ကမ္ဘာ့နိုင်ငံရေးနဲ့စစ်ရေးပြိုင်ဆိုင်မှုသင်္ကေတအဖြစ်ဆက်ရှိနေမယ့် လေယာဉ်တင်သင်္ဘောကြီးများ

Posted_Date

Image

 ကမ္ဘာ့နိုင်ငံရေးနဲ့စစ်ရေးပြိုင်ဆိုင်မှုသင်္ကေတအဖြစ်ဆက်ရှိနေမယ့် လေယာဉ်တင်သင်္ဘောကြီးများ

Body

ပင်လယ်ပြင်ကျယ်ကြီးထဲမှာ မြို့ငယ်တစ်မြို့မျှ အရွယ်အစားရှိတဲ့ သင်္ဘောကြီးတစ်စင်းရွေ့လျားနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီသင်္ဘောပေါ်မှာ လူထောင်ပေါင်းများစွာနေထိုင်နေတယ်။ တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာ တင်ဆောင်ထားတယ်။ ကိုယ်ပိုင်လေဆိပ်တစ်ခုလို လေယာဉ်တွေ အတက်အဆင်းလုပ်နိုင်တယ်။ လိုအပ်လာရင် မိုင်ထောင်ချီဝေးတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကမ်းရိုးတန်းနားကိုသွားပြီး စစ်ရေးဖိအားပေးနိုင်တယ်။ ဒါဟာ လေယာဉ်တင် သင်္ဘောတစ်စင်းရဲ့ပုံရိပ်ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အထိ လေယာဉ်တင်သင်္ဘောတွေကို ပင်လယ်ပြင်ဘုရင်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကနေစပြီး စစ်အေးတိုက်ပွဲကာလအထိ ကမ္ဘာ့နိုင်ငံများစွာရဲ့ ရေတပ်အင်အားကိုတိုင်းတာတဲ့ အဓိကစံနှုန်းဟာ လေယာဉ်တင်သင်္ဘော ဘယ်နှစင်းရှိသလဲဆိုတာဖြစ်ပါတယ်။ ဒါပေမဲ့  ၂၁ ရာစုရောက်လာချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲလာပါပြီ။ မောင်းသူမဲ့ဒရုန်းတွေပေါ်လာတယ်။ အသံထက် အဆပေါင်းများစွာမြန်တဲ့ အသံနှုန်းလွန်ဒုံးကျည်တွေ ပေါ်လာတယ်။ 

ရေပြင်အောက်မှာ လနဲ့ချီငုပ်လျှိုးပြီး သွားလာနိုင်စွမ်းရှိတဲ့ နျူကလီးယားစွမ်းအင်အသုံးပြု ရေငုပ်သင်္ဘောတွေပေါ်လာတယ်။ ဉာဏ်ရည်တု (AI) နဲ့ချိတ်ဆက်ထားတဲ့ လက်နက်စနစ်တွေပေါ်ထွန်းလာပါတယ်။ ဒီလို နည်းပညာအသစ်တွေ ပေါ်လာတဲ့အခါတိုင်း စစ်ရေးလေ့လာသူတချို့က လေယာဉ်တင်သင်္ဘောခေတ်ကုန်သွားပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ် ဖြစ်လာတာကတော့ ထင်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။ တရုတ်က လေယာဉ်တင်သင်္ဘောအသစ်ဆောက်နေတယ်။ အမေရိကန်က ပိုအဆင့်မြင့်တဲ့ သင်္ဘောတွေ ထုတ်လုပ်နေတယ်။ ပြင်သစ်က သင်္ဘောအသစ်စီစဉ်နေတယ်။ အိန္ဒိယက တတိယမြောက် သင်္ဘောအတွက် ဆွေးနွေးနေတယ်။ ဂျပန်က သင်္ဘောတွေကိုမွမ်းမံနေတယ်။ တူကီယဲနဲ့အင်ဒိုနီးရှားတို့ကတောင် လေယာဉ်တင်သင်္ဘော အိပ်မက်ကို စတင်မက်လာကြပါပြီ။ မေးစရာက ရှင်းပါတယ်။ နည်းပညာမြင့်မားလှတဲ့ဒရုန်းခေတ်ထဲမှာ လေယာဉ်တင်သင်္ဘောတွေ ဘာကြောင့်မဆိတ်သုဉ်းသေးတာလဲဆိုတာပါပဲ။

ဒီမေးခွန်းကိုဖြေရရင် စစ်ရေးရှုထောင့်တစ်ခုတည်းကနေကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ လေယာဉ်တင်သင်္ဘောဆိုတာ လက်နက်တစ်ခုဖြစ်နေရုံသာမက နိုင်ငံရေးသင်္ကေတလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့ရေးရာအကျပ်အတည်းတစ်ခုခု ဖြစ်လာချိန်တိုင်းမှာ သမ္မတက မိန့်ခွန်းပြောစရာမလိုပါဘူး။ စစ်ကြေညာစရာမလိုပါဘူး။ လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုကို အဲဒီဒေသဆီ စေလွှတ်လိုက်တာနဲ့ သတင်းစကားတစ်ခု ပို့ပြီးသားဖြစ်သွားပါတယ်။ 

“ဒီဒေသကို အမေရိကန်ရောက်လာပြီ” ဆိုတဲ့သတင်းစကားရဲ့ အဓိပ္ပာယ်က ကြီးမားလှပါတယ်။ မဟာမိတ်နိုင်ငံတွေက စိတ်ချသွားတယ်။ ပြိုင်ဘက်နိုင်ငံတွေက သတိထားလာတယ်။ စတော့ဈေးကွက်တွေတောင်တုံ့ပြန်လာပါတယ်။ တစ်နည်းအားဖြင့် လေယာဉ်တင်သင်္ဘောဟာ ကျည်ဆန်တစ်တောင့်မှပစ်ခတ်စရာမလိုဘဲ နိုင်ငံရေးအကျိုးသက်ရောက်မှု ဖန်တီးနိုင်တဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လေယာဉ်တင်သင်္ဘောစီမံကိန်းကို ကြည့်လိုက်ရင် ဒီအချက်ကိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တုန်းက တရုတ်ရေတပ်ဟာ   ကမ်းရိုးတန်းကာကွယ်ရေးရေတပ် အဆင့်ပဲရှိတာပါ။  တရုတ်တပ်မတော်ရဲ့   အဓိကစဉ်းစားချက်က ကိုယ့်နိုင်ငံနားမှာရှိတဲ့ ပင်လယ်ပြင်ကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။

ဒါပေမဲ့ ၂၁ ရာစုထဲဝင်လာချိန်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးက  ကမ္ဘာအနှံ့ကိုဖြန့်ကြက်လာပါတယ်။

အာဖရိကဒေသမှာ ရင်းနှီးမြှုပ်နှံမှုတွေရှိလာတယ်။ အရှေ့အလယ်ပိုင်းမှ ရေနံတွေကို မှီခိုလာရတယ်။ ဥရောပနဲ့ ကုန်သွယ်မှုတွေတိုးလာတယ်။ အဲဒီအခါ မေးခွန်းအသစ်တစ်ခု ပေါ်လာပါတယ်။ “တရုတ်ရဲ့ အကျိုးစီးပွားတွေကို ဘယ်သူကာကွယ်ပေးမှာလဲ” ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်းအတွက် အဖြေတစ်ခုက လေယာဉ်တင်သင်္ဘော ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံခေါင်းဆောင်တွေ နားလည်ထားတာက စီးပွားရေးမှာ မဟာအင်အားကြီးဖြစ်ချင်ရင် ပင်လယ်ပြင်မှာလည်း ကြီးမားတဲ့အင်အားရှိဖို့လိုတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဒါကြောင့် Liaoning ကနေစပြီး Fujian အထိတိုးတက်လာတာဖြစ်ပါတယ်။ လက်ရှိတည်ဆောက်နေတဲ့ Type 004 ကတော့ တရုတ်ရေတပ်ရဲ့ ရည်မှန်းချက် ဘယ်လောက်ကြီးသလဲဆိုတာပြသနေတဲ့ စီမံကိန်းဖြစ်နေပါတယ်။ Type 004 ဟာ နျူကလီးယားစွမ်းအင်သုံးစနစ်နဲ့ လျှပ်စစ်သံလိုက်သုံး လေယာဉ်ပစ်လွှတ်ရေးစနစ်တွေ တပ်ဆင်ထားဖွယ်ရှိပါတယ်။ အဲဒီစနစ်တွေကြောင့် လေယာဉ်တွေကို ပိုမိုမြန်ဆန်စွာ လွှတ်တင်နိုင်မှာဖြစ်ပြီး အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘောတွေနဲ့ နီးစပ်တဲ့စွမ်းရည်ကို ရရှိလာနိုင်ပါတယ်။

ဒီကနေ့ခေတ် စစ်ရေးလေ့လာသူတွေ အများဆုံး ဆွေးနွေးနေတဲ့ အကြောင်းအရာကတော့ ဒရုန်းတွေဟာ လေယာဉ်တင်သင်္ဘောတွေရဲ့ အဆုံးသတ်ကို ယူဆောင်လာနိုင်မလားဆိုတာ ဖြစ်ပါတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကိုပြန်ကြည့်ရင် အဖြေကရှင်းပါတယ်။ အီရန်နဲ့ အမေရိကန်ကြား တင်းမာမှုမြင့်တက်ခဲ့တဲ့ကာလအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောတွေဟာ အီရန်ကမ်းရိုးတန်းနဲ့ ပိုမိုဝေးကွာတဲ့နေရာကနေပြီး လှုပ်ရှားခဲ့ရပါတယ်။

အကြောင်းရင်းကတော့ ခေတ်မီဒုံးကျည်တွေဟာ လေယာဉ်တင်သင်္ဘောလိုမျိုး ပစ်မှတ်ကြီးတွေကို အန္တရာယ်ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲမှာလည်း ဒရုန်းတွေရဲ့စွမ်းဆောင်ရည်က ရုရှားရဲ့ရေတပ်ကို  အကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောတွေဟာ အရင်လိုမထိမခိုက်နိုင်တဲ့ စစ်လက်နက်မျိုးမဟုတ်တော့ဘူးဆိုတာ ထင်ရှားလာပါတယ်။

သို့သော် လေယာဉ်တင်သင်္ဘောတွေမှာ တခြားစစ်လက်နက်တွေမပေးနိုင်တဲ့ အားသာချက်တစ်ခု ရှိနေဆဲဖြစ်ပါတယ်။ အဲဒါကတော့ ကမ္ဘာ့မည်သည့်ပင်လယ်ပြင်ကိုမဆိုရွေ့လျားနိုင်တဲ့ လေတပ်စခန်းတစ်ခုအဖြစ် အသုံးပြုနိုင်ခြင်းပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ အကျိုးစီးပွားတွေကို ဝေးလံတဲ့ဒေသတွေမှာ ကာကွယ်ချင်တယ်ဆိုရင် လေယာဉ်တင်သင်္ဘောက အလွန်အရေးကြီးတဲ့ ကိရိယာတစ်ခုဖြစ်နေဆဲပါပဲ။ အထူးသဖြင့် ရေနံတင်သင်္ဘောလမ်းကြောင်းတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ ပင်လယ်ရေကြောင်း ဖြတ်သန်းမှုတွေကို ထိန်းချုပ်ဖို့လိုအပ်တဲ့ အချိန်မှာပိုပြီး အသုံးဝင်လာပါတယ်။

ဒီအချက်ကို စစ်ရေးဆိုင်ရာစီးပွားရေးရှုထောင့်ကကြည့်ရင် ပိုပြီးစိတ်ဝင်စားစရာကောင်းနေပါတယ်။ လေယာဉ်တင်သင်္ဘောတစ်စင်း  တည်ဆောက်ဖို့ဆိုရင် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်ပါတယ်။   ဒါပေမဲ့  အဲဒီလိုသင်္ဘောမျိုးကို ခြိမ်းခြောက်နိုင်တဲ့   ဒုံးကျည်တစ်စင်းရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာသန်းဂဏန်းလောက်ပဲ ရှိနေပါတယ်။ ဒါကြောင့် သူတို့တွေကြား ဖြစ်တဲ့ စစ်ပွဲကို ဒေါ်လာသန်းချီ၊ ဘီလီယံချီတိုက်ပွဲလို့ တချို့တွေက ခေါ်ကြပါတယ်။ သို့သော် လေယာဉ်တင်သင်္ဘောကို ထောက်ခံသူတွေကလည်း  ပြန်ပြီးအငြင်းပွားကြပါတယ်။

သူတို့ရဲ့အဆိုအရ စစ်ရေးသမိုင်းတစ်လျှောက် နည်းပညာအသစ်ပေါ်လာတဲ့အချိန်မှာ ရှိပြီးသား လက်နက်စနစ်တွေ ဆိတ်သုဉ်းသွားမယ်လို့ ခန့်မှန်းခဲ့ဖူးကြောင်းဆိုပါတယ်။ ရေငုပ်သင်္ဘောတွေ ပေါ်လာတုန်းက စစ်သင်္ဘောခေတ်ဆိတ်သုဉ်းပြီလို့ ပြောခဲ့ကြပါတယ်။ တိုက်လေယာဉ်တွေပေါ်လာချိန်တုန်းက တင့်ကားတွေဆိတ်သုဉ်းပြီလို့ ပြောခဲ့ကြပြန်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ လက်နက်စနစ်တွေကဆိတ်သုဉ်းပျောက်ကွယ်သွားခြင်းမရှိဘဲ ပုံစံပြောင်းသွားတာသာပိုများပါတယ်။

ဒီအခြေအနေတွေကိုပြန်ကြည့်ရင်  အနာဂတ် လေယာဉ်တင်သင်္ဘောတွေဟာ ဒီနေ့မြင်နေရတဲ့ သင်္ဘောတွေနဲ့ မတူနိုင်တော့ပါဘူး။ သူတို့ဟာ တိုက်လေယာဉ်တင်သင်္ဘောတွေထက်ပိုတဲ့    ရွေ့လျားစစ်အခြေစိုက်စခန်းတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီမှာAI နဲ့ ထိန်းချုပ်ထားတဲ့ ဒရုန်းအုပ်စုတွေကို ဦးဆောင်မယ်။ မောင်းသူမဲ့တိုက်လေယာဉ်တွေကို စီမံခန့်ခွဲမယ်။ အာကာသဂြိုဟ်တု ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားမယ်။ တစ်နည်းအားဖြင့် လေယာဉ်တင်သင်္ဘောတွေဟာ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ နည်းပညာအသစ်တွေနဲ့ပေါင်းစပ်ပြီး မျိုးဆက်သစ်ပုံစံဆီကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေကိုကြည့်ရင် လေယာဉ်တင်သင်္ဘောဆိုတာ စစ်ရေးနည်းပညာတစ်ခုသာ မဟုတ်တော့ဘဲ နိုင်ငံတစ်နိုင်ငံရဲ့အင်အား၊ ဩဇာလွှမ်းမိုးနိုင်မှုနဲ့ ကမ္ဘာ့ဇာတ်ခုံမှာ မိမိရဲ့အခန်းကဏ္ဍကိုပြသတဲ့ သင်္ကေတတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာကျတော့ စစ်ရေးကျွမ်းကျင်သူတချို့က အနာဂတ်မှာရေတပ်စစ်ဆင်ရေးတွေရဲ့ အဓိကအင်အားဟာ လေယာဉ်တင်သင်္ဘောမဟုတ်ဘဲ ရေငုပ်သင်္ဘောတွေနဲ့ ဒရုန်းတွေ ဖြစ်လာမယ်လို့ သုံးသပ်နေကြပါတယ်။ အထူးသဖြင့် နျူကလီးယားရေငုပ်သင်္ဘောတွေဟာ ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲပြီး တိုက်ခိုက်နိုင်စွမ်းမြင့်မားတာကြောင့် ပိုမိုအရေးပါလာမယ်လို့ ယူဆကြပါတယ်။

သို့သော် ယနေ့အချိန်အထိတော့ လေယာဉ်တင်သင်္ဘောတွေဟာ ကမ္ဘာ့စစ်ရေးပြိုင်ဆိုင်မှုဗဟိုချက်မှာရှိနေဆဲဖြစ်ပါတယ်။ ဒရုန်းတွေက တိုးတက်လာလို့၊ ဒုံးကျည်တွေပိုမိုတိကျလာလို့ လေယာဉ်တင်သင်္ဘောတွေပျောက်ကွယ်သွားမယ်လို့ ခန့်မှန်းဖို့ စောလွန်းနေပါတယ်။ တကယ်တော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက လေယာဉ်တင်သင်္ဘောတွေကို ဆက်ပြီး တည်ဆောက်နေကြတာဟာ အဲဒီသင်္ဘောတွေဟာ စစ်ရေးစွမ်းရည်အတွက် သာမက နိုင်ငံတစ်နိုင်ငံရဲ့ဂုဏ်သိက္ခာ၊ ဩဇာအာဏာနဲ့ ကမ္ဘာ့အဆင့်မဟာဗျူဟာအင်အားကို ကိုယ်စားပြုနေတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ၂၁ရာစုရဲ့ ရေတပ်စစ်ဆင်ရေးတွေမှာ ဒရုန်းတွေနဲ့ ရေငုပ်သင်္ဘောတွေပိုမိုအရေးပါလာနိုင်ပေမယ့် လေယာဉ်တင်သင်္ဘောတွေကတော့ ကမ္ဘာ့နိုင်ငံရေးနဲ့ စစ်ရေးပြိုင်ဆိုင်မှုရဲ့ အထင်ကရသင်္ကေတအဖြစ် ဆက်လက်တည်ရှိနေဦးမယ် ဆိုတာအသေအချာပါပဲ။      ။

Ref: SMCP

MWD