ဆေးဖက်ဝင်သံပရိုသီး၏ အကျိုးကျေးဇူးများ
Posted_Date
Image
Body
သံပရိုသီးသည် ရှောက်၊ သံပရာ၊ ကျွဲကောသီးတို့နှင့်မျိုးရင်းတူပြီး သံပရာသီးထက် အရွယ်အစားကြီးမားကာ အရောင်မှာ စိမ်းဝါရောင်မှ တောက်ပသည့် အဝါရောင်အထိရှိတတ်သည်။ အရည်ရွှမ်းပြီး အနံ့မွှေးသောကြောင့် ဖျော်ရည်အဖြစ် ဖျော်သောက်၍ဖြစ်စေ၊ စားစရာများတွင် ထည့်စား၍ဖြစ်စေ အသုံးပြုကြသည်။ သံပရိုသီးကို အင်္ဂလိပ်လို Lemon ဟုခေါ်ပြီး မျိုးရင်းမှာ Rutaceae ဖြစ်သည်။ ဗီတာမင်-C နှင့် တခြားမရှိမဖြစ် လိုအပ်သောအာဟာရဓာတ်များပြည့်စုံသည့် သံပရိုသီး၏မွှေးသောရနံ့သည် အမူးအမော်ပြေစေရုံသာမက ထုတ်ကုန်များတွင်ပါသည့် ဗက်တီးရီးယားပိုးမွှားများကို သန့်စင်ပေးခြင်း၊ အသားအရေထိန်းသိမ်းပေးခြင်း၊ အစာချေဖျက်ပေးခြင်းတို့အပြင် အအေးမိခြင်းအပါအဝင် တခြားသောရောဂါများကို ကာကွယ်ပေးနိုင်ရန် ကိုယ်ခံအားမြှင့်တင်ပေးခြင်းကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိသည်။
သွေးတိုးကာကွယ်ပေးသော သံပရိုသီး
သံပရိုသီးတွင် ပိုတက်ဆီယမ်ကြွယ်ဝမှုကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးခြင်းကြောင့် ဖြစ်လာနိုင်သည့် လေဖြတ်ခြင်းနှင့် ရုတ်တရက်နှလုံးရပ်မှုဖြစ်နိုင်ခြေကို သိသာစွာလျှော့ချပေးနိုင်သည့်အတွက် နေ့စဉ်စားသုံးမှုတွင် သံပရိုသီးကို အနည်းငယ် ထည့်စားသင့်သည်။
ရောင်ရမ်းမှုကိုကာကွယ်ပေးသော သံပရိုသီး
သံပရိုသီးတွင်ပါဝင်သည့် Polyphenols နှင့် Antioxidants များသည် Oxidative Stress ကို တိုက်ဖျက်ရာတွင် ကူညီပေးပြီး နာတာရှည်ရောဂါများကိုဖြစ်စေနိုင်သည့် ရောင်ရမ်းမှုကိုကာကွယ်ပေးသည်။
နှလုံးကျန်းမာစေသောသံပရိုသီး
သံပရိုသီးတွင် ဗီတာမင်-C ကြွယ်ဝသောကြောင့် နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါခံစားရခြင်းနှင့် လေဖြတ်ခြင်းမဖြစ်စေရန် ကာကွယ်ပေးသည်။ သံပရိုသီးတွင်ပါဝင်သည့် အပင်မှရသောဒြပ်ပေါင်းများဖြစ်ကြသည့် Hesperidin နှင့် Diosmin တို့က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်သဖြင့် သံပရိုသီးကို ပုံမှန်စားသုံးပေးသင့်သည်။ ထို့ပြင် သံပရိုသီး အရွယ်တော်တစ်လုံးတွင် အမျှင်ဓာတ် ၂ ဒသမ ၄ ဂရမ်အထိပါဝင်ပြီး ဆီးချိုရောဂါရှိသူများတွင် ဆီးချိုကြောင့်ဖြစ်သောနောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ် သည့်နှလုံးရောဂါမဖြစ်စေရန် အထိရောက်ဆုံး ကာကွယ်ပေးသည်။
ဝိတ်ကျစေနိုင်သောသံပရိုသီး
သံပရိုသီးတွင် အချဉ်ဓာတ်ပါဝင်သောကြောင့် ဝိတ်ကျစေနိုင်သည်ဟု အများကလက်ခံထားကြသည်။ နောက်တစ်ချက်မှာ သံပရိုသီးတွင် ပျော်ဝင်လွယ်သည့် အမျှင်ဓာတ်ပါဝင်နေခြင်းကြောင့်လည်းကိုယ်အလေးချိန်ကျစေသည်။ သံပရိုသီးကို ရေနွေးနွေးနှင့်စိမ်သောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနေသူများအတွက် အထောက်အကူပြုပေးနိုင်သည်။
သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးသော သံပရိုသီး
သံပရိုသီးတွင် သံဓာတ်ပါဝင်သကဲ့သို့ အစားအစာထဲတွင်ပါဝင်သည့် သံဓာတ်ကိုအူနံရံများမှ စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သောကြောင့် သွေးအားနည်းရောဂါမဖြစ်စေရန် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ လူအများတွင် သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းရောဂါအဖြစ်များပြီး အစားအသောက်များတွင် သံဓာတ်လုံလောက်စွာ ပါဝင်မှုမရှိခြင်းသည် သွေးအားနည်းရောဂါဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။
ကျောက်ကပ် ကျောက်မတည်စေရန် ကာကွယ်ပေးသော သံပရိုသီး
သံပရိုသီးတွင်ပါဝင်သည့် Citric Acid က ဆီးရွှင်စေနိုင်ပြီး ဆီးထဲမှ pH ပမာဏကိုတိုးစေနိုင်သောကြောင့် ကျောက်ကပ်ကျောက်တည်ခြင်း မဖြစ်အောင် ကာကွယ်ပေးသည်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသော သံပရိုသီးသံပရိုသီးတွင် အမျှင်ဓာတ်ပါဝင်သောကြောင့် အင်ဆူလင်ထုတ်လွှတ်အောင် အကောင်းဆုံးလှုံ့ဆော်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာတွင် များစွာအထောက်အကူပြုသည်။ ဗီတာမင်-C စားသုံးမှုနည်းခြင်းသည် ဆီးချိုရောဂါဖြစ်နိုင်ခြေကို များစေသောကြောင့် နေ့စဉ်စားသုံးမှုများတွင် ဗီတာမင်-C ပါဝင်အောင် စားသုံးသင့်သည်။ ကိုယ်တွင်းက ဗီတာမင် -C ကိုမြှင့်တင်ရန် အကောင်းဆုံးသောနည်းလမ်းမှာ သံပရိုသီးစားသုံးပေးခြင်းလည်းပါဝင်သောကြောင့် ဆီးချိုရောဂါကိုကာကွယ်ရန်ဖြစ်စေ၊ ကုသထိန်းချုပ်ရန်ဖြစ်စေ သံပရိုသီးကိုစားသုံးပေးနိုင်သည်။ ထို့ပြင် သံပရိုသီးတွင်ပါဝင်သော အမျှင်ဓာတ်က အဆာခံနိုင်စေသောကြောင့် ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို အကောင်းဆုံးကာကွယ်ပေးနိုင်သည်။ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကိုထိန်းညှိပေးကာ ကိုယ်ခံအားကို အားဖြည့်ပေးသကဲ့သို့ အနာကျက်စေရန်လည်း ကူညီပေးသည်။ ဆီးချိုရောဂါရှိသူများအနေဖြင့် အစာခြေစနစ်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်လိုအပ်ပြီး လုပ်ဆောင်နိုင်ခြင်းမရှိပါက ဆီးချိုရောဂါရှိသူများတွင် စားချဉ့်ရည်ပြန်ဆန်တက်ခြင်း၊ အစာကြေခဲခြင်း စသည့်အစာခြေစနစ်အပါအဝင် ခန္ဓာကိုယ်မှ တခြားစနစ်များကိုပါ ထိခိုက်နိုင်သည်။ ထို့ကြောင့် အစာခြေစနစ်ကျန်းမာပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိနိုင်စေရန် သံပရိုသီးစားသုံးပေးသင့်သည်။ ဆီးချိုရောဂါရှိသူများ ဓာတ်စာတစ်ခုအနေဖြင့် ဟင်းခါးပူပူတွင် ငရုတ်ကောင်းဖြူး သံပရိုရည်ညှစ်၍ သောက်သုံးပေးနိုင်သည်။
ကင်ဆာကာကွယ်ပေးသောသံပရိုသီး
သံပရိုသီးတွင်ပါဝင်သည့် ဒြပ်ပေါင်းများသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပြီး ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သဖြင့် ကင်ဆာကာကွယ်ရန်နှင့် ကုသရန်အတွက်ပါ သံပရိုသီးကို စားသုံးပေးနိုင်သည်။ သံပရိုသီးကဲ့သို့ ချဉ်သည့်အသီးများကို စားသုံးသူများသည် ကင်ဆာရောဂါခံစားရနိုင်ခြေနည်းသည်ဟု လေ့လာမှုများအရ သိရှိရသည်။
အစာခြေစနစ်ကျန်းမာစေသော သံပရိုသီး
သံပရိုသီးတွင် ကယ်လိုရီပါဝင်ပြီး ပျော်ဝင်နိုင်သည့် အမျှင်ဓာတ်များနှင့် သကြားဓာတ်များပါဝင်နေမှုက အစာခြေစနစ်ကိုကျန်းမာစေရန် အကောင်းဆုံး အားဖြည့်ပေးသည်။ ထို့ပြင် သံပရိုသီးသည် အစာခြေစနစ်ကိုကူညီရန် သည်းခြေရည်ထွက်အားကောင်းစေသောကြောင့် အစာချေဖျက်ခြင်းလုပ်ငန်းကို ပိုမိုကောင်းမွန်စေနိုင်ပြီး အစာအိမ်အူလမ်းကြောင်းမှ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သည်။
ကိုယ်တွင်းမှအဆိပ်အတောက်များကို ဖယ်ရှားပေးသော သံပရိုသီး
နံနက်အစောပိုင်းတွင် သံပရိုရည်နွေးနွေးတစ်ခွက် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း သန့်စင်စေသည်။ သံပရိုသီးတွင် ဆီးရွှင်စေသည့်အာနိသင်ရှိခြင်းကြောင့် ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ဆီးနှင့်အတူစွန့်ထုတ်ပေးနိုင်သည့်အပြင် ကိုယ်ခံစွမ်းအားကိုလည်း တိုးတက် ကောင်းမွန်စေသည်။
ကော်လာဂျင်မြှင့်တင်ပေးနိုင်သော သံပရိုသီး
သံပရိုရည်တွင် ဓာတ်တိုးဆန့်ကျင် အာနိသင်တစ်မျိုးဖြစ်သည့် ဗီတာမင်-C ကြွယ်ဝစွာပါဝင်သောကြောင့် ကော်လာဂျင် (Collagen) ပမာဏကို မြှင့်တင်ပေးနိုင်သည်။ ခန္ဓာကိုယ်က ကော်လာဂျင်ကို အလိုအလျောက်ထုတ်ပေးနိုင်သော်လည်း အသက်အရွယ် ရလာသည့်အချိန်တွင် ထုတ်လုပ်နိုင်စွမ်းကျလာပြီး အရေးအကြောင်းများဖြစ်ခြင်းနှင့် အသားအရေ လျော့ရဲခြင်းများဖြစ်လာနိုင်သည်။ ထို့ကြောင့် အရေပြား ကျန်းမာစေရန် သံပရိုသီးကို အသုံးပြုပေးသင့်သည်။
ဝက်ခြံသက်သာစေနိုင်သောသံပရိုသီး
သံပရိုသီးတွင် အက်စစ်ပါသော်လည်း pH ပမာဏကြွယ်ဝစွာ ပါဝင်သောကြောင့် ချွေးပေါက်များပိတ်ဆို့မှုကို ကင်းစေပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သကဲ့သို့ ဝက်ခြံကိုသက်သာစေရန် အထိရောက်ဆုံး အားဖြည့်ပေးသည်။ ဆဲလ်သေများကို ဖယ်ရှားပေးနိုင်သောကြောင့် ဆားဝက်ခြံများကိုလည်း သက်သာစေနိုင်သည်။ ဝက်ခြံကိုညှစ်လိုက်သည့် အချိန်တွင် ပိုးဝင်ပြီးကျန်ခဲ့သည့် အမာရွတ်များကို သက်သာစေရန် သံပရိုရည်ကို ရှားစောင်းလက်ပပ်နှင့်ရောစပ်၍ ပုံမှန်လိမ်းပေးနိုင်သည်။
ဗက်တီးရီးယားများကို တိုက်ဖျက်ပေးသောသံပရိုသီး
သံပရိုသီးက ဗက်တီးရီးယားများကို တိုက်ဖျက်နိုင်သောကြောင့် အရေပြားချွေးပေါက်များမှပိုးဝင်ပြီး အရေပြားရောင်ရမ်းမှုများကို သက်သာစေနိုင်သည့်အပြင် ဝက်ခြံဖုများ နီရဲရောင်ရမ်းခြင်းကို သက်သာစေရန်အတွက်လည်း အသုံးပြုပေးနိုင်သည်။
သံပရိုသီး၏တခြားသောအသုံးပြုမှုများ
သားငါးခုတ်ရာတွင် အသုံးပြုသည့် ပလတ်စတစ်ပြား သို့မဟုတ် စဉ်းတီတုံးပေါ်သို့ သံပရိုသီးနှင့်ပွတ်တိုက်သန့်စင်ပေးပါက ကပ်တွယ်နေသော ပိုးမွှားများအား သေစေနိုင်သည်။ စိတ်ထားသော ပန်းသီးနှင့်ထောပတ်သီးပေါ်ကိုသံပရိုသီးနှင့်ပွတ်တိုက်ပေးပါက အညိုဘက်သန်းမသွား အောင်ကာကွယ်ပေးနိုင်သည်။ တစ်ခြမ်းပိုင်းထားသည့် သံပရိုသီးခြမ်းပေါ်တွင် လေးညှင်းပွင့်များ သိပ်ထည့်ထားပါက ခြင်ပြေးစေနိုင်သဖြင့် ခြင်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
ဆေးဖက်ဝင်သော သံပရိုသီးခွံ
Citric Acid ဓာတ်ကြွယ်ဝသော သံပရိုသီးကို ဗီတာမင်-C ဖြည့်စွက်စာအဖြစ် သာမက သံပရိုသီးခွံသည် အတွင်းအသားထက် ဗီတာမင်ဓာတ် ၅ ဆမှ ၁၀ ဆအထိ ပိုမိုပါဝင်ကြောင်း သိရသည်။ သံပရိုသီးခွံထဲတွင် ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်-C ဓာတ်များပါရှိသဖြင့် အရိုးသန်မာစေပြီး အဆစ်အမျက်ရောင်ခြင်း၊ အရိုးအားနည်းခြင်းကို ကာကွယ်ပေးနိုင်သည်။
ထိုကဲ့သို့ ဗီတာမင်နှင့်သတ္တုဓာတ်များအပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ(Antioxidants) ကြွယ်ဝစွာပါရှိသဖြင့် သံပရိုသီးခွံကိုစားပေးပါက အသားကျစ်လျစ်ခြင်း၊ အဆိပ်အတောက်ကင်းခြင်း၊ သွေးသားသန့်စင်ခြင်း၊ ဆံသားကောင်းမွန်ခြင်း၊ အသားအရေဝင်းပကြည်လင်ခြင်း အကျိုးကျေးဇူးများရရှိနိုင်သည်။ ထို့ပြင် သံပရိုသီးခွံထဲတွင်ပါရှိသော သဘာဝအဆီဓာတ်က သွေးလေကြေစေခြင်း၊ အဆီကျစေခြင်း၊ မကောင်းသောကိုလက်စထရောများကျစေခြင်း စသည့် အာနိသင်ရှိသော ကြောင့် ထမင်းစားသည့်အခါတိုင်း အရည်ညှစ်ပြီးသား သံပရိုသီးခွံကို ပါးပါးလှီး၍ အတို့အမြှုပ်အဖြစ်စားသုံးနိုင်သည်။ သံပရိုသီးခွံထဲတွင် အင်ဇိုင်းများစွာပါရှိသဖြင့် ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
သံပရိုသီးခွံတွင်အမျှင်ဓာတ်များစွာ ပါရှိသဖြင့် အစာခြေစနစ်ကိုအကျိုးပြုသည့်အပြင် ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုမဖြစ်စေရန် ကာကွယ်ပေးသည်။ နာတာရှည်သွေးတိုးရောဂါရှိသူများအတွက် သံပရိုသီးခွံက သက်စောင့်ဆေးတစ်လက်ဖြစ်သည်။ နှာစေး၊ ချောင်းဆိုးခြင်းအတွက် သံပရိုသီးခွံကိုမီးဖုတ်၍ ထွက်လာသောအနံ့ကို ရှူရှိုက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းမကြည်လင်ခြင်း၊ စိတ်ဖိစီးမှုများခြင်းအတွက် သံပရိုသီးခွံကိုလက်သည်းဖြင့်ဆိတ်၍ ထွက်လာသောသံပရိုသီးခွံအဆီကို ရှူရှိုက်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ ကားမူးခြင်း၊ ရထားမူးခြင်း၊ လေယာဉ်မူးခြင်းကြောင့် မူးဝေ အော့အန်လေ့ရှိသူများ အနေဖြင့် သံပရိုသီးခွံကိုငုံထားပါက သက်သာစေနိုင်သည်။
လတ်ဆတ်သောသံပရိုသီးကို အစိတ်များစိတ်၍ ကြွေဖန်ခွက်ထဲသို့ အရည်ညှစ်ပြီး သံပရိုသီးခွံပါထည့်၍ ရေနွေးဆူဆူဖြင့်သောက်သုံးခြင်း၊တစ်ကြိမ်သောက်ပြီးတိုင်း ကြွေဖန်ခွက်ထဲသို့ ရေနွေးပူဖြည့်ထည့်၍ ရေဆာတိုင်းသောက်ခြင်း၊ နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် သွေးထဲရှိ အဆီခဲများကိုကြေပျက်စေခြင်း၊ သွေးတိုးကျခြင်း၊ ခန္ဓာကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်တွင်း ဗက်တီးရီးယားပိုးများ အလွယ်တကူဝင်ရောက်ခြင်းမှ ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း စသည့်ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိနိုင်သည်။ ထို့ကြောင့် အရည်ညှစ် အသုံးပြုပြီးသော သံပရာသီးခွံများကို အလွယ်တကူစွန့်မပစ်ဘဲ ပြန်လည်အသုံးပြုခြင်းဖြင့် ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိနိုင်သည်။
အချုပ်အားဖြင့် သံပရိုသီးက စားလိုက်သည့်အာဟာရများကိုအကောင်းဆုံးစုပ်ယူနိုင်ပြီး ကိုယ်ခံအားကောင်းစေနိုင်သကဲ့သို့ ကိုယ်တွင်းကအဆိပ်အတောက်များကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်သည်။ အနံ့မွှေးမွှေးနှင့် ချဉ်ပြုံးပြုံးအရသာရှိလှပြီး ဖျော်ရည်သောက်၍ဖြစ်စေ၊ အသုပ်ထဲ ထည့်စား၍ဖြစ်စေ အရသာရှိသကဲ့သို့ ခံတွင်းရှင်းပြီး သံပရိုသီးခွံကလည်း နေ့စဉ်ဘဝတွင် ကျန်းမာရေးကို အထောက်အကူ များစွာပေးသည့်အတွက် သင့်တင့်မျှတစွာ စားပေးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
MWD
