သတ်မှတ်သင့်သလား သို့မဟုတ် ရေရှည်တည်ရှိနေသော လုံခြုံရေးကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာ သည့် အစွန်းရောက်ပြီး ဥပဒေမဲ့သော တုံ့ပြန်မှုအဖြစ် ရှုမြင်သင့်သလားဟူသော မေးခွန်းပင် ဖြစ်သည်။
ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှု - ကြိုးပမ်းမှုများပြားသော်လည်း တိုက်ခိုက်မှုဖြစ်ပွားနှုန်း လျော့ကျ လာခြင်း
အပေါ်ယံကြည့်လျှင် ကိန်းဂဏန်းအချက်အလက်များသည် အာမစ်အာဆာ၏ အဆိုကို တစ်စိတ် တစ်ပိုင်းအားဖြင့် ထောက်ခံနေသည်ဟု ယူဆရသည်။
အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) ၏ အချက်အလက်များအရ အစ္စရေးနိုင်ငံသားများအပေါ် တိုက်ခိုက်မှုပြုလုပ်ရန် ပါလက်စတိုင်းတို့၏ ကြိုးပမ်းမှုများမှာ အမှန်တကယ် မြင့်တက်လာခဲ့သည်။ အဆိုပါအေဂျင်စီ၏ မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်တွင် ကြိုးပမ်းမှု ၁,၀၃၂ ခုနှင့် ၂၀၂၄ ခုနှစ် တွင် ၁,၀၄၀ ခု ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁,၃၇၄ ခုအထိ မြင့်တက်လာခဲ့သည်။
သို့သော်လည်း လူသေဆုံးမှု၊ ဒဏ်ရာရရှိမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော တိုက်ခိုက်မှုအရေအတွက်မှာမူ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ၂၀၂၃ ခုနှစ် တွင် ထိုကဲ့သို့သော ဖြစ်စဉ် ၄၁၄ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ၂၃၁ ခု ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင်မူ ၅၄ ခုသာ ရှိတော့သည်။
တိုက်ခိုက်လိုသော ရည်ရွယ်ချက်နှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှုအကြားရှိ ထိုကွာဟချက်သည် ပါလက်စတိုင်းလက်နက်ကိုင် လှုပ်ရှားမှုများကို ကိုင်တွယ်ရာတွင် အစ္စရေး၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ယန္တရား မည်မျှထိရောက်သည်ကို ဖော်ပြနေသည်။ ထို့အပြင် မတူညီသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် သိသာထင်ရှားသော တုံ့ပြန်မှုမမျှတမှု (Asymmetry) ရှိနေခြင်း ကိုလည်း ထိုအချက်က မီးမောင်းထိုးပြနေပါသည်။
ရှင်ဘတ် (Shin Bet) ၏ မမျှတသော အာရုံစိုက်မှု
၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်မှစ၍ အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီ (Shin Bet) သည် ၎င်း၏ အရင်းအမြစ်အများစုကို ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင်သာ အဓိကအသုံးပြုခဲ့သည်။ ယင်းတွင် အေဂျင်စီ၏ ဘတ်ဂျက်အမြောက်အမြား၊ ထောင်နှင့်ချီသော အေးဂျင့်များ၊ စစ်ဆေးမေးမြန်းသူများ၊ ထောက်လှမ်းရေးသုတေသီများ၊ ဆိုင်ဘာယူနစ်များနှင့် ကျယ်ပြန့်သော သတင်းပေးကွန်ရက်များ ပါဝင်သည်။ ထို့အပြင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)၊ ရဲတပ်ဖွဲ့နှင့် ပြည်ပထောက်လှမ်းရေးအဖွဲ့များအကြား နေ့စဉ်ညှိနှိုင်းဆောင်ရွက်မှုများကလည်း ၎င်း၏ လုပ်ပိုင်ခွင့်အာဏာနှင့် နယ်ပယ်ကို ပိုမိုကျယ်ပြန့်စေခဲ့သည်။
ယင်းသို့ဆောင်ရွက်ရခြင်း၏ အကြောင်းပြချက်မှာ ရှင်းလင်းပါသည်။ ပါလက်စတိုင်းအကြမ်းဖက် အဖွဲ့အစည်းများသည် စနစ်တကျ ဖွဲ့စည်းပုံရှိခြင်း၊ ပြည်ပမှ ရန်ပုံငွေထောက်ပံ့မှုရရှိခြင်း၊ ဝါဒရေးရာ အရ တွန်းအားပေးခြင်းနှင့် လူအစုလိုက်အပြုံလိုက် သေဆုံးစေနိုင်သည့် တိုက်ခိုက်မှုများကို လုပ်ဆောင် နိုင်စွမ်းရှိခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းတို့ကို လုံခြုံရေးအဖွဲ့အစည်းများက "မဟာဗျူဟာမြောက် ခြိမ်းခြောက်မှု" (Strategic Threat) အဖြစ် သတ်မှတ်ထားသည်။ နှိုင်းယှဉ်ချက်အရ ဂျူးအစွန်းရောက် တို့၏ အကြမ်းဖက်မှုကိုမူ "ဂျူးဌာန" (Jewish Department) ဟု လူသိများသည့် ရှင်ဘတ်အတွင်းရှိ သေးငယ်သော ယူနစ်တစ်ခုကသာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ လူအင်အားနှင့် ဘတ်ဂျက်မှာ ပါလက်စတိုင်းလက်နက်ကိုင်များကို အဓိကထားသော ဌာနခွဲများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးလှသည်။
ယင်းသို့ ခွဲခြားကိုင်တွယ်ရခြင်းမှာလည်း မဟာဗျူဟာမြောက် စဉ်းစားချက်များကြောင့်ပင်ဖြစ်သည်။ ဂျူးအစွန်းရောက်အုပ်စုများတွင် တရားဝင်အဖွဲ့အစည်း ဖွဲ့စည်းပုံ၊ ပြည်ပမှ ပံ့ပိုးကူညီမှု သို့မဟုတ် နိုင်ငံတော်ကို စစ်ရေးအရ မတည်မငြိမ်ဖြစ်စေနိုင်သည့် စွမ်းဆောင်ရည်မျိုး မရှိကြပေ။ သို့သော်ဤနေရာတွင်ပင် တင်းမာမှုများ စတင်လာခဲ့သည်။ ဂျူးအစွန်းရောက်တို့၏ ခြိမ်းခြောက်မှုမှာ အတိုင်းအတာအရ သေးငယ်ကောင်း သေးငယ်နိုင်သော်လည်း နိုင်ငံရေးနှင့် လူမှုရေးအရမူ ပိုမိုပေါက်ကွဲလွယ်သော အနေအထားတွင် ရှိနေပါသည်။
ရှင်ဘတ် (Shin Bet) သည် လုံလောက်စွာ ဆောင်ရွက်နေခြင်း ရှိ၊ မရှိ
ဂျူးအစွန်းရောက်မှုကို ကိုင်တွယ်ရန် ဌာနတစ်ခုတည်းသာ ရှိသည်ဟူသောအချက်ကို အာမစ် အာဆာက သဘောတူသော်လည်း ရှင်ဘတ်အနေဖြင့် ထိုကိစ္စရပ်ကို လျစ်လျူရှုထားသည်ဟူသော အယူအဆကိုမူ ၎င်းက ငြင်းဆိုခဲ့သည်။ ၎င်းက “ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးအေဂျင်စီတွေ၊ နိုင်ငံရေးသမားတွေနှင့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်တွေအပါအဝင် မတူညီသည့် အဖွဲ့အစည်းအားလုံးသည် အစွန်းရောက်တက်ကြွလှုပ်ရှားသူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက် နေကြသည်ဆိုသည်ကို ကျွန်တော် အာမခံနိုင်ပါသည်” ဟု ပြောကြားခဲ့သည်။
အာမစ်အာဆာ၏ အဆိုအရ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းသည် အဖွဲ့အစည်းဆိုင်ရာ ပျက်ကွက်မှုကြောင့်ထက် စိတ်ခံစားမှုဆိုင်ရာ တွန်းအားများကြောင့် ပိုမိုဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။ “မျိုးဆက်သစ်လူငယ်တွေဟာ ယေဘုယျအားဖြင့် မြင့်တက်လာနေသည့် အကြမ်းဖက်တိုက်ခိုက်မှုတွေအပေါ်မှာရော အထူးသဖြင့် အောက်တိုဘာ ၇ ရက် ဖြစ်စဉ်အပေါ်မှာပါ လက်စားချေလိုစိတ်တွေ ရှိနေကြသည်” ဟု ၎င်းက ဆိုသည်။ ၎င်း၏အမြင်အရ ယင်းလုပ်ရပ်များသည် မဟာဗျူဟာမြောက် အကြမ်းဖက်မှုမျိုးမဟုတ်ဘဲ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံရေးအရ နောက်ကွယ်မှ ပံ့ပိုးမှုလော သို့မဟုတ် နိုင်ငံရေးဖိအားလော
အာမစ်အာဆာ၏ အကဲဖြတ်ချက်ကို လူတိုင်းက သဘောမတူကြပေ။ ၂၀၂၄ ခုနှစ်တွင် ရှင်ဘတ် (Shin Bet) အရာရှိဟောင်း တစ်ဦးဖြစ်သူ အရစ်ဘာဘင်း (Arik Barbing) က ဆောင်းပါးတစ်စောင်ရေးသားခဲ့ရာ၌ ဂျူးအစွန်းရောက်အုပ်စုများ အရှိန်အဟုန်ဖြင့် ရှင်သန်လာရခြင်းမှာ ၎င်းတို့အနေဖြင့် နိုင်ငံရေးအရွယ် နောက်ကွယ်မှ ပံ့ပိုးမှုများကို ရရှိနေသောကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben Gvir) ထံမှ ဖြစ်ကြောင်း ထောက်ပြ ခဲ့သည်။
ဝန်ကြီး ဘန်ဂါဗီယာ ကိုယ်တိုင်သည်လည်း အနောက်ဘက်ကမ်း (West Bank) ဒေသရှိ အစွန်းရောက် လှုပ်ရှားမှုများကြောင့် အတိတ်ကာလက အကြိမ်ကြိမ် ဖမ်းဆီးစစ်ဆေးခံခဲ့ရဖူးသဖြင့် ရှင်ဘတ်နှင့် ရင်းနှီးပြီး ဖြစ်သည်။ နိုင်ငံရေးသမားတစ်ဦး ဖြစ်လာချိန်တွင်လည်း ပါလက်စတိုင်းများနှင့် ထိပ်တိုက် တွေ့မှုများ၌ ပါဝင်ပတ်သက်နေသည့် အခြေချနေထိုင်သူများကို ၎င်းက ထောက်ခံကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါ ဖြစ်စဉ်များတွင် ဖမ်းဆီးခံရမှုမှာ အလွန်နည်းပါးပြီး တရားစွဲဆို ခံရမှုမှာပို၍ပင် နည်းပါးလှသည့်အပြင် ပြစ်ဒဏ်ချမှတ်ခံရခြင်းမှာမူ မရှိသလောက်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများကို မှတ်တမ်းတင်နေသည့် အစ္စရေး လူမျိုးနှင့် နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများသည် နှောင့်ယှက်ခံရခြင်း၊ ထိန်းသိမ်းခံရခြင်းနှင့် ဥပဒေကြောင်းအရ ဖိအားပေးခံရခြင်းများကို ပိုမိုကြုံတွေ့လာရကြောင်း အစီရင်ခံထားကြသည်။ ယင်းလုပ်ရပ်များသည် ဘန်ဂါဗီယာ ကြီးကြပ်သည့် ဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များ အောက်တွင် ဖြစ်ပွားလေ့ရှိသည်။
သို့သော်လည်း ဂျူးအစွန်းရောက်လှုပ်ရှားမှုများကို ကိုင်တွယ်ရာတွင် ရှင်ဘတ်သည် နိုင်ငံရေးဖိအား အောက်၌ လုပ်ဆောင်နေရသည်ဟူသော စွပ်စွဲချက်များကို အာမစ်အာဆာက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ၎င်းက “မိမိ၏ ကျွမ်းကျင်မှုဆိုင်ရာ အမြင်အရတော့ ရှင်ဘတ်ဟာ လက်ဝဲယိမ်း ဖြစ်စေ၊ လက်ယာယိမ်းဖြစ်စေ ဂျူးအစွန်းရောက် လှုပ်ရှားမှုတွေကို ကိုင်တွယ်သည့်အခါမှာ မည်သည့်ဝန်ကြီးဌာန သို့မဟုတ် နိုင်ငံရေးသမား၏ ထိန်းချုပ်ညွှန်ကြားမှုအောက်မှာမှ ရှိမနေဘူး ဆိုတာ ပါပဲ” ဟု ပြောကြားခဲ့သည်။
အစ္စရေးတို့ နိုင်ငံတကာမျက်နှာစာတွင် ရှုံးနိမ့်နေသည့် တိုက်ပွဲ
အာမစ်အာဆာ၏ အမြင်အရ အစ္စရေး၏ သိသာထင်ရှားသော ကျရှုံးမှုမှာ ထောက်လှမ်းရေး သို့မဟုတ် ဥပဒေစိုးမိုးရေးအပိုင်းတွင်မဟုတ်ဘဲ အများပြည်သူ၏ ရှုမြင်ခံရမှုအပိုင်း၌သာ ဖြစ်သည်။
၎င်းက “အစ္စရေး မည်သည့်အရာများ ရင်ဆိုင်နေရသည်ဆိုသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မှု အလွန်နည်းပါးသည်ဟု ကျွန်တော် ထင်ပါသည် ၊ အဓိက ဆွေးနွေးရမယ့်အချက်ကတော့ ကျွန်တော်တို့သည် အစွန်းရောက်အစ္စလာမ်မစ် အကြမ်းဖက်သမားများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်း ကို ခံနေရသည်ဆိုသည့် အချက်ပါပဲ ၊ ထို့ကြောင့် ကျွန်တော်တို့သည် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ဖို့အတွက်ပဲ အာရုံစိုက်နေရတာပါ” ဟု ဆိုသည်။
အစ္စရေး၏ အကြီးမားဆုံးသော စိန်ခေါ်မှုမှာ လုံခြုံရေးထက် ဖြစ်ရပ်မှန်ကို ဖော်ပြနိုင်မှု (Narrative) ပိုင်း၌သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ သို့သော်လည်း မူခါးမတ်စ် (Mukhamas) ကျေးရွာသည် မီးခိုးတိတ်ခြင်း မရှိသေးဘဲ အကြမ်းဖက်မှု ကိန်းဂဏန်းများမှာလည်း ဆက်လက် မြင့်တက်နေဆဲဖြစ်ရာ အစ္စရေးသည် သတင်းစကားပါးရုံမျှဖြင့် မဖြေရှင်းနိုင်သော အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ပါလက်စတိုင်းတို့၏ အကြမ်းဖက်မှုကို ထိရောက်စွာ နှိမ်နင်းနိုင် ခဲ့သော်လည်း ဂျူးအစွန်းရောက်တို့၏ အကြမ်းဖက်မှုမှာမူ နိုင်ငံရေးအရ နောက်ကွယ်မှ တွန်းအားပေးမှုများဖြင့် မရပ်မနား မြင့်တက်လာနေပြီး ပိုမိုထင်ရှားလာနေသည်။
အစ္စရေးလုံခြုံရေးအဖွဲ့အစည်းများအတွက်မူ အဆိုပါအန္တရာယ်သည် တစ်ဖက်နိုင်ငံ သို့မဟုတ် နယ်ခြားမျဉ်းတစ်ဖက်ခြမ်းတွင်သာ ရှိတော့သည်မဟုတ်ဘဲ မိမိတို့အတွင်းပိုင်း၌ပင် စိုးရိမ်ဖွယ်ရာ အမြစ်တွယ်နေပြီဖြစ်သည်။
RT တွင်ဖော်ပြထားသည့် Elizabeth Blade, RT Middle East correspondent ၏ ‘I call it self-defense’: Jewish terror surges as Palestinian attacks decline ကို ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ဝန်ကြီးဌာန -၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
