ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုတို့မှတစ်ဆင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဆီသို့
Posted_Date
Image
Body
ယနေ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (Cultural and Creative Industries – CCIs)သည် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ဦးတည်လာသည်။ အကြောင်းမူကား ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများသည် ယဉ်ကျေးမှုအရင်းအမြစ်များနှင့် လူသားတို့၏တီထွင် ဖန်တီးနိုင်စွမ်းကို အသုံးပြု၍ စီးပွားရေးတန်ဖိုး၊ လူမှုရေးတန်ဖိုးနှင့် ယဉ်ကျေးမှုတန်ဖိုးတို့ကို မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့် နိုင်ငံများစွာတွင် ဖွံ့ဖြိုးရေးမဟာဗျူဟာချမှတ်ရေး၌ထည့်သွင်းရေးဆွဲ၍ အလေးပေးဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာလက်မှုပညာရပ်များ ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများကို မြှင့်တင်ပေးနိုင်ရေးတွင် အခွင့်အလမ်းများစွာရှိသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်
ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (Cultural and Creative Industries–CCIs) ဆိုသည်မှာ ယဉ်ကျေးမှု(Culture)၊ တီထွင်ဖန်တီးမှု(Creativity)၊ အသိပညာ (Knowledge)နှင့် ဉာဏမူပိုင်ခွင့်(Intellectual Property)တို့ကို အခြေခံ၍ ယဉ်ကျေးမှုဆိုင်ရာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဖန်တီးထုတ်လုပ်ပြီး ယဉ်ကျေးမှုတန်ဖိုး၊ စီးပွားရေးတန်ဖိုးနှင့် လူမှုရေးတန်ဖိုးများ ဖန်တီးမြှင့်တင်ပေးသောလုပ်ငန်းများဟု ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (United Nations Educational, Scientific and Cultural Organization - UNESCO)က ဖွင့်ဆိုထားသည်။
တစ်နည်းအားဖြင့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (CCIs)သည် ယဉ်ကျေးမှုအရင်းအမြစ်များနှင့် ဖန်တီးမှုစွမ်းရည်များကို အသုံးပြု၍ အလုပ်အကိုင်ဖန်တီးခြင်း၊ စီးပွားရေး တိုးတက်မှုကိုအားပေးခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ အတွက် ဆောင်ရွက်သည့် လုပ်ငန်းများပင်ဖြစ်ပေသည်။
ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (CCIs) တွင် အောက်ဖော်ပြပါကဏ္ဍများ ပါဝင်သည်-
- ဖျော်ဖြေရေးအနုပညာ (ကပွဲ၊ ပြဇာတ်၊ ရိုးရာအကအလှ)၊
- အနုပညာ (ပန်းချီ၊ ပန်းပုနှင့်လက်ရာအနုပညာများ)၊
- ရုပ်ရှင်နှင့် မီဒီယာ၊
- ဂီတ၊
- ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊
- ရိုးရာလက်မှုပညာနှင့် ဒီဇိုင်းလုပ်ငန်း၊
- ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆက်စပ်သော ဒစ်ဂျစ်တယ်တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်း။
မြန်မာ့ရိုးရာလက်မှုပညာများ၏အခန်းကဏ္ဍ
မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ(Myanmar’s Intangible Cultural Heritage) ဖြစ်သည့် ရိုးရာလက်မှုပညာများနှင့် ရိုးရာအနုပညာများသည် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများပင်ဖြစ်ပေသည်။
ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း အစရှိသည့် မြန်မာ့ပန်းဆယ်မျိုး လက်မှုအနုပညာများသည် အနုပညာတန်ဖိုးရှိရုံသာမက စီးပွားရေးတန်ဖိုးကိုလည်း ဖန်တီးပေးနိုင်သော ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများ(CCIs) ဖြစ်သည်။
အထူးသဖြင့် ပုဂံဒေသတွင် ထင်ရှားလျက်ရှိသည့် ပန်းယွန်းလုပ်ငန်းသည် ရိုးရာဒီဇိုင်းများ၊ အနုပညာလက်ရာများနှင့် အတတ်ပညာများပေါင်းစပ်ထားသည့် ယဉ်ကျေးမှုထုတ်ကုန်များဖြစ်သည်။ အဆိုပါထုတ်ကုန်များသည် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ ခရီးသွားဈေးကွက်ဖွံ့ဖြိုးရေးနှင့် လက်မှုပညာရှင်များ၏ အသက်မွေးဝမ်းကျောင်းတို့ကို အထောက်အကူပြုသည့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းဖြစ်ပေသည်။
လက်မှုပညာများသည် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပေးရုံသာမက ခရီးသွားလုပ်ငန်းနှင့် ပေါင်းစပ်၍ ဒေသခံပြည်သူများအတွက် ဝင်ငွေအခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ သို့ဖြစ်ပါ၍ စီးပွားရေးတန်ဖိုးနှင့် လူမှုရေးတန်ဖိုးတက်စေသည့်အပြင် ယဉ်ကျေးမှုမူပိုင်ကိုလည်းဖြစ်စေသည်။ ထို့ကြောင့် CCIs များသည် ယဉ်ကျေးမှုအရင်းအမြစ်များကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာတန်ဖိုးများအဖြစ် ပြောင်းလဲပေးနိုင်သော အရေးပါသည့် လုပ်ငန်းများပင်ဖြစ်ပေသည်။
ယဉ်ကျေးမှုခရီးသွားလုပ်ငန်း
မြန်မာနိုင်ငံတွင် ခရီးသွားလာရေးအတွက် အထင်ကရနေရာ များစွာရှိသည့်အနက် ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသလည်း ဖြစ်သည်။ ပုဂံဒေသတွင် စေတီပုထိုးများ၊ ရှေးဟောင်းဗိသုကာ လက်ရာများနှင့် လက်မှုပညာရပ်များသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသော အရင်းအမြစ်များပင်ဖြစ်ပေသည်။
ထို့ပြင် ရိုးရာအစားအစာဖြစ်သည့် ပုံးရည်ကြီး၊ ထန်းလျက်၊ ယိုမျိုးစုံနှင့် လက်မှုပစ္စည်းများဖြစ်သည့် ယွန်းထည်၊ ချည်ထည်စသည့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်း (CCIs)တို့သည်လည်း ပုဂံဒေသ၌ ထင်ရှားစွာရှင်သန်လျက်ရှိပြီး ခရီးသွားဝင်ငွေတိုးတက်စေခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်းတို့ကိုဖြစ်ပေါ်စေသည်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များ စာအုပ်ထုတ်ဝေမှု
UNESCO က ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော “Backstage: Managing creativity and the arts in South-East Asia” စာအုပ်တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ ကိုးနိုင်ငံ၏ တီထွင်ဖန်တီးမှုကဏ္ဍဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ဖော်ပြထားပါသဖြင့် online ဖြင့် အခမဲ့ဝင်ရောက်ဖတ်ရှုနိုင်သည်။
(https://unesdoc.unesco.org/ark:/48223/pf0000381380)
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု
Mekong Institute (MI) သည် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (MKCF)၏ ပံ့ပိုးမှုဖြင့် “Creative4Mekong” စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် မဲခေါင်ဒေသတွင်းနိုင်ငံများ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်)မှ ကိုယ်စားလှယ်များသည် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ အတွေ့အကြုံဖလှယ်ခဲ့ကြသည်။
မြန်မာနိုင်ငံမှ ပုဂံမြို့ရှိ အနုပညာ၊ လက်မှုပညာနှင့် ဒီဇိုင်းနယ်ပယ်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံ၏ ဉာဏမူပိုင်ခွင့် ကာကွယ်ရေးစနစ်နှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကို လေ့လာခွင့်ရရှိခဲ့ကြသည်။
ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အာဆီယံနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် အာဆီယံဒေသတွင်း၌ ချမှတ်ထားသော ယဉ်ကျေးမှုဆိုင်ရာ အရေးပါသောမူဝါဒများနှင့် ကြေညာစာတမ်းများကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးက ထောက်ခံချက် (Endorsement)ပေး၍ အာဆီယံထိပ်သီး အစည်းအဝေးများ၌ အတည်ပြုခြင်း(Adoption)နှင့် အသိအမှတ်ပြုခြင်း(Notation)များ ဆောင်ရွက်ကြသည်။
ထိုအနက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့၌ အတည်ပြုခဲ့သည့် တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး လိုက်လျောညီထွေဖြစ်သောအာဆီယံ အသိုက်အဝန်းကို ယဉ်ကျေးမှုနှင့် ဖန်တီးမှုစီးပွားရေး မြှင့်တင်ခြင်းဆိုင်ရာကြေညာစာတမ်း "Siem Reap Declaration on Promoting a Creative and Adaptive ASEAN Community to Support the Cultural and Creative Economy" သည် အရေးပါသော ကြေညာစာတမ်းတစ်ရပ်ဖြစ်သည်။ ဤကြေညာစာတမ်းသည် ယဉ်ကျေးမှု၊ အနုပညာကဏ္ဍများနှင့် စီးပွားရေးပြန်လည် နာလန်ထူရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အထောက်အကူပြုရန်ရည်ရွယ်သည်။
ကြေညာစာတမ်းကို ချမှတ်ခဲ့ရသည့်အကြောင်းရင်းများ နောက်ခံသမိုင်း
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီးများ အစည်းအဝေး (AMCA)၌ ကိုဗစ် -၁၉ ရောဂါကြောင့် ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍအပေါ် သက်ရောက်မှုနှင့် အနာဂတ်တွင် ဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။
အာဆီယံဒေသတွင်းအဓိပ္ပာယ်ဖွင့်ဆိုချက်
ဆက်လက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာဆီယံဒေသတွင်း တီထွင်ဖန်တီးမှုစီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ(ARWCE)တွင် အာဆီယံတီထွင် ဖန်တီးမှုစီးပွားရေး (ASEAN Creative Economy – ACE)ကို “အမွေအနှစ်၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဒီဇိုင်း၊ သိပ္ပံနှင့် မီဒီယာပညာတို့အပေါ် အခြေခံသည့်လူသား၏ တီထွင်ဖန်တီးနိုင်စွမ်းမှပေါ်ထွန်းလာသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ” ဟုသတ်မှတ်ဖွင့်ဆိုခဲ့သည်။
ACRF နှင့်ဆက်စပ်မှု
ထို့ပြင် အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework –ACRF) တွင်လည်း ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှု စီးပွားရေးကို ကိုဗစ်-၁၉ ရောဂါနောက်ပိုင်း စီးပွားရေးပြန်လည် နာလန်ထူရေးအတွက် အရေးပါသည့်ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်လာကြသည်။
အာဆီယံကြေညာစာတမ်းများ၏ အရေးပါမှု
အဆိုပါကြေညာစာတမ်းသည် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်း၊ CCIs များ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးခြင်း၊ ဒေသတွင်းယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းတို့ကို အဓိကရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်သည့်အတွက် အာဆီယံဒေသတွင်း၌ အရေးပါလှသည်။
ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ် လုပ်ဆောင်ချက်များ
အာဆီယံနိုင်ငံများသည် CCIs များ ဖွံ့ဖြိုးတိုးတက်စေရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်း၊ ယဉ်ကျေးမှုလက်မှုပညာ ဖန်တီးသူများ၏ စွမ်းရည်မြှင့်တင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာပြန့်ပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုတိုးမြှင့်ရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် CCIs များသည် အာဆီယံဒေသ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်လာရန်မျှော်မှန်းသည်။
ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးဖန်တီးခြင်းဆိုင်ရာ မလက်ကာကြေညာစာတမ်း ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးဖန်တီးခြင်းဆိုင်ရာ မလက်ကာကြေညာစာတမ်း (Melaka Declaration On Cultural Heritage Value Creation)ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်တွင် အာဆီယံဒေသတွင်း၌ ချမှတ်အတည်ပြုခဲ့ကြသည်။
အဆိုပါကြေညာစာတမ်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာယဉ်ကျေးမှု အမွေအနှစ်များကို ခွဲခြားသတ်မှတ်ရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန်၊ အခွင့်အရေးရရှိရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်သည်။ ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ထားသည်။
ကြေညာစာတမ်းပါ အဓိက သဘောတူညီချက်ကြီး(၅)ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁) ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးကွင်းဆက်များအား အဖွဲ့အစည်းဆိုင်ရာ အထောက်အပံ့ဖြင့် မြှင့်တင်ရန် နိုင်ငံအဆင့် ဥပဒေပြုချက်များ၊ ဒေသတွင်းမူဘောင်များ ချမှတ်မှုအားကောင်းခိုင်မာစေခြင်း၊
(၂) ဝင်ငွေနှင့် အလုပ်အကိုင်အရင်းအမြစ်အသစ်များဖန်တီးနိုင်ရေး ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးဖန်တီးမှုအတွက် စီးပွားရေးပုံစံသစ်များဖော်ဆောင်ခြင်း၊
(၃) ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးနှင့် တန်ဖိုးဖန်တီးရေးတို့တွင် စွမ်းဆောင်ရည်နှင့် အရည်အချင်းမြှင့်တင်ရန် အမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်နေသူများ၊ ဥပဒေ၊ အကောက်ခွန်နှင့်သက်ဆိုင်ရာ အရာရှိများအတွက် လေ့ကျင့်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊
(၄) ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းတို့အကြား ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက် ဆက်ဆံရေးများ အားကောင်းစေခြင်း၊
(၅) ချောမွေ့ပြီး ထိရောက်သော အကောင်အထည်ဖော်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိစေရေး မူဘောင်လုပ်ငန်းစဉ်တစ်ရပ်မှတစ်ဆင့် စောင့်ကြည့်အကဲဖြတ်မှုကိုမြှင့်တင်ခြင်း။
အာဆီယံဒေသတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများ
ထိုသို့ အာဆီယံဒေသတွင်း CCIs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နေပါသော်လည်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ ရန်ပုံငွေရှားပါးမှု၊ ဉာဏမူပိုင်ခွင့် အကာအကွယ်အားနည်းမှု၊ ခေတ်မီနည်းပညာ သုံးစွဲနိုင်မှုနည်းပါးခြင်း၊ ဈေးကွက်ချဲ့ထွင်ရေး အားနည်းခြင်း၊ မျိုးဆက်သစ်လက်မှုပညာရှင်များ ရှားပါးလာခြင်းနှင့် ကုန်ကြမ်းပစ္စည်းရရှိရေး အခက်အခဲများပင်ဖြစ်ပေသည်။
ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ (CCIs) သည် ယနေ့ခေတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍဖြစ်ရုံသာမက လူမှုအသိုက်အဝန်း၏ ယဉ်ကျေးမှုကို တိုးတက်မြှင့်တင်နိုင်ပြီး ဖန်တီးနိုင်စွမ်းကိုလည်း အားပေးထောက်ပံ့ပေးသည်။ မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာလက်မှုပညာများ ကြွယ်ဝစွာတည်ရှိရာ နိုင်ငံဖြစ်သဖြင့် CCIs ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဒေသတွင်း၌ အလားအလာကောင်းများရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ရပ်တည်နေသည်။
ယွန်းထည်လုပ်ငန်းအပါအဝင် ရိုးရာအနုပညာနှင့် လက်မှုပညာရပ်များကို စနစ်တကျထိန်းသိမ်း မြှင့်တင်နိုင်ပါက ယဉ်ကျေးမှု အမွေအနှစ်များ၏ ရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်သည့် အပြင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုဘဝဖူလုံရေးတို့ကိုပါ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အာဆီယံအဆင့် ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ချမှတ်ထားသော မူဝါဒများနှင့် ကြေညာစာတမ်းများသည်လည်း မြန်မာနိုင်ငံ၏ CCIs ကဏ္ဍ မြှင့်တင်ရေးအတွက် အရေးပါလှသည်။
သို့ရာတွင် အဆိုပါအလားအလာများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ကျော်လွှားရမည့် စိန်ခေါ်မှုများလည်း ရှိနေသေးသည်။ သို့ဖြစ်ပါ၍ CCIs လုပ်ငန်းများအတွက် သီးသန့်မူဝါဒနှင့် မဟာဗျူဟာများချမှတ်ခြင်း၊ ဉာဏမူပိုင်ခွင့်ကာကွယ်ရေးဥပဒေများကို ထိထိရောက်ရောက် ပြဋ္ဌာန်းအကောင်အထည်ဖော်နိုင်ရန် အရေးကြီးလှသည်။
CCIs လုပ်ငန်းများအတွက် အထူးရန်ပုံငွေအစီအစဉ်များဖန်တီးခြင်း၊ ဘဏ်ချေးငွေရယူနိုင်ရေးကို လွယ်ကူချောမွေ့စေခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခြင်းတို့ ဆောင်ရွက်သင့်လှသည်။ ယဉ်ကျေးမှုနှင့် သက်ဆိုင်သူများ၊ လက်မှုပညာရှင်များအတွက် ခေတ်မီစီးပွားရေးစီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု၊ ဈေးကွက်ချဲ့ထွင်မှုဆိုင်ရာ သင်တန်းများစနစ်တကျ ပြုလုပ်ပေးရန်လည်း လိုအပ်သည်။
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် အွန်လိုင်းဈေးကွက်များဖန်တီးခြင်း၊ ဒစ်ဂျစ်တယ်အနုပညာလက်ရာများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးခြင်း၊ e-Commerce စနစ်များနှင့် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်ခြင်းတို့သည် ယနေ့ခေတ်ကာလ၌ မလွှဲမရှောင် လိုအပ်သည်။
မဟာဗျူဟာများချမှတ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် သီးခြားဆောင်ရွက်နေရုံမျှ ဆောင်ရွက်နေခြင်းသည် လုံလောက်မှုမရှိနိုင်ပါ။
အဆိုပါလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန် အစိုးရဌာနများအကြား၊ အစိုးရနှင့် ပုဂ္ဂလိကအကြား၊ နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများအကြား၊ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာတည်ဆောက်ရန် မရှိမဖြစ်လိုအပ်သည်။
ဘက်စုံပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ မဟာဗျူဟာများချမှတ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းရည်မြှင့်တင်မှုနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုတို့ကို စနစ်တကျ အကောင်အထည်ဖော်နိုင်မည် ဆိုပါက မြန်မာနိုင်ငံ၏ CCIs ကဏ္ဍသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်ပေမည်။ ထို့ပြင် အာဆီယံဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အဓိကမောင်းနှင်အား တစ်ရပ်အဖြစ် ပါဝင်လာနိုင်မည်မှာ ဧကန်အမှန်ပင်ဖြစ်ပါကြောင်း အလေးအနက်ထား၍ ရေးသား တင်ပြလိုက်ရပါသည်။ ။
MWD
