ဆန်းသစ်တီထွင်မှုများနှင့်အတူ MSME လုပ်ငန်းများကို နိုင်ငံတော်ကအားပေးမြှင့်တင်

Posted_Date

Image

ဆန်းသစ်တီထွင်မှုများနှင့်အတူ MSME လုပ်ငန်းများကို နိုင်ငံတော်ကအားပေးမြှင့်တင်

Body

ယနေ့ခေတ် ကမ္ဘာကြီးသည် အရာရာတွင် တိုးတက်မှုအပေါင်းနှင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။  လူသားတို့၏ တီထွင်ကြံဆမှုကြောင့်  အသစ်အသစ်တို့သည် အဆက်မပြတ်ဖြစ်ပေါ်နေလျက်ရှိရာ စီးပွားရေးလုပ်ငန်းများသည်လည်း နည်းပညာသစ်များဖြင့် တိုးတက်လျက်ရှိသည်။ 

သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏  အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါလှသည့် အခန်းကဏ္ဍ၌ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ နိုင်ငံတော် အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စား  ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဦးတည်ချက်များချမှတ်ပြီး တွန်းအားပေးထောက်ပံ့ကူညီမှုများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့   MSME  လုပ်ငန်းများသည်  မတူညီသည့်အတွေးအခေါ်များ၊ ဆန်းသစ်တီထွင် မှုများနှင့်အတူ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေးမြင့်မားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး    ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိသည်။ 

MSME ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး

အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေသောကြောင့် MSME လုပ်ငန်းများနှင့် ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   နိုင်ငံတော်မှ မတည်ပံ့ပိုးငွေကျပ်  ဘီလီယံ ၁၇၀ အနက် ကျပ် ၂၀ ဘီလီယံကို MSME ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ်လည်းကောင်း၊ ကျန်ရှိသည့်ဘီလီယံ ကျပ် ၁၅၀ ကို  ချေးငွေထုတ်ချေးနိုင်ရေးအတွက်လည်းကောင်း   သုံးစွဲလျက်ရှိကြောင်း အသေးစား၊  အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု(၁/၂၀၂၆) အစည်းအဝေးပြောကြားချက်အရ သိရသည်။ 

မြန်မာနိုင်ငံ၏  အဓိကစီးပွားရေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကဏ္ဍဖြစ်သည်။ အဆိုပါကဏ္ဍများမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ MSME လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်လေးခုရှိသည်။ ၎င်းတို့မှာ ကုန်ကြမ်း၊ ရင်းနှီးမြှုပ်နှံမှု၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်တို့ဖြစ်သည်။ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကိုအသုံးပြုပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများတွင် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ဒေသတွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးတိုးတက်မှုကို  အထောက်အကူပြုစေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်မှ MSME လုပ်ငန်းရှင်များ၏  လိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းရရှိရေးကိုလည်း ဖြည့်ဆည်းပေးလျက်ရှိရာတွင် MSME ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများလွှဲပြောင်းပေးခြင်း၊ ကုန်စည်ပြပွဲများ ဖိတ်ခေါ်ပြသခြင်း၊ ဒေသတွင်းထုတ်ကုန်ပြပွဲပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့်ခြင်း၊ နိုင်ငံတကာကုန်ထုတ်လုပ်မှု ကွင်းဆက်များတွင် ဝင်ရောက်နိုင်ရန်အကူအညီပေးခြင်း၊ အရင်းအနှီး လိုအပ်ချက်အတွက်  ချေးငွေရရှိရေးဆောင်ရွက်ပေးခြင်းတို့ကို နိုင်ငံတော်ကပံ့ပိုးကူညီပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်  ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ 

ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန် ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ အများဆုံး ပါဝင်နေသည်။ MSME လုပ်ငန်းစုများသည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏ ကျောထောက်နောက်ခံဖြစ်သကဲ့သို့ တီထွင် ဆန်းသစ်မှုများ၏ အဓိကအရင်းအမြစ်များအဖြစ်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ခြင်း၊ ဆင်းရဲမှုလျှော့ ချရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းစုများ၏  အစပြုရာနေရာအဖြစ် လည်းကောင်း၊  MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံအတွင်း ငွေကြေးလည်ပတ်စီးဆင်းမှုကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတစ်ရပ်ဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (Gross Domestic Product) တိုးတက်စေရန်ကိုလည်းကောင်း  အထောက်အကူပြုနိုင်သည်။

ပြည်ထောင်စုအဆင့် ကုန်စည်ပြပွဲ၊ ပြိုင်ပွဲ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အစိုးရမှ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ဖေဖော်ဝါရီလ ၈  ရက်မှ ၁၃ ရက်အထိ  ၆  ရက်တာ ကျင်းပပြုလုပ်လျက်ရှိသည်။      အဆိုပါထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်ကိုယ်စားပြုပြခန်း  ၁၅ ခန်း  ပါဝင်ပြသထားပြီး   ဝန်ကြီးဌာနပြခန်းများ၊ စီးပွားရေးချိတ်ဆက်မှု နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊  အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့်   ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများစသည်ဖြင့် ပြခန်းစုစုပေါင်း ၁၂၆ ခန်းခန့် ပါဝင်ပြသထားသည်။

MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်၌ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများကို ပြခန်းအလိုက်အမျိုးအစားစုံလင်စွာ    ပါဝင်ပြသထားသည်။   ထို့ပြင်  စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ ဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက ပြပွဲတွင် ငါးခြောက်၊ ပုစွန်ခြောက်အပါအဝင် ရေထွက်ကုန်ပစ္စည်းများကိုအခြေခံ၍ ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အသေးစား၊ 

အလတ်စားလုပ်ငန်းများမှ ထုတ်လုပ်သည့် ရေထွက်ကုန်ပစ္စည်းများကို အမျိုးအစားစုံလင်စွာ ပါဝင်ခင်းကျင်းပြသထားသည်။ ထိုသို့ပြသရာတွင် ရေထွက်ကုန်ပစ္စည်းပြုပြင်ထုတ်လုပ်မှုအတွက် အရေးပါသည့် (GHP၊ GMP၊ SSOP)  ကဲ့သို့ သန့်ရှင်းရေးနှင့် ဘေးကင်းစေရေးအတွက် ထုတ်လုပ်သူများအနေဖြင့် သိရှိရမည့်အချက်များ၊ ထုတ်လုပ်ခွင့်လိုင်စင်များနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကိုလည်း ပြပွဲလာရောက်သူများလေ့လာနိုင်ရန် ထည့်သွင်းပြသထားသည်။ နိုင်ငံတော်မှ အဆိုပါ ပြပွဲခင်းကျင်းပြသရသည့် ရည်ရွယ်ချက်မှာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ထုတ်ကုန်ပြသခြင်းအတွက်သာမက MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုးတောင်သူများ၏ လုပ်ငန်းတိုးတက်ရေးအတွက် လက်တွေ့

အကူအညီပေးသည့် ပလက်ဖောင်းတစ်ခုအဖြစ်   ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးတည်ချက်များအောက်က MSME

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အခြေအနေများဖြစ်သည့်   ပြည်ပတင်ပို့မှု၊ တင်သွင်းမှုမျှတမှုများသည် နိုင်ငံ၏ စီးပွားရေးအပေါ် များစွာမူတည်သည်။ တင်ပို့မှု၊ တင်သွင်းမှုကွာဟချက် သို့မဟုတ် သွင်းကုန်သည် ပို့ကုန်ထက် များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် Trade deficit အနုတ်လက္ခဏာကိုသာ  မြင်ရမည်ဖြစ်သည်။    မြေပေါ်မြေအောက်၊   ရေပေါ်ရေအောက်  သစ်တောသယံဇာတပေါများကြွယ်ဝသော    မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှု ပမာဏများပြားလျက်ရှိသည်။ သို့သော်  အရေးကြီးကိစ္စရပ်များစွာနှင့်အတူ ပြုပြင်ပြောင်းလဲမှုများဖြင့် တည်ဆောက်နေသော အခြေအနေများတွင်  နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၊ စီးပွားရေးနှင့်ပတ်သက်သည့် ဆက်စပ်စီးပွားရေးမူဝါဒများ ချမှတ်ပြီး အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု၏ ၉၉ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအများစုအပေါ်တွင် ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံစီးပွားရေးယန္တရားတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်တွင် ပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားပြီး ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် စားရေရိက္ခာဖူလုံရန်နှင့် တိုင်းပြည် သာယာဝပြောရေးကို ကြိုးပမ်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များပါရှိသည်။

MSME ဖွံ့ဖြိုးရေး ရည်ရွယ်ချက်များသည် ရေရှည်အာမခံချက်ရှိရန်နှင့်ကျွဲကူးရေပါဆိုသလို အလုပ်အကိုင်အခွင့်အလမ်းများစွာနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ပေးနိုင်မည့် လုပ်ငန်းစဉ်များဖြစ်သည်။ ထို့ကြောင့်  တိုင်းရင်းသားများပိုင် စိုက်ပျိုးမွေးမြူရေးကို  အခြေခံသည့်  ထုတ်ကုန်အမြောက်အမြားကို ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။    နိုင်ငံတော်၏စီးပွားရေးလုပ်ငန်းစဉ်များကို  လေ့လာကြည့်ပါက ပြည်သူတစ်ရပ်လုံး   စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြကျေးလက်ကွာဟမှုလျော့ပါးကာ  ဆင်းရဲမှုပပျောက်ရေးအတွက်   MSME  လုပ်ငန်းများအပေါ်  များစွာအခြေပြုထားကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ဈေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြုခြင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည်  သုံးစွဲသူပြည်သူများကို ဗဟိုပြုသောလုပ်ငန်းများဖြစ်သည်။ လုပ်ငန်းများကောင်းမွန်စွာ လည်ပတ်နိုင်ရေးသုံးစွဲသူနှင့်   ထိတွေ့ဆက်ဆံခြင်းသည် ဈေးကွက်အတွင်းရှိ ကုန်စည်အရည်အသွေးကို စုံစမ်းခြင်းလည်းဖြစ်သည်။ ပြိုင်ဘက်ကောင်းများနှင့် တွေ့ဆုံခြင်းလည်းဖြစ်သည်။ အလားတူ မိမိ၏လုပ်ငန်း၊ ကုန်အမှတ်တံဆိပ်ကို တောက်ပလာအောင်  လုပ်ဆောင်ခြင်းနှင့်လည်းတူညီသည်။ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းဆိုင်ရာ  ဈေးကွက်ရှာဖွေသည့်လုပ်ငန်းများသည် မိမိကုန်

ပစ္စည်းကို အာမခံခြင်းဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းသည်   တိုးတက်ပြောင်းလဲလျက် ရှိသည့် ခေတ်ကိုဆွဲဆောင်ခြင်းသာဖြစ်သည်။ ဥပမာအားဖြင့် ဆန်၊ ဆီ၊ ဆားအစ လူသုံးကုန်ပစ္စည်းများကို     ဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဝယ်ယူသည့်ပစ္စည်းအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် အာမခံဆောင်ရွက်ပေးခြင်းသည် ဈေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြုလာခြင်းဖြစ်သည်။

ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။ ချေးငွေနှင့်အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာလုပ်ငန်းအစီအစဉ်များရှိသကဲ့သို့ မတူညီသော လုပ်ငန်းအစီအစဉ်၊ မတူညီသော လုပ်ငန်းနယ်ပယ်များတွင် လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ရေး  ရှုထောင့်ပေါင်းစုံမှ   စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့်   ရင်းနှီးမြှုပ်နှံခြင်းသည် အကျိုးအမြတ်ကို  ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့်ဝန်းကျင်ကောင်းပေါ်တွင် တည်မှီနေခြင်းကြောင့် ခိုင်မာသောဈေးကွက်ကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ လက်ရှိနိုင်ငံတော်က ချမှတ်ထားသည့် “နိုင်ငံတော်

ရွှေသီးဖို့  ကုန်ထုတ်လုပ်မှုအားပေးစို့ ဟူသော ဆောင်ပုဒ်သည် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်တင်ရန်နှင့် ပြည်ပမှီခိုမှုလျှော့ချရန် အသိပေးနေခြင်းဖြစ်ပြီး ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားမည်ဆိုပါက နိုင်ငံတစ်ခုလုံး၏ စီးပွားရေးမှာ တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်သည်။ 

အနှစ်ချုပ်ပါက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာပါက အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။  အလုပ်အကိုင်အခွင့်အလမ်းများမှတစ်ဆင့် စီးပွားရေးသမားတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများနှင့်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ပြည်တွင်းသာမက ပြည်ပ၌ပင် အသုံးချနိုင်သည့်  အရည်အသွေးမြင့်ထုတ်ကုန်များကို ထုတ်လုပ်လျက် နိုင်ငံတော်၏ အကျိုးစီးပွား၊ လူမှုစီးပွားဘဝ တိုးတက်ရေးကို ဖြည့်စွမ်းနိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် အသေးစား၊  အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပါသည်။     ။


MWD