မျက်ကွယ်ပြုထားလို့မရတဲ့ အာရှတိုက်ငယ်ထဲက လက်နက်အပြိုင်တပ်ဆင်ပွဲ - ၁

Posted_Date

Image

မျက်ကွယ်ပြုထားလို့မရတဲ့ အာရှတိုက်ငယ်ထဲက လက်နက်အပြိုင်တပ်ဆင်ပွဲ - ၁

Body

ဒီနေ့ခေတ်ရဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးကို ကြည့်ရင် ဥရောပမှာဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲ ဒါမှမဟုတ် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့   ပဋိပက္ခတွေကိုပဲ လူပြောများနေကြတာ သတိထားမိကြမှာပါ။ ဒါပေမဲ့ အာရှတိုက်ငယ်လို့တင်စားရတဲ့ တောင်အာရှဒေသအတွင်းမှာလည်း တိတ်တဆိတ်နဲ့ အရှိန်အဟုန်ပြင်းပြင်း ဖြစ်ပွားနေတဲ့၊ လုံးဝမျက်ကွယ်ပြုထားလို့မရတဲ့ လက်နက်အပြိုင်တပ်ဆင်ပွဲကြီး တစ်ခုရှိနေပါတယ်။ အထူးသဖြင့် ပါကစ္စတန်၊ တရုတ်နဲ့ အိန္ဒိယတို့ကြား စစ်ရေးအင်အား အားပြိုင်မှုဟာ အခု ၂၀၂၆ ခုနှစ်ထဲမှာ သိသိသာသာ အရှိန်မြင့်တက်လာနေပြီဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ပါကစ္စတန်လေတပ် (PAF) ကို ခေတ်မီအောင် အဆင့်မြှင့်တင်ဖို့အတွက် ပါကစ္စတန်ဟာ တရုတ်နိုင်ငံနဲ့ သမိုင်းဝင်စစ်ရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒါကတော့ တရုတ်ရဲ့ ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်တဲ့ Shenyang J-35 (ပြည်ပပို့ကုန်အမျိုးအစား J-35AE) အစင်းရေ ၄၀ အထိ ဝယ်ယူသွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်ကြောင့် ပါကစ္စတန်ဟာ တရုတ်ရဲ့ အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်ကို ကမ္ဘာပေါ်မှာ ပထမဆုံးဝယ်ယူအသုံးပြုခွင့်ရရှိတဲ့ ပြည်ပဖောက်သည်ဖြစ်လာပါတယ်။ အစီအစဉ်အရ ပါကစ္စတန်ဟာ J-35တိုက်လေယာဉ်ရဲ့ ပထမဆုံးအသုတ်ကို အခုနှစ်နှောင်းပိုင်းမှာ စတင်လက်ခံရရှိမှာဖြစ်ပြီး ပါကစ္စတန်လေတပ်ကို တောင်အာရှဒေသတွင်းမှာ ပဉ္စမမျိုးဆက်တိုက်ခိုက်ရေး လေယာဉ်ကို အဦးဆုံးပိုင်ဆိုင်မောင်းနှင်မယ့် လေတပ်ဖြစ်လာစေမှာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ပါကစ္စတန်ဟာ တရုတ်နိုင်ငံက တည်ဆောက်ပေးတဲ့ Hangor-class ရေငုပ်သင်္ဘောရှစ်စင်းအနက် ပထမဆုံးတစ်စင်းကို ရေချပြနိုင်ခဲ့ပါတယ်။ ဒါဟာ ပေကျင်းနဲ့ အစ္စလာမ်မာဘတ်တို့ကြားရေအောက်စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး ပါကစ္စတန်ရေတပ်ရဲ့ ရေအောက်စစ်ရေယာဉ်စုကို သိသိသာသာ တိုးချဲ့လိုက်တာပဲ ဖြစ်ပါတယ်။ Hangor-class ရေငုပ်သင်္ဘောတွေဟာ နည်းပညာမြင့်မားပြီး လျှပ်စစ်-ဒီဇယ်စွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများဖြစ်ပါတယ်။ သူတို့မှာလေရှူစရာမလိုဘဲ ရေအောက်မှာ အချိန်ကြာမြင့်

စွာငုပ်လျှိုးနိုင်တဲ့စနစ် (Air-Independent Propulsion - AIP) ပါဝင်တဲ့အပြင် ခေတ်မီအာရုံခံကိရိယာတွေနဲ့ အဝေးထိန်းအချက်ပြစနစ်တွေ၊ အကြီးစားတိုပီဒိုလိုမျိုး ဖျက်အားပြင်းလက်နက်တွေ တပ်ဆင်ထားတာကြောင့် ရေအောက်စစ်ဆင်ရေးမှာ ကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်လာပါတယ်။

တရုတ်-ပါကစ္စတန် မဟာဗျူဟာမြောက် မဟာမိတ်ပြုခြင်း

ပါကစ္စတန်နဲ့တရုတ်တို့ရဲ့ဆက်ဆံရေးက သာမန်ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ သူတို့ကဘယ်လိုပုံစံ၊ ဘယ်လိုအခြေအနေမျိုးမှာမဆို အတူတူရပ်တည်ကြမယ့် "All-weather strategic cooperative partnership"အဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်ထားကြတာပါ။ လက်ရှိတရုတ်နိုင်ငံက ပါကစ္စတန်ရဲ့ အဓိကစစ်လက်နက်ပစ္စည်း   ထောက်ပံ့ပေးသွင်းသူ ဖြစ်ပါတယ်။

ကမ္ဘာ့လက်နက်အရောင်းအဝယ်ကို စောင့်ကြည့်လေ့လာတဲ့ စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံက ပြည်ပမှဝယ်ယူတဲ့ စစ်လက်နက်ပစ္စည်း စုစုပေါင်းရဲ့၈၁ ရာခိုင်နှုန်းခန့်ဟာ တရုတ်နိုင်ငံကနေ လာတာဖြစ်တယ်လို့သိရပါတယ်။ အဲဒီထဲမှာ အဆင့်မြင့်တိုက်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ စစ်သုံးဒရုန်းတွေ ပါဝင်ပါတယ်။

ဒီလိုမဟာမိတ်ဖွဲ့မှုကို "Threshold Alliance"လို့တောင် တင်စားခေါ်ဝေါ်ကြပြီး ဒါဟာ သာမန်လက်နက် အရောင်းအဝယ်ထက်ပိုပါတယ်။ သူတို့ကြားမှာ ကျယ်ပြန့်တဲ့နည်းပညာ လွှဲပြောင်းပေးမှုတွေ၊ ပူးတွဲထုတ်လုပ်မှုတွေအထိပါဝင်ပါတယ်။ ဥပမာအားဖြင့် ပါကစ္စတန်လေကြောင်းဆိုင်ရာအဖွဲ့ (PAC) နဲ့ တရုတ်နိုင်ငံရဲ့ Chengdu Aircraft Corporation တို့ ပူးပေါင်းပြီး စတုတ္ထမျိုးဆက် အပေါ့စားဘက်စုံသုံးတိုက်လေယာဉ် JF-17ကို အတူပူးတွဲထုတ်လုပ် ခဲ့ကြတာမျိုးဖြစ်ပါတယ်။ ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် သူတို့နှစ်နိုင်ငံ တပ်မတော်တွေဟာ နည်းပညာပိုင်းနဲ့ စစ်ဆင်ရေးပိုင်းမှာ အပြန်အလှန် အဆင်ပြေပြေ ပေါင်းစပ်လုပ်ကိုင်နိုင်စွမ်းကိုလည်း တော်တော်လေးမြှင့်တင်ထားကြပါတယ်။

အခု ၂၀၂၆ ခုနှစ် အစောပိုင်းစာရင်းတွေအရကြည့်မယ်ဆိုရင် ပါကစ္စတန်ဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လက်နက်အများဆုံးတင်သွင်းတဲ့နိုင်ငံဖြစ်လာနေပြီး တရုတ်နိုင်ငံရဲ့ပြည်ပပို့စစ်လက်နက်ပစ္စည်း စုစုပေါင်း၆၀ ရာခိုင်နှုန်းဟာ ပါကစ္စတန်နိုင်ငံဆီကိုပဲ တိုက်ရိုက်ဦးတည်ရောက်ရှိနေတာဖြစ်ပါတယ်။ အဓိကဝယ်ယူမှုတွေထဲမှာ J-10CE တိုက်လေယာဉ်တွေ၊ JF-17 ဂျက်လေယာဉ်တွေနဲ့ အထက်မှာပြောခဲ့တဲ့ Hangor-class ရေငုပ်သင်္ဘောရှစ်စင်းပါဝင်ပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးဟာ လက်နက်ရောင်းသူဝယ်သူအဆင့်ထက်ကိုကျော်လွန်ပြီး JF-17 တွေနဲ့ မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို အတူတကွ ပူးတွဲထုတ်လုပ်တဲ့အဆင့်အထိ ရောက်ရှိနေတာပါ။

ဒါတင်မကသေးပါဘူး။ တရုတ်နိုင်ငံနဲ့ ပါကစ္စတန် နိုင်ငံတို့မှ တပ်မတော်နှစ်ရပ်ဟာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေအလိုက် ပုံမှန်အဆင့်မြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုအမြဲတမ်းလုပ်ဆောင်နေပြီး စစ်ဆင်ရေးတွေမှာ တစ်တပ်နဲ့တစ်တပ် ဘယ်လိုမျိုးပူးပေါင်း လုပ်ဆောင်မလဲဆိုတာကိုပဲ အဓိကဇောက်ချလေ့ကျင့်နေကြပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ရခြင်းရဲ့ နောက်ကွယ်ရှိ အဓိကမဟာဗျူဟာမြောက် ရည်မှန်းချက်ကတော့ ဒေသတွင်းစစ်ရေး အင်အားချိန်ခွင်လျှာကို ထိန်းညှိထားဖို့ပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အာရေဘီယံပင်လယ်အတွင်း ပါကစ္စတန်ရေတပ်အင်အားတိုးချဲ့မှုကို တက်တက်ကြွကြွနဲ့ ကူညီပေးနေပြီး ရေကြောင်းကင်းလှည့် စောင့်ကြည့်မှုနဲ့ စစ်ဆင်ရေး စွမ်းရည်တွေကိုပါမြှင့်တင်ပေးနေပါတယ်။ ပြီးခဲ့တဲ့ အိန္ဒိယနဲ့ပါကစ္စတန် စစ်ရေးတင်းမာမှုဖြစ်ပွားစဉ်ကလည်း ပါကစ္စတန်ဟာ တရုတ်ဆီကရထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ထိရောက်စွာ အသုံးချခဲ့ပြီး ဒါဟာ အဆိုပါစနစ်တွေရဲ့ စစ်မြေပြင်အသုံးတည့်မှုကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီပဋိပက္ခအတွင်းမှာ တရုတ်နိုင်ငံက ပါကစ္စတန်ကို ထောက်လှမ်းရေးဆိုင်ရာ သတင်းတွေ၊ ဂြိုဟ်တုဆက်သွယ်ရေး အကူအညီအပြင် လျှို့ဝှက်ရေဒါကွန်ရက်အထိ ပံ့ပိုးပေးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လေကြောင်းအင်ဂျင်နီယာတွေနဲ့ နိုင်ငံတော်အဆင့် ကျွမ်းကျင်ပညာရှင်တွေဟာ ပါကစ္စတန်စစ်မြေပြင်အထိ ကိုယ်တိုင်လာရောက်ကာ ပါကစ္စတန်အနေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အကောင်းဆုံးအသုံးချနိုင်အောင် ကွင်းဆင်းကူညီပေးခဲ့ကြပါတယ်။

မကြာသေးခင်က ပါကစ္စတန်ရေတပ်အတွက် တရုတ်နိုင်ငံက တည်ဆောက်ပေးတဲ့ အဆင့်မြင့်ရေငုပ်သင်္ဘောတွေကို တပ်တော်သွင်းပြီးနောက် ကျန်ရှိနေတဲ့ရေငုပ်သင်္ဘောတွေကိုတော့ နည်းပညာလွှဲပြောင်းရယူပြီး ပါကစ္စတန်ပြည်တွင်းမှာပဲ ကိုယ်တိုင်ဆက်လက် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နဲ့ပါကစ္စတန်ရဲ့ဆက်ဆံရေးကို အခုအခါမှာ လက်ချင်းချိတ်ညီအစ်ကိုများ လို့ တင်စားခေါ်ဝေါ်လာကြပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ရဲ့ လုံခြုံရေးအပါအဝင် သူတို့ရဲ့ဘုံအကျိုးစီးပွားတွေကို ကာကွယ်ဖို့ အဓိကရည်ရွယ်ထားကြပါတယ်။ တရုတ်နိုင်ငံရဲ့ အလုံးအရင်းနဲ့ ပံ့ပိုးကူညီပေးမှုတွေကြောင့် ပါကစ္စတန်ဟာ အချို့သော စစ်ရေးကဏ္ဍတွေမှာ အိန္ဒိယထက် သိသိသာသာ ရှေ့ပြေးစပြုလာပြီဖြစ်လို့ ဒါဟာ တောင်အာရှဒေသတွင်းမှာ ပြင်းထန်တဲ့ စစ်လက်နက်အပြိုင်တပ်ဆင်ပွဲကြီးတစ်ခုဖြစ်လာစေဖို့ ဝန်းကျင်ကောင်းကို ဖန်တီးပေးလိုက်သလိုဖြစ်နေပါတယ်။

သာမန်ရေငုပ်သင်္ဘောများနှင့် အဆင့်မြင့်ဂျက်တိုက်လေယာဉ်များ

ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံဆီကနေရရှိခဲ့တဲ့ ရေတပ်ဆိုင်ရာ အကြီးမားဆုံး လက်နက်ဝယ်ယူမှုကဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိတဲ့ Hangor-class (AIP စနစ်သုံး) ရိုးရိုးရေငုပ်သင်္ဘောရှစ်စင်း ဝယ်ယူရေးစာချုပ်ပဲဖြစ်ပါတယ်။ ဒီစာချုပ်အရ ပထမဆုံး ရေငုပ်သင်္ဘောလေးစင်းကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ China Shipbuilding Industry Corporation ကတည်ဆောက်မှာဖြစ်ပြီး ကျန်ရှိတဲ့လေးစင်းကိုတော့ နည်းပညာလွှဲပြောင်းရယူကာ ကရာချိသင်္ဘောကျင်းမှာပဲ ပါကစ္စတန်နိုင်ငံသားတွေကိုယ်တိုင် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ပါကစ္စတန်ရဲ့ ရေကြောင်းတိုက်ခိုက်ရေးစွမ်းရည်ကို   အဆမတန် မြင့်တက်သွားစေမှာသေချာပါတယ်။

ဒီအရောင်းအဝယ်ဟာ တရုတ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး စစ်လက်နက်ပစ္စည်း ပြည်ပပို့ကုန်စာချုပ်လည်းဖြစ်ပါတယ်။ အဲဒီရေငုပ်သင်္ဘောတွေကို တရုတ်ရဲ့ Type 039B သို့မဟုတ် Yuanclass ရေငုပ်သင်္ဘောပုံစံကို အခြေခံပြီး မွမ်းမံတည်ဆောက်ထားတာပါ။ သင်္ဘောတစ်စင်းစီမှာ စစ်သည် ၃၈ ဦးအထိ တင်ဆောင်နိုင်ပြီး အဆင့်မြင့်တဲ့တိုပီဒိုတွေ၊ သင်္ဘောဖျက်ဒုံးကျည်တွေနဲ့ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ Babur-3 အနိမ့်ပျံဒုံးကျည်တွေကိုပါ သယ်ဆောင်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

ဒီစာချုပ်ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒါဟာ ပါကစ္စတန်ရဲ့ ရေပြင်အခြေပြု စစ်ရေးဗျူဟာရဲ့ အုတ်မြစ်ဖြစ်လာပါတယ်။ ဒါ့အပြင်တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရေတပ်နဲ့ ပါကစ္စတန်ရေတပ်တို့အကြား ပိုမိုချိတ်ဆက်မိစေပြီး တရုတ်နိုင်ငံအတွက် အာရေဘီယံပင်လယ်တစ်လျှောက်မှာ မဟာဗျူဟာမြောက် ခြေကုပ်စခန်းတစ်ခုကို သေချာပေါက်ရရှိစေခဲ့ပါတယ်။ တရုတ် မီဒီယာအချို့က ဆိုရင်တော့ အဲဒီတရုတ်-ပါကစ္စတန် ရေငုပ်သင်္ဘောစာချုပ်ဟာ အိန္ဒိယသမုဒ္ဒရာ တစ်ခုလုံးကို လှုပ်ခါသွားစေလိမ့်မယ်လို့တောင် ရေးသားဖော်ပြခဲ့ကြပါတယ်။

MWD