ကောက်ရိုးကိုအကျိုးရှိစွာသုံးစွဲရေး (အပိုင်း-၂)
Posted_Date
Image
Body
မြေဆီလွှာဖုံးပစ္စည်းအဖြစ် အသုံးပြုခြင်း
ကောက်ရိုးကိုဆင်ခြေလျှောရှိသောမြေပြင်များတွင် မြေဆီလွှာဖုံးပစ္စည်းအဖြစ်အသုံးပြုပါက မြေဆီလွှာတိုက်စားမှုကို အကာအကွယ်ပေးကြောင်းသိရသည်။ မြေကို ၃၀ ရာခိုင်နှုန်းဖုံးလွှမ်းပေးထားလျှင် မြေတိုက်စားမှု ၉၂ ဒသမ ၀၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်။ ၆၀ ရာခိုင်နှုန်းဖုံးလွှမ်းပေးနိုင်လျှင် မြေတိုက်စားမှု ၉၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိလျှော့ချပေးသည်။ မြေပြင်ကို ၉၀ ရာခိုင်နှုန်းအထိဖုံးလွှမ်းပေးလျှင် ၉၈ ဒသမ ၂၁ ရာခိုင်နှုန်းအထိ မြေဆီလွှာတိုက်စားမှုကိုကာကွယ်ပေးနိုင်ကြောင်းသိရသည်။ ထို့ကြောင့်အမျှင်ဓာတ်များစွာ ပါဝင်သောကောက်ရိုးကို မြေဆီလွှာတိုက်စားမှုများနိုင်သောနေရာများတွင် မြေဖုံးပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။ သီးနှံစိုက်ပျိုးချိန်တွင် အသုံးပြုနိုင်သကဲ့သို့ သီးနှံမစိုက်ပျိုးထားသောမြေတွင်လည်း မြေကိုဖုံးထားပေးခြင်းဖြင့် မြေဆီလွှာကို ရေလေတိုက်စားမှုမှကာကွယ်နိုင်ပြီး မိုးရေနှင့်စိမ့်စမ်းရေကို ထိန်းထားနိုင်ကာ မြေအစိုဓာတ်ပျောက်ဆုံးမှုကိုလည်း ဟန့်တားနိုင်သည်။
ကောက်ရိုးသည် အပူချိန်နှင့်အစိုဓာတ်သမမျှတနေပါက ရက် ၉၀ အတွင်း ကြေပျက်လွယ်သော အခြေအနေရှိသည့်အတွက် မြေပြင်သို့ မြေဆွေးဓာတ်အဖြစ် ပြန်လည်ရရှိစေနိုင်စွမ်းပေးသည်။
မြေပြင်ကို ၃၀ ရာခိုင်နှုန်းဖုံးအုပ်နိုင်ရန်အတွက် မြေတစ်ဧကလျှင် ကောက်ရိုး ၂ တန်နှုန်းဖုံးပေးခြင်းတွင် ၈၀၀ စတုရန်းပေ မြေတစ်ကွက်အတွက် ၇၅ ပေါင် အလေးချိန်ရှိ ကောက်ရိုးတစ်ထုံးအသုံးပြုနိုင်သည်။ မြေပြင်ဆင်ခြေလျှောကို ဖုံးလွှမ်းပေးရာတွင် ကောက်ရိုးအထူအပါးသည် ဆင်ခြေလျှောအနိမ့်အမြင့်အပေါ်တွင် များစွာမူတည်သည်။ ယေဘုယျအားဖြင့် ဆင်ခြေလျှောစောက် ၃ လက်မမှ ၄ လက်မအခြေအနေတွင် မြေပြင်အထက် ၁ လက်မမှ ၂ လက်မအထူဖုံးထားပေးသင့်ပြီးဆင်ခြေလျှောစောက် ၆ လက်မအထက်ရှည်လျားလျှင် ကောက်ရိုးဖြင့်သာ ဖုံးလွှမ်းကာကွယ်ခြင်းသည် မပြည့်စုံပေ။
လတ်တလောကာကွယ်ခြင်းအဖြစ် ကောက်ရိုးကို ၄ လက်မမှ ၆ လက်မအထူ ဖုံးထားပေးသင့်သည်။
ကောက်ရိုးကိုမြေဆွေးပြုလုပ်ခြင်း
ကောက်ရိုးကို မြေဆွေးပြုလုပ်ရာတွင်နွားချေးနှင့်ရောစပ်ပြုလုပ်ကြသည်။အကျိုးပြုအဏုဇီဝအီးအမ်ကိုထည့်၍ အသုံးပြုပေးပါက မြေဆွေးဖြစ်မှုလျင်မြန်စေပြီး ရရှိလာသော မြေဆွေးတွင်လည်းအာဟာရဓာတ်ပါဝင်မှုပိုမိုစေကြောင်း တွေ့ရှိရသည်။ အကျိုးပြုအဏုဇီဝအီးအမ်ထည့်၍အသုံးပြုပေးပါက နိုက်ထရိုဂျင် ၁ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဖော့စဖောရပ် သုည ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ပိုတက်စီယမ် ၁ ဒသမ ၃၆ ရာခိုင်နှုန်းရရှိစေပြီး ရိုးရိုးမြေဆွေးတွင် နိုက်ထရိုဂျင် သုည ဒသမ ၉၂ ရာခိုင်နှုန်း၊ ဖော့စဖောရပ် သုည ဒသမ ၁၈ ရာခိုင်နှုန်းနှင့် ပိုတက်စီယမ် သုည ဒသမ ၉၁ ရာခိုင်နှုန်းပါရှိကြောင်း သိရသည်။ ကောက်ရိုးတွင် ကာဗွန်ပါဝင်မှုမြင့်မားပြီး ကာဗွန်နိုက်ထရိုဂျင် အချိုး (၈၀:၁)ထိရှိသည်။ ဆီလီကာနှင့် လစ်ဂနင်ဓာတ်များစွာပါဝင်သည်။
ကောက်ရိုးမှိုစိုက်ပျိုးရန်အသုံးပြုခြင်း
မှိုစိုက်ပျိုးရန်လိုအပ်သောပစ္စည်းများတွင် ခြောက်သွေ့ပြီးမှိုတက်ခြင်းမရှိသော ကောက်ရိုးအသစ်များကိုအသုံးပြုပါ။ မှိုမျိုးကို အရည်အသွေးကောင်းပြီး မှိုမျှင်များပြည့်ဝသော မှိုမျိုးကိုရွေးချယ်ပါ။ အာဟာရဖြည့်စွက်စာအဖြစ် ပဲမှုန့်၊ နှမ်းဖတ်ကြမ်းမှုန့် သို့မဟုတ် နွားချေးတို့ကိုသုံးနိုင်သည်။ ပလတ်စတစ်စကို အစိုဓာတ်ထိန်းရန်အတွက်အသုံးပြုပါ။ ထုံးမှုန့်ကို ရေထဲတွင် ချဉ်ငန်ဓာတ်မျှတစေရန်ထည့်ပါ။ မှိုစိုက်ပျိုးထုပ်အတွက် ရောစပ်စာပြုလုပ်ရာတွင် ကောက်ရိုးနှင့် သစ်ပွလွှစာ ၁၀၀ ရာခိုင်နှုန်း၊ ဆန်ဖွဲနု ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း၊ ပြောင်းဖွဲ ၃ ရာခိုင်နှုန်း၊ ပဲဖွဲ ၂ ရာခိုင်နှုန်း၊ သကြား/ဂလူးကို့စ် ၁ ရာခိုင်နှုန်း၊ ဆားခါး သုည ဒသမ ၂ ရာခိုင်နှုန်း၊ မဖောက်ထုံး ၁ ရာခိုင်နှုန်း၊ ရေ ၆၅ ရာခိုင်နှုန်းဖြင့် ရောစပ်ပြုလုပ်ရသည်။
စိုက်ပျိုးနည်းအဆင့်ဆင့်
(ကောက်ရိုးပုံသုံးမှိုစိုက်နည်း)
ကောက်ရိုးများကို ၈၀ စင်တီမီတာမှ ၉၅ စင်တီမီတာ (၃၂ လက်မခန့်)အရှည်ရှိသည့် အစည်းငယ်များပြုလုပ်ပါ။
ကောက်ရိုးအစည်းများကို ရေတွင် ၁၂ နာရီမှ ၁၈ နာရီအထိစိမ်ထားပါ။ ထုံးမှုန့်အနည်းငယ်ထည့်ပေးနိုင်သည်။ ရေစိမ်ထားသောကောက်ရိုးများကို ရေစစ်သွားအောင် ဝါးစင် သို့မဟုတ် မြေကြီးမှ အနည်းငယ်မြင့်သောနေရာတွင် တင်ထားပါ။ စိုက်ပေါင်၏ ပထမအလွှာအတွက် ကောက်ရိုးအစည်းလေးခု သို့မဟုတ် ငါးခုကို ဘေးချင်းကပ်၍စီပေးပါ။ ပထမအလွှာပေါ်တွင် မှိုမျိုးကို နေရာခုနစ်နေရာမှ ရှစ်နေရာခန့်ခွဲထည့်ပေးပါ။ မှိုမျိုးထည့်သောနေရာပေါ်တွင် အာဟာရဖြည့်စွက်စာအနည်းငယ်ဖြူးပေးပါ။ နောက်တစ်လွှာကို ပထမအလွှာနှင့် ထောင့်မှန်ကျအောင် ထပ်၍တင်ပါ။ အလွှာလေးလွှာမှငါးလွှာအထိပြုလုပ်ပြီး မှိုမျိုးနှင့် အာဟာရဖြည့်စွက်စာထည့်ပေးပါ။ စိုက်ပေါင်တစ်ခုလုံးကို ပလတ်စတစ်ဖြင့် အုပ်ထားပြီး အစိုဓာတ် ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းနှင့် အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ကြားထိန်းသိမ်းထားပါ။ မှိုမျှင်များပွားလာချိန်တွင် အပူချိန်နှင့်အစိုဓာတ်ကို စောင့်ကြည့်ပါ။ မှိုဥငယ်များ စတင်ပေါ်လာသည့်အခါတွင် ပလတ်စတစ်အဖုံးကို ဖယ်ရှားပေးပါ။ မှိုဥများသည် မပွင့်မီ “ဥ” အဆင့်တွင်ရှိနေစဉ် ခူးယူရပါမည်။ ခူးဆွတ်ချိန်တွင် မှိုအားလုံးကို အုံလိုက်ဆွဲခူးရပါမည်။ ပထမအကြိမ် မှိုဥများခူးပြီးနောက် နောက်ထပ်နှစ်ကြိမ်မှ သုံးကြိမ်အထိ ထပ်မံထွက်ရှိနိုင်သည်။ စိုက်ပျိုးသော မှိုမျိုး၏ အရည်အသွေးသည် အထွက်နှုန်းကို အဓိကသက်ရောက်မှုရှိသည်။ မှိုမျိုးကို အေးခဲအောင်မထားရ၊ ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်ကြား အကောင်းဆုံးဖြစ်သည်။ မှိုစိုက်ပျိုးရာတွင် မှိုမျိုး၊ ကုန်ကြမ်း (ပွားစာ)နှင့် ပတ်ဝန်းကျင်အခြေအနေဟူသော အဓိကအချက် (၃) ချက်
အနက် တစ်ခုခုချို့ယွင်းပါက အောင်မြင်မှုမရနိုင်ပါ။
ဘိုင်အိုချာခေါ် ဇီဝမီးသွေးမြေဩဇာထုတ်လုပ်ခြင်းနှင့်အသုံးပြုခြင်း
ဘိုင်အိုချာသည် ကာဗွန်ဓာတ်ကြွယ်ဝသော ဇီဝမြေဩဇာတစ်ခုဖြစ်သည်။ မြေဆီလွှာကို ထုတ်လုပ်စွမ်းအားတိုးတက်စေသော မြေပြုပြင်ပစ္စည်း၊ ကာဗွန်စုဆောင်းခြင်း၊ မြေတွင်းရေကို စစ်ထုတ်ပေးသောပစ္စည်း စသည်ဖြင့်ခေါ်ဝေါ်အသုံးပြုကြသည်။ သဘာဝပစ္စည်းများဖြစ်သော သီးနှံအကြွင်းအကျန်၊စွန့်ပစ်ပစ္စည်း၊သစ်ကိုင်းသစ်ခက်များကိုအပူပေး၍ ချေဖျက်ခြင်းဖြင့် ဇီဝအစိုင်အခဲ၊ မီးသွေးခဲအဖြစ်ပုံစံပြောင်း၍ မြေဩဇာအဖြစ်သုံးစွဲကြခြင်းဖြစ်သည်။ အောက်ဆီဂျင်ဖြင့် ဓာတ်တိုးပေးမှုကို ကန့်သတ်ဆောင်ရွက်ခြင်း၊ လေထုတွင်းသို့ ကာဗွန်ဓာတ်ငွေ့များပျံ့လွင့်မှုကိုထိန်းချုပ်ကာ အပူချိန် ၅၀၀ ဒီဂရီစင်တီဂရိတ်မှ ၇၀၀ ဒီဂရီစင်တီဂရိတ်ပေး၍လောင်ကျွမ်းစေခြင်းဖြင့် ဘိုင်အိုချာကိုရရှိသည်။
ကောက်ရိုးမှ ပိုတက်စီယမ်နှင့်ဆီလီကာပြန်လည်ရရှိနိုင်ခြင်း
ကောက်ရိုးတွင်လစ်ဂနင်ဆဲလ်လူးလို့စ်ခေါ် အမျှင်များသောဓာတ်ပစ္စည်းများ ပါဝင်နေပြီး ခွဲခြားကြည့်လျှင် ဆဲလ်လူးလို့စ် ၂၄ ရာခိုင်နှုန်း၊ ဟေမီဆဲလ်လူးလို့စ် ၂၇ ဒသမ ၈ ရာခိုင်နှုန်းနှင့် လစ်ဂနင် ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ ပြာ ၁၇ ရာခိုင်နှုန်းတို့ပါဝင်သည်။ ၎င်းနှင့်ဆက်စပ်လျက်ဆီလီကာများစွာပါရှိကြောင်းသိရသည်။ ကောက်ရိုးကိုမြေဆွေးပြုလုပ်ပြီး မြေမှာပြန်လည်သုံးစွဲခြင်းကြောင့် ဆီလီကာဓာတ်ကို ပြန်လည်ရရှိနိုင်သည်။ မြေတွင်း၌မပျော်ဝင်လွယ်သော ပိုတက်စီယမ်နှင့်ဆီလီကာဓာတ်တို့မှာ ကောက်ရိုးတွင်ကြွယ်ဝစွာပါဝင်နေပြီး ကောက်ရိုးကိုဖယ်ရှားခြင်းဖြင့် ၎င်းတို့ကို ဆုံးရှုံးသွားစေသည်။
မြေမှာ ပြန်လည်အသုံးပြုခြင်းဖြင့် ပျော်ဝင်လွယ်သော ပိုတက်စီယမ်ကွန်ပေါင်းနှင့် ဆီလီကိတ်ဓာတ်ပေါင်းများအဖြစ် ပြောင်းလဲစေပြီး အပင်မှပြန်လည်ရရှိစေနိုင်သည်။
နိုင်ငံတကာနှင့်ဆက်စပ်လုပ်ငန်းဖော်ဆောင်မှု
မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံများနည်းတူ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အကြံပေးအဖွဲ့များနှင့်ပူးပေါင်း၍ ကာဗွန်လျှော့ချရေးဆိုင်ရာအချက်အလက်များပံ့ပိုးပေးခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊အကြံပေးအဖွဲ့တို့နှင့် သက်ဆိုင်သူများ၏ ဆွေးနွေးမှုများကို ပံ့ပိုး ဆောင်ရွက်ပေးခြင်း၊ ကာဗွန်လျှော့ချရေးမဟာဗျူဟာတွင် ထည့်သွင်းမည့်အချက်အလက်များဆွေးနွေးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း စသည်တို့ကိုပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ကျင်းပခဲ့သော "Briefing on carbon neutrality study" ၊ ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်တွင် ကျင်းပခဲ့သော "Carbon neutrality plenary meeting"အစည်းအဝေးများကို အွန်လိုင်းဖြင့် တက်ရောက်ခဲ့သည်။ ASEAN Carbon Neutrality Strategy ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန် စိုက်ပျိုးသီးနှံအကြွင်းအကျန်များ မီးရှို့မှုလျှော့ချရေး လက်ရှိ ကြိုးပမ်းအားထုတ်မှုများအနေဖြင့် သီးနှံအကြွင်းအကျန်များကို မီးရှို့မည့်အစား တောင်သူလယ်သမားများအား မြေဆွေး သို့မဟုတ် ဘိုင်အိုချာပြုလုပ်ခြင်းနှင့်သဘာဝမြေသြဇာအဖြစ် အသုံးပြုခြင်းအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချနိုင်စေရန်အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ-
(၁) လယ်ယာစွန့်ပစ်ပစ္စည်းများနှင့် မြေဆွေးပုံများ ဆောင်ရွက်ခြင်း၊
(၂) မြေဆွေးပြုလုပ်ခြင်း သရုပ်ပြလှုပ်ရှားမှုများ၊
(၃) မြေဖုံးခြင်း၊ စံပြကွက်စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊
(၄) သစ်စိမ်းမြေဩဇာထည့်သွင်းမှုစံပြကွက်၊ စမ်းသပ်ကွက်များဆောင်ရွက်ခြင်း၊
(၅) သီးနှံစွန့်ပစ်ပစ္စည်းများ မီးရှို့မှုကို ကာကွယ်ရန် နည်းပညာပေးသင်တန်းများဆောင်ရွက်ခြင်း၊
(၆) မြေဆွေးကိုအသုံးပြု၍ ဓာတ်မြေသြဇာအသုံးပြုမှု လျှော့ချရန်အတွက်စမ်းသပ်မှုများပြုလုပ်ခြင်း အစရှိသောလုပ်ငန်းများကို တောင်သူစိုက်ခင်းများတွင် လက်တွေ့ပြသဆောင်ရွက်နေကြသည်။
တောင်သူများအနေဖြင့် မိမိစိုက်ခင်းမှထွက်ရှိသော ကောက်ရိုးနှင့်သီးနှံအကြွင်းအကျန်များ၊ စိုက်ခင်းပတ်ဝန်းကျင်မှ အလွယ်တကူရယူ စုဆောင်းနိုင်သော သစ်ကိုင်းသစ်ခက် လယ်ယာမြေအမှိုက်များကို မြေဆီလွှာအာဟာရ ပြန်လည်ဖြည့်စွမ်းပေးနိုင်သော ရတနာတစ်ခုပမာတန်ဖိုးထား စံစနစ်ကျနစွာ ပြန်လည်အသုံးပြုကြပါလျှင်“ကျေးရွာအမှိုက် လယ်ယာမြေရတနာသိုက်” ဖြစ်လာမှာအမှန်ပင်ဖြစ်ပါသည်။ ။
MWD
