မိသားစုရာဇဝင်ကြောင့်ဖြစ်နိုင်သော သွေးချိုဆီးချိုရောဂါ အန္တရာယ်
Posted_Date
Image
Body
အမျိုးအစား- ၂ သွေးချိုဆီးချိုရောဂါဖြစ်ပွားမှုနှုန်းသည် ငယ်ရွယ်သူများနှင့် သက်လတ်ပိုင်း အရွယ်များတွင် မြင့်တက်လာနေသည်။ အထူးသဖြင့် အမျိုးအစား -၂ သွေးချိုဆီးချိုရောဂါ မိသားစုရာဇဝင် ရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရသည်။ မိသားစုရာဇဝင်သည် အနာဂတ်တွင် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါဖြစ်ပွားရန် အပြင်းထန်ဆုံး အန္တရာယ်အချက်များထဲမှ တစ်ခုဖြစ်သည်။ လေ့လာ မှုများအရ မိသားစုရာဇဝင်နှင့် သွေးချိုဆီးချိုရောဂါ
ဖြစ်နိုင်ခြေဆက်နွှယ်မှုသည် နှစ်ဆမှခြောက်ဆအထိတိုးလာနိုင်ကြောင်းဖော်ပြခဲ့သည်။ သို့ဖြစ်၍ ငယ်ရွယ် သူများတွင် မိသားစုရာဇဝင်ကြောင့်ဖြစ်ပေါ်လာသော သွေးချိုဆီးချိုရောဂါအန္တရာယ်အကြောင်း အသိပညာ ပေးခြင်းသည် သွေးချိုဆီးချိုရောဂါ ကာကွယ်တားဆီးရေး ကြိုးပမ်းမှုများကို အထောက်အကူဖြစ်စေနိုင် သည်။
မိသားစုတွင် သွေးချိုဆီးချိုရောဂါ ရာဇဝင်ရှိခြင်းသည် ရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာမြင့်တက် စေပြီး လေ့လာမှုများအရ သွေးချိုဆီးချိုရောဂါရှိသူ ၆၀-၆၈.၈ ရာခိုင်နှုန်းတွင် အနည်းဆုံး မိသားစုဝင် တစ်ဦးရှိကြောင်း ပြသထားသည်။ မိဘ သို့မဟုတ် မောင်နှမတစ်ဦးဦးတွင် သွေးချိုဆီးချိုရောဂါဖြစ်ပွား ပါက ဖြစ်နိုင်ခြေ ၇၆.၃ ရာခိုင်နှုန်းရှိပြီး အန္တရာယ်ပိုမို မြင့်မားသည်။ အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါ ရှိသူများ၏ ဆွေမျိုးများသည် ရောဂါဖြစ်ပွားနိုင်ခြေ သုံးဆပိုများသည်။
မိသားစုရာဇဝင်အရ သွေးချိုဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းနှင့် အန္တရာယ်များ
သွေးချိုဆီးချိုရောဂါရှိသော မိခင်ရှိသူများသည် သွေးချိုဆီးချိုရောဂါရှိသော ဖခင်ရှိသူများနှင့် နှိုင်း ယှဉ်ပါက ရောဂါဖြစ်ပွားမှုနှုန်းပိုများသည်။ မိခင်တွင် သွေးချိုဆီးချိုရောဂါရှိခြင်းသည် ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများသည်။ သွေးချိုဆီးချို ရောဂါရှိသော မောင်နှမတစ်ဦးဦး ရှိခြင်းသည် အဓိကအန္တရာယ်ဖြစ်နိုင်ခြေ အချက်တစ်ခုဖြစ်ပြီး တစ်ခါတစ်ရံတွင် မိဘရာဇဝင်၏ သက်ရောက်မှုထက် ကျော်လွန်သည်။ မိသားစုရာဇဝင်ကြောင့် ဖြစ်ပေါ်လာ သောအန္တရာယ်သည် အမျိုးသားများအတွက် အမျိုး သမီးများထက် ပိုမိုများပြားသည်။ မိဘနှင့် မောင်နှမ ဖြစ်သောဆွေမျိုးအရင်းတစ်ဦးတည်းတွင် သွေးချို ဆီးချိုရောဂါရှိခြင်းသည် အန္တရာယ်ကို နှစ်ဆနီးပါး မြင့်တက်စေပြီး ဆွေမျိုးနှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုလျှင် အန္တရာယ်ကို လေးဆကျော်မြင့်တက်စေသည်။ ထို့ပြင် မိသားစုရာဇဝင်ရှိသူများသည် အစောပိုင်း အသက်အရွယ်တွင် အမျိုးအစား-၂ သွေးချိုဆီးချို ရောဂါဖြစ်ပွားမှုနှင့် သိသိသာသာ ဆက်စပ်နေကြောင်း တွေ့ရှိရသည်။
အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါဖြစ်ပွားမှု သည် အကြောင်းရင်းများစွာကြောင့်ဖြစ်သော ရောဂါ တစ်ခုဖြစ်ပြီး မျိုးရိုးဗီဇသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ(လူနေမှုပုံစံ၊အစားအသောက်၊ အဝလွန်ခြင်း) ကြောင့် မကြာခဏဖြစ်ပေါ်လာခြင်းများစွာရှိသည်။ သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ၏ ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသည် မျိုးရိုးဗီဇအချက်များကြောင့်ဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာအချက်များ (အဝလွန်ခြင်း၊ ထိုင်၍နေထိုင်မှုပုံစံ) သည်လည်း အဓိကအခန်းကဏ္ဍ မှပါဝင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။
ထို့ကြောင့် လူတစ်ဦးသည် မျိုးရိုးဗီဇဆိုင်ရာ သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ အန္တရာယ်မြင့်မားမှု အမွေဆက်ခံထားလျှင်တောင်မှ အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါဖြစ်လာစေရန်ပတ်ဝန်းကျင် ဆိုင်ရာအစပျိုးမှုများ (ဥပမာ- ထိုင်၍နေထိုင်မှုပုံစံ၊ အစားအသောက်ညံ့ဖျင်းခြင်း၊ ကယ်လိုရီများလွန်းခြင်း) လိုအပ်လေ့ရှိသည်။
၂၀၁၇ ခုနှစ်က အင်္ဂလန်နိုင်ငံမှ Viner နှင့်အဖွဲ့သည် ငယ်ရွယ်သော သွေးချိုဆီးချိုရောဂါရှိသူများ၏ ၆၀ ရာခိုင်နှုန်းတွင် မိသားစုဝင်တစ်ဦးဦးနှင့် ၃၀ ရာခိုင် နှုန်းတွင် အဘိုး၊ အဘွားမိသားစုဝင်တစ်ဦးဦးတွင် သွေးချိုဆီးချိုရောဂါခံစားနေရသည်ကို တွေ့ရကြောင်း Lancet တွင် ဖော်ပြခဲ့သည်။ မိသားစုရာဇဝင်ရှိသော အိန္ဒိယလူဦးရေတွင်ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခု အရ အမျိုးအစား -၂ သွေးချိုဆီးချိုရောဂါစတင် ဖြစ်ပွားသည့် ပျမ်းမျှအသက်မှာ ပထမမျိုးဆက်တွင် ၅၅.၉၅ နှစ်နှင့် ဒုတိယမျိုးဆက်တွင် ၃၈.၄ နှစ် အသီးသီးဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။
ရောဂါလက္ခဏာများ
မိသားစုရာဇဝင်ရှိသောလူနာများသည် ကိုယ်အလေးချိန်နှင့် BMI မြင့်မားခြင်း၊ ခါးမှတင်ပါးအချိုး မြင့်မားခြင်း၊ HbA1c အဆင့်မြင့်မားခြင်းနှင့် သွေးပေါင် ချိန်မြင့်မားခြင်းတို့ကို မကြာခဏတွေ့ရလေ့ရှိသည်။ မိခင် သို့မဟုတ် မောင်နှမရာဇဝင်ရှိသူများသည် အင်ဆူလင်ထုတ်လွှတ်မှုနည်းပါးခြင်း သို့မဟုတ် အင်ဆူလင်ခံနိုင်ရည်ရှိခြင်းကြောင့် သွေးမှဆဲလ် များထဲသို့ သကြားဓာတ်ကိုရွှေ့ပြောင်းရန် မလုပ်ဆောင်နိုင်သောကြောင့် အချိန်ကြာလာသည်နှင့် အမျှ သွေးကြောထဲတွင် သကြားဓာတ်စုပုံလာခြင်း သည် ရောဂါလက္ခဏာများမပေါ်လာမီ နှစ်ပေါင်း များစွာရှိနေနိုင်သည်။
အထူးဂရုစိုက်ရန် လိုအပ်သူများ
မိသားစုရာဇဝင်ရှိသူအားလုံးသည် သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေအန္တရာယ်များသော်လည်း မိဘ တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးတွင် သွေးချိုဆီးချို ရောဂါရှိကြောင်း ရောဂါရှာဖွေတွေ့ရှိသူများ၊ ဝမ်းဗိုက် အဝလွန်ခြင်း သို့မဟုတ် ခါးအရွယ်အစားတိုးလာသူများ၊ ပုံမှန်အလုပ်များကို ထိုင်၍လုပ်သူများ သို့မဟုတ် စားပွဲထိုင်အလုပ်လုပ်သူများ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါရာဇဝင်ရှိသောအမျိုးသမီးများ၊ သွေးတိုး ရောဂါ သို့မဟုတ် ကိုလက်စထရောမြင့်မားသူ မည်သူ မဆို ပိုမိုအာရုံစိုက်ရန် လိုအပ်သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီး၌ လူနေမှုပုံစံပြောင်းလဲမှုများ လျင်မြန်စွာဖြစ်ပေါ်နေပြီး အသက် ၂၀ နှင့် ၃၀ ကြားရှိ လူငယ်များပင် သွေးချိုဆီးချိုရောဂါအန္တရာယ်ဇုန်သို့ မျှော်မှန်းထားသည်ထက် စောစီးစွာဝင်ရောက်နေ ကြောင်း တွေ့ရသည်။
သွေးချိုဆီးချိုရောဂါအန္တရာယ်ကို စောင့်ကြည့်ရှာဖွေခြင်း
စောစီးစွာရှာဖွေတွေ့ရှိမှုသည် ကြီးမားသော ခြားနားချက်ကိုဖြစ်စေနိုင်သည်။ အစာရှောင်သော သွေးတွင်းသကြားဓာတ်၊ အစာစားပြီး နှစ်နာရီအကြာ သွေးတွင်းသကြားဓာတ်နှင့် HbA1c ကဲ့သို့သော ပုံမှန် သွေးစစ်ဆေးမှုများသည် သွေးချိုဆီးချိုရောဂါကို အစောပိုင်းအဆင့်တွင်ရှာဖွေရန် ကူညီပေးနိုင်သည်။ ကိုယ်အလေးချိန်၊ ခါးအရွယ်အစား၊ သွေးပေါင်ချိန်နှင့် သွေးတွင်းကိုလက်စထရောများကို စောင့်ကြည့် စစ်ဆေးခြင်းသည် အရေးကြီးသောစုံစမ်းစစ်ဆေး မှုများဖြစ်သည်။
အန္တရာယ်များသောအုပ်စုများအတွက် အကြံပြုထားသော ပုံမှန်စစ်ဆေးမှုများ
ခြောက်လမှ ၁၂ လတစ်ကြိမ် အစာရှောင်သော သွေးတွင်းသကြားဓာတ်ကိုစစ်ဆေးခြင်း၊ သုံးလကြာ ပျမ်းမျှသကြားဓာတ် HbA1c နှင့် သွေးတွင်းအဆီ စစ်ဆေးခြင်း၊ ကိုယ်အလေးချိန်သာမက ခါးလုံးပတ် အတိုင်းအတာနှင့် သွေးပေါင်ချိန်တိုင်းခြင်း၊ နေ့စဉ် စွမ်းအင်သုံးစွဲမှုနှင့်အိပ်စက်မှုပုံစံများကို ကျန်းမာရေး နှင့်ညီညွတ်စေရန် တစ်သက်တာသတိပြုခြင်းတို့ လိုအပ်သည်။
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအစွမ်းထက်သည်သွေးချိုဆီးချိုရောဂါသည် မိသားစုများတွင်ဖြစ် ပွားနိုင်သော်လည်း အချိန်မီစောင့်ကြည့်စစ်ဆေး ရှာဖွေခြင်းသည် ရောဂါကိုနှောင့်နှေးစေရန် သို့မဟုတ် ကာကွယ်ရန်အထောက်အကူပေးနိုင်သည်။ အဓိက အချက်မှာ သွေးချိုဆီးချိုရောဂါကို ကာကွယ်နိုင်သည့် ရိုးရှင်းသောလူနေမှုပုံစံအလေ့အထများကို ပြောင်းလဲ မှုများသည် တစ်သမတ်တည်း ပုံမှန်ဖြစ်ရန်လိုအပ်သည်။
ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုးနှင့် ကောက်နှံ စေ့များကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသည့် အစား အစာများကိုပိုမိုစားသုံးခြင်း၊ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေရန် အစားအစာတိုင်းတွင် ပရိုတင်းဓာတ် နှင့် သင့်လျော်သောအာဟာရများကို ထည့်သွင်းခြင်း၊ ပုံမှန် ၇-၈ နာရီ အိပ်စက်ခြင်း၊ ကြာမြင့်စွာထိုင်ချိန် ကိုလျှော့ချခြင်း၊ ရက်အများစုတွင် အနည်းဆုံး မိနစ် ၃၀ လမ်းလျှောက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်ကို တိုက်ရိုက်သက်ရောက်မှုရှိသော စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်းကဲ့သို့ ရိုးရှင်းသောအလေ့အထများက သွေးချိုဆီးချိုရောဂါကိုကာကွယ်ရန် များစွာအထောက် အကူပြုနိုင်သည်။
နောက်မျိုးဆက်အတွက် မိသားစုရာဇဝင်ကို ပြောင်းလဲခြင်း
မိသားစုရာဇဝင်သည် အမွေဆက်ခံထားသော အရာကဲ့သို့ ရွေးချယ်ခွင့်မရှိဘဲ မကြာခဏခံစားရ လေ့ရှိသည်။ သို့သော် သတိရှိရှိစောင့်ကြည့်ရှာဖွေ စစ်ဆေးခြင်း၊ ကျန်းမာသောကိုယ်အလေးချိန်နှင့် BMI ထိန်းသိမ်းခြင်း၊ ဝမ်းဗိုက်အဆီများကိုရှောင်ကြဉ်ရန်တက်ကြွစွာနေထိုင်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စေ ရန် တစ်သက်တာသတိပြု စားသောက်ခြင်းတို့ကို လိုက်နာသောအခါ အချိန်ကြာလာသည်နှင့်အမျှ ထိုပြောင်းလဲမှုသည် အမြဲတမ်းဖြစ်နိုင်သည်ဟုထင် ရသောပုံစံများကို ပြောင်းလဲနိုင်ကြောင်း တွေ့ရသည်။
အချုပ်အားဖြင့်ဆိုရသော် မိသားစုရာဇဝင်သည် အနာဂတ် သွေးချိုဆီးချိုရောဂါအန္တရာယ်အတွက် အစောပိုင်း သတိပေးစနစ်တစ်ခုဖြစ်ပြီး ကြိုတင် ကာကွယ်နိုင်သော အခွင့်အရေး တစ်ခုလည်းဖြစ်သည်။ ဆင်ခြင်တုံတရားနှင့် စောစီးစွာ စဉ်ဆက်မပြတ်ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်နိုင်ခြင်းကြောင့် အန္တရာယ် ရှိသောအချက်များကို လျှော့ချနိုင်သည်။ မျိုးရိုးဗီဇ သည် သွေးချိုဆီးချိုရောဂါ လမ်းကြောင်းကို ဖန်တီး နိုင်သော်လည်း နေ့စဉ်အလေ့အကျင့်များက ရောဂါ အဖြစ်ပြောင်းလဲသွားမည်လား သို့မဟုတ် ကာကွယ်နိုင်မည်လားဆိုသည်ကို ဆုံးဖြတ်ပေးနိုင်ခြင်းကြောင့် ရေရှည်သွေးချိုဆီးချို ရောဂါဖြစ်နိုင်ခြေကို သိသိ သာသာ လျှော့ချပေးနိုင်ကြောင်း ရေးသား တင်ပြ လိုက်ရပါသည်။
MWD
