လက်တွေ့အသုံးချဆေးနည်းတို (ဆေးမြီးတို) များ
Posted_Date
Image
Body
ဆရာကြီးခင်ဗျာ။ ကျွန်တော့်အသက် ၆ဝ ကျော် ပါပြီ။ တစ်ခါတစ်ရံမောပြီး အသက်ရှူမဝဖြစ်တတ် ပါတယ်။ နေ့စဉ် နံနက်စောစောကျန်းမာရေးအတွက် လမ်းလျှောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နေတဲ့ တိုက်ခန်းက သုံးထပ်အထိ တက်ရတာကြောင့်
လှေကားထစ်များများတက်ရင် မောပြီး ရင်ဘတ် အနည်းငယ်အောင့်ပါတယ်။ တချို့က နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်ရင် မောပြီး ရင်ဘတ်အောင့်တယ် ပြောလို့ ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိရင် သိလိုပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်ဖို့ ချင်းစိမ်း ထောင်းအရည် ဟင်းစားဇွန်းတစ်ဇွန်း၊ ပျားရည် ဟင်းစားဇွန်းတစ်ဇွန်းစပ်ပြီး ထမင်းစားပြီးတိုင်းသောက်ပါ။
နနွင်းမှုန့်စစ်စစ်ကို ပျားရည်နဲ့နယ် ရွေးစေ့ခန့်လုံးပြီး နေလှန်းထားပါ။ နံနက်၊ ညသုံးလုံးစီ စားပေးပါ။ နေ့စဉ်ထမင်းစားတဲ့အခါတိုင်း ကြက်သွန်ဖြူဥသေးအခွံနွှာထားပြီး သုံးမြွှာကနေ ငါးမြွှာအထိစားပေးပါ။ ကြက်
သွန်ဖြူကို ဥကြီးအခွံနွှာ ပျားရည်စစ်စစ်နဲ့စိမ်ထားပြီး ညအိပ်ရာဝင်ခါနီး နှစ်မြွှာစားပေးပါ။ သံပရာသီး၊ သံပယိုသီးကိုရေဆေး ထက်ခြမ်းခြမ်း အခွံပါ ရေနွေးမတ်ခွက်ထဲမှာစိမ်ထားပြီး သောက်ပေးပါ။ ဆင်တုံးမနွယ်အမှုန့်၊ မြင်းခွာရွက်ခြောက်အမှုန့်၊ ကြက်သွန်ဖြူခြောက်သုံးမျိုးကို ဆတူစပ်ပြီး ပျားရည်နဲ့စိမ်ထားပါ။ ညအိပ်ရာဝင်တိုင်း ဟင်းစားဇွန်းတစ်ဇွန်းစားပေးပါ။
ဆီးဖြူသီးခြောက်အမှုန့်ထောင်း နှစ်ဆ၊ ငရုတ်ကောင်းမှုန့်တစ်ဆရောပြီး ပျားရည်နဲ့ ဖန်ပုလင်းမှာစိမ်ပြီး နေ့စဉ် နေရောင်ခြည်ပြပေးပါ။ ဟင်းစားဇွန်းတစ်ဇွန်း ထမင်းစားပြီးချိန်စားသုံးပါ။
ဆရာကြီးခင်ဗျာ။ ကျွန်တော်က ကုန်စိမ်းဈေးမှာ နံနက်စောစောထပြီး ဈေးသွားရောင်းရပါတယ်။ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုတာတွေ မကြာခဏဖြစ်ပါတယ်။ ပြီးတော့ နှာခေါင်းတစ်ဖက်ကပိတ်ပြီး ပန်းနံ့၊ အမွှေးနံ့တွေမရဘူး ဖြစ်နေပါတယ်။ တစ်ခါတစ်ရံ ရေချိုးပြီး နှာရည်ယိုတဲ့အခါ နှပ်ပုပ်ရည်လိုအရည်မျိုးကျလာပါတယ်။ သူများတွေက ထိပ်ကပ်နာဖြစ်နေတယ်လို့ ပြောပါတယ်။ ထိပ်ကပ်နာဆိုတာ ဘယ်လိုအနာမျိုးပါလဲ။ သက်သာပျောက်ကင်းအောင် ဆေးနည်းရှိရင် ညွှန်ပြပေးပါဦးခင်ဗျာ။
ထိပ်ကပ်နာဆိုတာ အအေးမိ၊ နှာစေးတာကို သေချာ မကုသခဲ့ရင် ကြာတော့ နှာခေါင်းပိတ်ပြီး အသက်ရှူ မဝတဲ့ရောဂါ၊ နှပ်ပုပ်ရည်ကျတဲ့ရောဂါ၊ နှာခေါင်း တွင်းက အနံ့ဆိုးထွက်ပြီး နှာခေါင်းအတွင်း အာရုံခံ အကြောတွေ ပျက်စီးသွားတဲ့အခါ အနံ့ကောင်းစွာ မရတော့ဘဲ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါမျိုးဖြစ်တတ်ပါတယ်။ ထိပ်ကပ်နာရောဂါဖြစ်လာပြီဆိုရင် အောက်ပါဆေးနည်းတိုတွေကို အသုံးပြုပါ။
- ပရုတ်၊ လေးညှင်းပွင့်၊ ဇာတိပ္ဖိုလ်ပွင့်၊ ငရုတ်ကောင်းစေ့၊ ငရုတ်ကောင်းဆီ(ပါပါမင့်)၊ ဖုံးမသိန်ခဲ၊ ဇဝက်သာခဲတို့ကိုရောပြီး အငွေ့လုံတဲ့ပုလင်းမှာ ထည့်ရှူပေးပါ။ (ရှူဆေးဘူးပြုလုပ်ပါ)
- ငဖြူကြီးပင် (မုရိုးပင်) အရွက်ခြောက်ကို မီးကျီးခဲ ပေါ်ဖြူးပြီး အငွေ့ရှူပေးပါ။ အပင်ရဲ့အရိုးနဲ့အရွက် ကိုပြုတ်ပြီး ရေနွေးငွေ့ကိုရှူပေးရင် နှပ်ပုပ်တွေကျပြီး ထိပ်ကပ်နာသက်သာစေပါတယ်။
- သပွတ်သီးခြောက်အူတိုင်ကထွက်တဲ့ အမှုန့်ကို ယူပြီး နှာခေါင်းအတွင်းကို နှာမှုတ်ပေးရင် ထိပ်ကပ်နာကြောင့်ဖြစ်တဲ့ နှာပိတ်တာကို သက်သာစေပါတယ်။ နှာခေါင်းအတွင်း အသားပိုလို အသီးဖြစ်သူတွေ ဒီဆေးနည်းနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။
- ကျားမနိုင်အမြစ်ကိုသွေးပြီး နှာခေါင်းပေါ်မှာ လိမ်းပေးရင် နှာခေါင်းပိတ်တာ သက်သာစေပါတယ်။
- နံနက်အိပ်ရာထ မျက်နှာသစ်တဲ့အခါတိုင်း ရေကို လက်ခုပ်နဲ့ယူပြီး ရှူသွင်းပေးရင် ထိပ်ကပ်နာသက်သာစေပါတယ်။
- သံပရာသီးအရည်ကိုညှစ်ပြီး နှာခေါင်းအတွင်း ထည့်ပေးရင် ထိပ်ကပ်နာကြောင့်ဖြစ်တဲ့ အသက်ရှူကျပ်တာကို သက်သာစေပါတယ်။
- ငှက်ခါးငှက်ရဲ့အတောင်ကိုမီးရှို့ပြီး အငွေ့ရှူပေး ရင် ထိပ်ကပ်နာပျောက်၏။ (ရှေးလောကျမ်းပါနည်း)
- ထန်းနို့ခြောက်ကိုမီးရှို့ပြီး အငွေ့ကိုရှူပေးရင် နှပ်ပုပ်တွေကျပြီး ထိပ်ကပ်နာသက်သာစေပါတယ်။
- ပိစပ်ရွက်အရည်ညှစ်ပြီး ပိတ်နေတဲ့နှာခေါင်း အတွင်းထည့်ပေးရင် နှပ်ပုပ်ရည်တွေကျလာပြီး ထိပ်ကပ်နာကိုသက်သာစေပါတယ်။
- ပဒိုင်းရွက်ခြောက်ကိုအမှုန့်ပြုလုပ်ပြီး နှာမှုတ်ပေးရင် နှပ်အပုပ်အခဲတွေကျလာပြီး ထိပ်ကပ်နာသက်သာစေပါတယ်။
-နလင်ကျော်အခေါက်ကို အမှုန့်ပြုလုပ်ပြီး မီးကျီးခဲပေါ်မှာဖြူးပြီး မှိုင်းရှူပေးရင် နှာခေါင်းပိတ်နှပ်ပုပ်၊ ထိပ်ကပ်နာ သက်သာစေပါတယ်။
ဆရာကြီးရှင့်။ ကျွန်မသားလေး ပြီးခဲ့တဲ့လက ဆိုင်ကယ်လဲပြီး ဦးခေါင်း၊ ရင်ဘတ်၊ တံတောင်ဆစ် တွေမှာ ဒဏ်ရာတွေရခဲ့ပါတယ်။ ဆေးကုသပြီးလို့ အနာသက်သာသွားပါပြီ။ ပွန်းပဲ့ရာတွေလည်းပျောက် ကင်းသွားပါပြီ။ ဒါပေမဲ့ ရင်ဘတ်နဲ့နံရိုးအတွင်းက အညိုအမည်းစွဲတာတွေမပျောက်ဘဲ အေးတဲ့အခါ ကိုက်ပါတယ်။ အသက်ရှူရင်လည်း အောင့်တယ်လို့ ပြောပါတယ်။ ဒဏ်ကျေစေဖို့အတွက် ဘယ်လိုပြုလုပ် ရမလဲဆိုတာပြောပြပေးပါဦး။
အပြင်ဒဏ်၊ အတွင်းဒဏ်ကျေစေဖို့ အောက်ပါ ဒဏ်ကျေစေတဲ့နည်းတွေကို အသုံးပြုပါ။
အပြင်ဒဏ်များကျေစေရန်
- နနွင်းနဲ့ မိဿလင်ကိုရောထုပ်ပြီး ဆေးစည်းပေးပါ။ ကြပ်ထုပ်ထိုးပေးပါ။
-နနွင်းနဲ့ ထုံးကိုရေဖျော်ပြီး လိမ်းပေးပါ။
- အုတ်နီခဲကိုမီးဖုတ် ရေစိမ်ပြီး အငွေ့ကပ်ပေးရင် ဖူးရောင်တဲ့ဒဏ် ကျေစေပါတယ်။
- ဆားကိုအဝတ်နဲ့ထုပ် ရေနွေးငွေ့ခံပြီး ကြပ်ထုပ် ထိုးပေးရင် ဖူးရောင်တဲ့ဒဏ်သက်သာစေပါတယ်။
- ကွမ်းရွက်ကိုမီးကင် နှမ်းဆီသုတ်ပြီး ရောင်နေတဲ့နေရာမှာ ကပ်ပေးရင် ဒဏ်ကျေစေပါတယ်။
-ပရုတ်မြစ်၊ နလင်ကျော်ခေါက်တို့ကိုသွေးပြီး အရက်နဲ့လိမ်းပေးရင် အပြင်ဒဏ် ကျေစေပါတယ်။
- ကြက်သွန်နီဥကြီးကိုမီးအုံး ဒဏ်ကြောင့်ရောင်တဲ့နေရာမှာအုံပြီး ခပ်နွေးနွေးစည်းပေးရင် ဒဏ်ကျေစေပါတယ်။
အတွင်းဒဏ်များကျေစေရန်
- ကြက်ခြေထောက်ကိုမီးဖုတ် ခွေးတောက်ရွက် နဲ့ရောပြီး ဟင်းချိုချက်သောက်ရင် ထိုးအောင့် တဲ့ အတွင်းဒဏ်ကိုကျေစေပါတယ်။
-ကုန်းကန်စွန်းရိုးနီကိုထောင်းပြီး အရည်ညှစ် သောက်ရင် အသက်ရှူမရတဲ့ အတွင်းဒဏ်ကို သက်သာစေပါတယ်။
- ဥသျှစ်ရွက်ကို ဟင်းချိုချက်သောက်ရင် နှစ်ကြာ ကဖြစ်ခဲ့တဲ့ အတွင်းဒဏ်ကို သက်သာစေပါတယ်။
- ဆေးခါးကြီးပင်ကို ထန်းလျက်နဲ့ကျိုသောက်ရင် ဒဏ်ကြောင့်ဖြစ်တဲ့ အကိုက်အခဲမှန်သမျှ သက်သာပျောက်ကင်းပါတယ်။
-ကြောင်လျှာပွင့်အခြောက်ကိုပြုတ်ပြီး အသုပ် ပြုလုပ်စားရင် ဒဏ်ကြောင့်ကိုက်ခဲတာ၊ ညအိပ် မပျော်တာကို သက်သာစေပါတယ်။
ဆရာကြီးရှင့်။ သမီးမှာ လစဉ်ဓမ္မတာလာတဲ့အချိန် တိုင်း ကိုက်ခဲပြီး နေထိုင်မကောင်းအမြဲဖြစ်ပါတယ်။ လစဉ်ကိုက်ခဲခြင်းအတွက် သက်သာစေမယ့်ဆေးနည်း သိလိုပါတယ်ရှင့်။
ဓမ္မတာလာချိန်ကိုက်ခဲတာကို သက်သာစေဖို့ မလာမီ နှစ်ရက်၊ သုံးရက်ကြိုတင်ပြီး ချင်းတက်နဲ့ ထန်းလျက်ပြုတ်ရည်ကို ဆားလှော်အနည်းငယ်ထည့် သောက်ပေးပါ။ ကော်ဖီတစ်ခွက်စာကို ရေချိုးပြီးချိန်မှာသောက်ပေးရင် ဓမ္မတာမှန်ပြီး ပေါ်ရင်လည်း ကိုက်ခဲတာ၊ ထိမ်ကျန်တာ သက်သာစေပါတယ်။ ဇာတိပ္ဖိုလ်သီးကိုသွေးပြီး ချက်တိုင်ကနေ ဆီးစပ်တစ်ဝိုက်လိမ်းပေးပါ။ ကွမ်းရွက်ကို လေးညှင်းပွင့်အနည်းငယ်နဲ့ ရောပြုတ်သောက်ရင် ဓမ္မတာလာချိန်ကိုက်ခဲတာကို သက်သာစေပြီး သွေးသန့်စေပါတယ်။ ကြိတ်မှန်ရွက်ကို ထန်းလျက်နဲ့ရောကျိုသောက်ရင် ဓမ္မတာများစေပြီး ကိုက်ခဲတာကို သက်သာစေပါတယ်။
ဓမ္မတာသွေးချုပ်ရင်၊ သွေးရပ်သွားပြီး ကိုက်ခဲနေ ရင် အောက်ပါနည်းလမ်းတွေကိုအသုံးပြုပါ။
- ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူနိုင်နိုင်နဲ့ ဟင်းချိုချက်၊ ပတဲကောအမှုန့်အနည်းငယ်ခတ်ပြီး သောက်ပါ။
- ကြိတ်မှန်ရွက်၊ မန်ကျည်းမှည့်၊ ထန်းလျက်၊ ဆားလှော်အနည်းငယ်ရောကျိုပြီး ဟင်းစားဇွန်းသုံးဇွန်း တစ်နေ့နှစ်ကြိမ်သောက်ပေးပါ။ ဓမ္မတာ ထိမ်တာ၊ ကျန်တာ၊ ရက်ကျော်တာတွေကို ပျောက်ကင်းစေနိုင်တယ်။
- သွေးဆုံးခါနီး နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် ဓမ္မတာပျောက်ရင် သွေးသန့်စေဖို့ သွေးအလုံးအခဲမဖြစ်စေဖို့ ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ရောခေါက်ပြီးစားပေးပါ။
MWD
