ကောက်ရိုးကိုအကျိုးရှိစွာသုံးစွဲရေး (အပိုင်း-၃)
Posted_Date
Image
Body
ကောက်ရိုးစုဆောင်းခြင်းလုပ်ငန်း စပါးစိုက်ခင်းမှ စပါး ၄ တန်ရရှိချိန်မှာ ကောက်ရိုး ၆ တန်ရရှိနိုင်သည်။ စပါးစိုက်ခင်းမှ ကောက်ရိုးဖယ်ရှားခြင်းလုပ်ငန်းသည် ပမာဏကြီးမားပြီး လုပ်အားခ အကုန်အကျများသောလုပ်ငန်း ဖြစ်သည်။ ကောက်ရိုးထုံး ပြုလုပ်သုံးစွဲခြင်းသည် သယ်ယူပို့ဆောင်ရလွယ်ကူစေပြီး အလွယ်တကူအသုံးပြုနိုင်သည့် အကျိုးရရှိသည်။ ကောက်ရိတ်စက်များကို အသုံးပြုလာသောအခါ စိုက်ကွင်းမှကောက်ရိုးစုဆောင်းခြင်းကိစ္စ လျော့ပါးသွားပြီး ကောက်ရိုးထုံးပြုလုပ်ခြင်း၊ စက်ကိရိယာသုံး၍ ကောက်ရိုးဘေထုပ်ပြုလုပ်ခြင်းတို့ တွေ့မြင်လာရသည်။ ကောက်ရိုးစုစက်ကို အသုံးပြု၍ ကောက်ရိုးဘေထုပ်ပြုလုပ်ကာ သိပ်သည်းသောအထုပ်အပိုး ပုံစံပြုလုပ်သယ်ဆောင်နိုင်သည်။
ကောက်ရိုးစုစက်ကို ပုံစံနှစ်မျိုးဖြင့်တွေ့မြင်နိုင်သည်။ စက်၏အတွင်းပိုင်းလုပ်ငန်းဆောင်ရွက်ပုံများကိုလည်း Figure1a. နှင့် Figure 1b. တို့တွင် လေ့လာနိုင်သည်။
စက်၏ဆောင်ရွက်နိုင်မှု စွမ်းအားအနေဖြင့် တစ်နာရီလျှင် သုည ဒသမ ၈၇ တန်မှ ၂ ဒသမ ၄၇ တန်အထိ ကောက်ရိုးစုဆောင်းနိုင်ပြီး ကောက်ရိုးအစိုဓာတ် ၁၂ ရာခိုင်နှုန်းအခြေအနေတွင် ၁ ကုဗမီတာအရွယ်အစားရှိပြီး ၇၃ ကီလိုဂရမ်မှ ၁၀၄ ကီလိုဂရမ်အလေးချိန်ရှိ ကောက်ရိုးဘေထုပ်များ ထုပ်ပိုးပေးနိုင်သည်။
ဤအခြေအနေကို ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသတွင် ပြုလုပ်ကြရာ ကောက်ရိုးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာမှ ၁၈ ဒေါ်လာအထိဈေးရရှိကြောင်းသိရသည်။
ပါကစ္စတန်နိုင်ငံတွင် ကောက်ရိုးဘေထုပ်ပြုလုပ်ပြီး တိရစ္ဆာန်အစာတင်ပို့မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့ပြင် ကောက်ရိုးကိုသိပ်သည်းသော ဆေးတောင့်ပုံစံ၊ လောင်စာတောင့်ပုံစံပြုပြင်ပြောင်းလဲသုံးစွဲကြကြောင်း တွေ့ရှိရသည်။ ကောက်ရိုးကို ကောက်ရိုးတောင့်ပုံစံပြောင်းရာတွင် အမှုန့်ကြိတ်ပြီး ပုံသွင်းစက်ကိုအသုံးပြု၍ ပြုလုပ်ကြသည်။ သိပ်သည်းဆ အနေဖြင့် ရိုးရိုးကောက်ရိုးပြတ်မှာ တစ်မီတာထုထည်တွင် ၅၀ ကီလိုဂရမ်ရှိလျှင် ကောက်ရိုးဘေထုပ်တွင် ၁၃၀ ကီလိုဂရမ်၊ ကောက်ရိုးတောင့်တွင် ၆၀၀ ကီလိုဂရမ်သိပ်သည်းမှု ရှိသည်။ အစိုဓာတ်ပါဝင်မှုတွင် ရိုးရိုးကောက်ရိုးမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ ကောက်ရိုးဘေထုပ်တွင် ၁၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်း၊ ကောက်ရိုးတောင့်တွင် ၁၀ ရာခိုင်နှုန်းအောက်အစိုဓာတ်ရှိသည်။ စွမ်းအင်ရရှိနိုင်မှုတွင် ရိုးရိုးကောက်ရိုးသည် သုည ဒသမ ၇ (GJ/m3)၊ ကောက်ရိုးဘေထုပ်မှ ၁ ဒသမ ၉ (GJ/m3)၊ ကောက်ရိုးတောင့်မှ ၉(GJ/m3)အသီးသီးရှိသည်။
Rice Straw Pellet Machine ဖြင့် ကောက်ရိုးတောင့်ပြုလုပ်ခြင်း
(က ) ကောက်ရိုးတွင် ရောနှောပါဝင်သည့် အမှုန်အမွှားများ၊ ကောက်ရိုးမဟုတ်သည့် ပစ္စည်းများကို ဖယ်ရှားသန့်စင်ပေးပါ။
(ခ) ကောက်ရိုးတောင့်စက်သို့မထည့်မီ ကောက်ရိုးကို ၅ မီလီမီတာအရွယ်ဖြစ်အောင် နွားစာစဉ်းဓား (သို့) တူဖြင့်ထုခြေပေးပါ။
(ဂ) ကောက်ရိုးသည် စိုစွတ်မှုရှိပါက အခြောက်ခံပေးရန်လိုအပ်ပြီး အစိုဓာတ် ၁၅ ရာခိုင်နှုန်းခန့်ရှိပါက ထပ်မံအခြောက်ခံရန်
မလိုအပ်ပါ။ ၁၅ ရာခိုင်နှုန်းထက်ပို၍ စိုစွတ်နေပါက လေအေးပေး အခြောက်ခံစက်ဖြင့် ခြောက်သွေ့အောင် ပြုလုပ်ပေးပါ။
(ဃ) ကြိတ်ခြေအခြောက်ခံပြီးသောကောက်ရိုးများကို ကောက်ရိုးတောင့်ပြုလုပ်သည့် စက်ထဲသို့ထည့်၍ ဖိအားပေးပြီး ၆ မီလီ
မီတာမှ ၈ မီလီမီတာအရွယ်ရှိ လောင်စာတောင့်ပုံစံကောက်ရိုးတောင့်များပြုလုပ်နိုင်သည်။
(င) ရရှိလာသည့် ကောက်ရိုးတောင့်များကို အပေါ်လွှာအုပ်ပေးခြင်းဖြင့် အရည်အသွေးထိန်းထားနိုင်ပြီး သိုလှောင်ရန်နှင့်သယ်ယူ
ရန်လွယ်ကူသော ကောက်ရိုးတောင့်များကိုရရှိမည်။ သိုလှောင်ရာတွင် အခန်းအပူချိန်ကို ထိန်းသိမ်းထားရန်လိုအပ်ပါသည်။
ကောက်ရိုးအစာတောင့်အဖြစ် ပြုပြင်ပြီး တိရစ္ဆာန်အစာတောင့်အမျိုးမျိုးပြုလုပ်ကာ ဈေးကွက်တင်ပို့ရောင်းချသည်လည်း ရှိပါသည်။
စပါးစိုက်ပျိုးမှုအရ ကောက်ရိုးပြုပြင်အသုံးချရေးအတွက် အခွင့်အလမ်းများသော ထိပ်တန်း (၁၀)နိုင်ငံကိုလေ့လာလျှင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရာဇီးနှင့် ဂျပန်နိုင်ငံတို့အစဉ်လိုက်တွေ့ရှိရသည်။
တိရစ္ဆာန်အစာတောင့် အမျိုးမျိုးပြုလုပ်ရာတွင် ပြောင်းဆန်၊ ပဲပုပ်ဖတ်၊ ဂျုံဖွဲ၊ ငါးမှုန့်၊ အရိုးမှုန့်၊ နေကြာဆီကြိတ်ဖတ်၊ အစာစိမ်းအဖြစ် ပဲရွက်အမျိုးမျိုးတို့ကို ထည့်၍ ကောက်ရိုးမှုန့်နှင့်ရောနှောကာ တိရစ္ဆာန်အစာတောင့်ပြုလုပ်ကြသည်။
အစာတောင့် ပြုလုပ်သည့်စက်ဖြင့် မိမိဦးတည်ရောင်းချလိုသောအမျိုးအစားကို ထုတ်လုပ်ရောင်းချနေသော ဈေးကွက်သည် တဖြည်းဖြည်း ကျယ်ပြန့်လာနေပြီ ဖြစ်သည်။
ကောက်ရိုးကိုအခြေခံ၍ အစားအစာထုပ်ပိုးပစ္စည်းပြုပြင်ထုတ်လုပ်ခြင်း
ဇီဝအခြေခံပိုလီလက်တစ်အက်စစ်နှင့် ကောက်ရိုးမှ ပလတ်စတစ်အစားထိုး အစားအစာထုပ်ပိုးပစ္စည်း ပြုပြင်ထုတ်လုပ်ခြင်း ကဏ္ဍသည်လည်း ကျယ်ပြန့်လာပြီဖြစ်သည်။ ကောက်ရိုးအခြေခံလူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ပြုပြင်ထုတ်လုပ်နိုင်ကြပြီဖြစ်၍ တောင်သူအများလေ့လာဆန်းစစ်ကာ အိမ်တွင်းမှုလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
MWD
