အပင်အာဟာရဖြည့်ရန်မှန်(၄)မှန်

Posted_Date

Image

အပင်အာဟာရဖြည့်ရန်မှန်(၄)မှန်

Body

စားသုံးသီးနှံပင်များစိုက်ပျိုးထုတ်လုပ်ကြရာတွင် အပင်မှအစာရေစာအများဆုံးသယ်ယူစားသုံးနိုင်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်စေမှုလျှော့ချရန်၊ သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချ၍ အကောင်းဆုံးသီးနှံအထွက်နှုန်းရရှိစေရန်၊ စီးပွားရေးနှင့်လူမှုရေး ပတ်ဝန်းကျင်ညီမျှစေပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန်ကြိုးပမ်းကြသည်။   ဤနေရာတွင် သီးနှံပင်လိုအပ်သော အပင်အာဟာရဓာတ်ကို စဉ်ဆက်မပြတ်စီမံခန့်ခွဲနိုင်စေရန်အတွက် သီးနှံစိုက်ပျိုးရာတွင် အပင်အာဟာရဓာတ်ထည့်သွင်း အသုံးပြုရာတွင် သတိပြုကြရမည့်မှန်(၄)မှန်ဆိုသော မှန်ကန်သည့်အရင်းအမြစ်၊ မှန်ကန်သောနှုန်းထား၊ မှန်ကန်သောအချိန်၊ မှန်ကန်သောနေရာရွေးချယ်ခြင်း အလေ့အကျင့်များကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

မှန်ကန်သောအရင်းအမြစ်

      သီးနှံစိုက်ပျိုးရာတွင်   အပင်ကောင်းစွာကြီးထွား ဖွံ့ဖြိုးစေရန်နှင့်  သီးနှံအထွက်နှုန်းမြင့်မားစေရန်  အထောက်အကူရရေးအတွက် မှန်ကန်သောဓာတ်မြေဩဇာ အသုံးပြုရန်အရေးကြီးသည်။ သီးနှံအမျိုးအစားကွဲပြားသလို  နေရာဒေသလိုက်၍  လိုအပ်သည့်ဓာတ်မြေဩဇာ အမျိုးအစားလည်း ကွဲပြားမှုရှိသည်။ သီးနှံပင်မှစုပ်ယူစားသုံးနိုင်မည့် အပင်အာဟာရဓာတ်ကို မျှတစွာရောစပ်အသုံးပြုပေးနိုင်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် မှန်ကန်သောအရင်းအမြစ်ကို စိုက်ထုတ်ပေးရာရောက်ပြီး အကျိုးအမြတ်ကောင်းရရှိနိုင်သည်။

မှန်ကန်သောနှုန်းထား

     သီးနှံပင်အတွက်လိုအပ်မည့် အပင်အာဟာရဓာတ် ပမာဏကို မှန်ကန်စွာထည့်ပေးနိုင်ပါက သီးနှံပင်အတွက် ကျန်းမာသန်စွမ်းကြီးထွားမှုဖြစ်ပေါ်ကာ  အထွက်တိုးရေးကို များစွာအထောက်အကူဖြစ်စေသည်။  သီးနှံအမျိုးအစားအလိုက်  အပင်ကြီးထွားသန်စွမ်းစေရန် လိုအပ်သည့်  ဓာတ်မြေဩဇာပမာဏ  ကွာခြားမှုရှိ၍ သင့်လျော်သောပမာဏကို ထည့်ပေးရန်အရေးကြီးသည်။ သီးနှံပင်၏အာဟာရဓာတ် လိုအပ်ချက်နှုန်းထားသည် စိုက်ပျိုးသည့်မြေ၊ သီးနှံမျိုးစေ့အမျိုးအစားနှင့် အထွက်နှုန်းရည်မှန်းချက်အရ ကွာခြားချက်ရှိသည်။ မြေဆီလွှာအာဟာရဓာတ်လျော့နည်းနေပါက ဖြည့်ဆည်းပေးရမည့်ပမာဏ လိုအပ်ချက်များပြားမည်။ ရည်မှန်းအထွက်နှုန်းမြင့်နေလျှင်လည်း အာဟာရဓာတ် လိုအပ်မှုမြှင့်ပေးရမည်ဖြစ်သည်။

မှန်ကန်သောအချိန်

    သီးနှံပင်ကိုအာဟာရဓာတ် ဖြည့်ဆည်းပေးရာတွင် အပင်မှစုပ်ယူစားသုံးနိုင်မည့် အချိန်ကိုမှန်းဆ၍  အချိန်ကိုက်ဖြည့်ပေးတတ်ရန် လိုအပ်သည်။  အပင်အများစုသည်  စိုက်ပျိုးမှုအစောပိုင်းအချိန်တွင်  အာဟာရစုပ်ယူမှုနှေးကာကြီးထွားဖွံ့ဖြိုးမှု  နိုးထလာသည်နှင့် အစာရေစာစုပ်ယူမှုလျင်မြန်လာတတ်သည်။   ထိုဖြစ်စဉ်ကြောင့်  ဓာတ်မြေဩဇာနှင့် အပင်အာဟာရဓာတ်များကို အချိန်ကိုက်အကျိုးရှိရှိဖြစ်အောင်ထည့်ပေးတတ်ရန်လိုအပ်သည်။

မှန်ကန်သောနေရာ

    သီးနှံပင်အတွက်  အပင်အာဟာရ ဓာတ်ဖြည့်ပေးရာတွင် သီးနှံပင်၏အမြစ်မှ လက်ခံနိုင်သောနေရာသို့ရောက်ရှိအောင်ထည့်ပေးရမည်။ သီးနှံအမျိုးအစားအလိုက် အမြစ်စဉ်ကြီးထွားဖွံ့ဖြိုးမှုမတူကြပေ။ထို့ကြောင့်  အစာရေစာစုပ်ယူစားသုံးမှုလည်း မတူကြကြောင်း လေ့လာသိရှိထားသင့်သည်။ အပင်စိုက်ပျိုးရာတွင် ထွန်ရေးပြင်ခြင်း၊ ကြားထွန်ထယ်ဝင်ပေးခြင်းနှင့် စိုက်ပျိုးသောသီးနှံပင်၏   အပင်ကြား အတန်းကြားအကွာအဝေးတို့အရ အမြစ်၏ကြီးထွား တိုးဝင်နိုင်မှုပြောင်းလဲတတ်၍ သီးနှံပင်အတွက် အာဟာရဓာတ်ပေးရာတွင် မှန်ကန်သောနေရာရွေးချယ်၍ ထည့်ပေးတတ်ရန်လိုအပ်သည်။ ထိုသို့မှန်ကန်သောနေရာရွေးချယ်ထည့်ပေးခြင်းအားဖြင့်   အသုံးပြုသည့်အာဟာရဓာတ် လေလွင့်ဆုံးရှုံးမှုများလျော့နည်းစေသည်။

မှန်ကန်သောအရင်းအမြစ်ရွေးချယ်ခြင်းအတွက် အခြေခံအချက်အလက်များ

    သီးနှံပင်လိုအပ်သည့် အာဟာရကိုလိုက်ဖက်အောင်ရွေးပါပြောင်းဖူးပင်ကြီးထွားမှုနှင့် အစေ့အဆန်အတွက် နိုက်ထရိုဂျင်ဓာတ်၊ အမြစ်ဖွံ့ဖြိုးမှုအတွက် ဖော့စဖောရပ်နှင့် ပင်စည်တောင့်တင်းခိုင်မာရန်နှင့် ဘေးဒုက္ခ (အပူဒဏ်၊ မိုးများခြင်း၊ရေငတ်ခြင်း၊ ရေလွှမ်းခြင်း၊ ပိုးမွှားရောဂါဒဏ် စသောအကျပ်အတည်း)ခံနိုင်မှုရှိစေရန် ပိုတက်စီယမ်ဓာတ်လိုအပ်သည်။ ကွန်ပေါင်းဓာတ်မြေဩဇာများ(ဥပမာ- NPK ၁၅:၁၅:၁၅ or NPK ၁၁:၂၂:၂၁)ကိုသုံးစွဲခဲ့လျှင် ဆာလဖာ၊ ဇင့်၊ ဘိုရွန်အာဟာရဓာတ်များဖြည့်စွက်ပေးရန်လိုအပ်သည်။ ဒုတိယအများလို အာဟာရဓာတ်နှင့် အနည်းလို အာဟာရဓာတ်များလည်းဖြည့်စွက်ပေးရန်လိုအပ်သည်။

မြေဆီလွှာ၏အာဟာရဓာတ်ပါဝင်နေမှုအဆင့်အတန်း

     မြေညံ့များတွင် ဖော့စဖောရပ်ပိုမိုဖြည့်ပေးရန် လိုအပ်မှုရှိနေတတ်ပြီး မြေဆီမြေနှစ်ကောင်းမွန်သော မြေများတွင် နိုက်ထရိုဂျင်ဓာတ်ဖြည့်ပေးမှသာ ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည်ကိုသတိထားရမည်။

ဒေသနှင့်သင့်လျော်အောင်ပြင်ဆင်ပေးခြင်းအက်စစ်ပေါက်မြေ (မြေချဉ်) များတွင် ဓာတ်မြေဩဇာနှင့် ထုံး၊ ကယ်စီယမ်တို့တွဲဖက်အသုံးပြုခြင်းက ပို၍အကျိုးအမြတ်ရရှိစေသည်။   သဲဆန်သောမြေများတွင် တဖြည်းဖြည်းအာဟာရဓာတ် ထုတ်လွှတ်သောဓာတ်မြေဩဇာများ၊ တည်ငြိမ်သည့် နိုက်ထရိုဂျင်အရင်းအမြစ် သဘာဝဓာတ်မြေဩဇာများကို သုံးစွဲခြင်းဖြင့် အာဟာရဓာတ်များစိမ့်ဝင်ပျောက်ကွယ်မှု၊ ဆုံးရှုံးမှုကိုလျော့နည်းစေသည်။ မိမိအသုံးပြုမည့်ဓာတ်မြေဩဇာ၏ အရည်အသွေးပြည့်မီမှုရှိ၊ မရှိကို အမြဲစစ်ဆေးအသုံးပြုသင့်သည်။ 

အမျိုးအစားကောင်းမွန်ပြီး အရွယ်အစားညီညာသော ဓာတ်မြေဩဇာကိုသုံးစွဲခြင်းဖြင့်   ပျော်ဝင်မှုကောင်းစေပြီး  အပင်မှအာဟာရဓာတ် ညီညွတ်မျှတစွာ ရရှိစေသည်။

လက်တွေ့သုံးစွဲမှုဥပမာ

    အခြေခံထည့်ပေးခြင်းအနေဖြင့် စိုက်ပျိုးချိန်တွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်များကို အနည်းလိုအာဟာရဓာတ်များနှင့်ရောနှောသုံးစွဲခြင်းမျိုးလိုအပ်ပါကပြုလုပ်ပေးပါ။ ထပ်မံဖြည့်စွက်ထည့်ပေးခြင်းအနေဖြင့် သီးနှံစိုက်ပြီးခြောက်ပတ်အကြာတွင် ယူရီးယား သို့မဟုတ် အမိုနီယံဆာလဖိတ်ကို နိုက်ထရိုဂျင်ဓာတ်အတွက် ထပ်မံဖြည့်စွက်ထည့်ပေးခြင်းပြုလုပ်ပေးပါ။ 

အထူးကိစ္စအနေဖြင့် ပေါင်းမြက်ထူထပ်ခြင်းပြဿနာကြုံတွေ့ရပါက ပေါင်းရှင်းပြီး ဓာတ်မြေဩဇာကို  အသုံးပြုပေးခြင်းအားဖြင့် မြေဆီလွှာအာဟာရဓာတ်ကိုတိုးတက်စေပြီး   ပြောင်းသီးနှံကဲ့သို့သောအပင်အတွက် ပတ်ဝန်းကျင်ဒဏ်ကိုခံနိုင်စွမ်းရည်တိုးစေသည်။

ဓာတ်မြေဩဇာသုံးစွဲမှု၏ဘေးအန္တရာယ်

    ယူရီးယားဓာတ်မြေဩဇာတစ်မျိုးတည်းကိုသာ အလွန်အကျွံသုံးစွဲပါက  အပင်ယိုင်လဲမှုပြဿနာကြုံတွေ့နိုင်ပြီး မြေတွင်းအာဟာရဓာတ်မညီမျှမှုကိုဖြစ်စေသည်။ အပင်ဆဲလ်များပွားများမှုလျင်မြန်နေသော်လည်း  ဆဲလ်နံရံပါးလွှာပြီး  အရည်ရွှမ်းစို၍ ပိုးမွှားရောဂါကိုဖိတ်ခေါ်သကဲ့သို့ဖြစ်စေနိုင်သဖြင့် နိုက်ထရိုဂျင်ဓာတ်မြေဩဇာကို အလွန်အကျွံထည့်ပေးခြင်းမျိုးမဖြစ်စေရန်ဂရုစိုက်ရမည်။ အသုံးပြုသည့်ဓာတ်မြေဩဇာများ၏အရည်အသွေးပြည့်ဝပြီး ကောင်းမွန်သည့်ဓာတ်မြေဩဇာရရှိစေရန် ယုံကြည်စိတ်ချရသော ရောင်းချသူထံမှသာဝယ်ယူသုံးစွဲပါ။ တိကျသေချာသောဓာတ်မြေဩဇာသုံးစွဲမှုဖြစ်စေရန်အတွက် စိုက်ပျိုးမြေကို ဓာတ်ခွဲစစ်ဆေးခြင်း၊  အထွက်နှုန်းလျာထားချက်တို့ကိုအခြေခံ၍ ထည့်ပေးသင့်သည်။

မရေမရာမှန်းဆသုံးစွဲမှုသည် တစ်ခါတစ်ရံမလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ရတတ်သည်။အမျိုးအစားကွဲပြားသောသီးနှံအမျိုးမျိုးအတွက် အပင်အာဟာရဓာတ်ဖြည့်ဆည်းမှုတွင် အကျိုးရှိရှိသိပ္ပံနည်းကျထည့်သွင်းပေးတတ်ရန် အာဟာရစီမံခန့်ခွဲမှုစနစ်ကျဖို့လိုအပ်သည်။ သမမျှတစွာဘက်စုံလေ့လာဆန်းစစ်၍ မှန်(၄)မှန်ဟုဆိုသော မှန်ကန်သည့်အရင်းအမြစ်၊ မှန်ကန်သောနှုန်းထား၊ မှန်ကန်သောအချိန်၊  မှန်ကန်သောနေရာရွေးချယ်ခြင်းသည်  သီးနှံအထွက်နှုန်းကောင်းမွန်စေရုံသာမက မြေတွင်းဓာတ်ကြွင်းစုပုံမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှု၊ သတ္တဝါများ၏ ဇီဝကမ္မစက်ဝန်း ယိုယွင်းစေမှုဖြစ်စေသောအလေ့အကျင့်များကို ထိန်းချုပ်ပြုပြင်ပေးနိုင်အောင် ဆောင်ရွက်ကြရခြင်းပင်ဖြစ်သည်။ တောင်သူအတွက်အကျိုးအမြတ်ပိုမိုရရှိစေပြီး သီးနှံအထွက်တိုးတက်စေသည်။ သီးနှံ၏အရည်အသွေးကောင်းမွန်စေကာ နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်ကဲ့သို့သော အပင်အာဟာရဓာတ်ဆုံးရှုံးမှုကိုလျော့ကျစေသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတားဆီးနိုင်ပြီး  စဉ်ဆက်မပြတ်စိုက်ပျိုး ထုတ်လုပ်နိုင်မှုကို အားပေးရာရောက်စေသည်။ မြေနမူနာစမ်းသပ်စစ်ဆေးမှု၊ သီးနှံအလှည့်ကျစနစ်တကျ စိုက်ပျိုးခြင်းနှင့်တိကျသောစိုက်ပျိုးနည်း စနစ်သစ်ကိုဖော်ဆောင်ရန်  ဆုံးဖြတ်ဆောင်ရွက်ခြင်းအတွက် အထောက်အကူရရှိစေသည်။  ဓာတ်ကြွင်းများကြောင့် လူမှုရေးပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာထိခိုက်စေမှုများကို  လျော့ကျစေကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နိုင်သည်။  ထို့ကြောင့် အပင်အာဟာရဓာတ်များထည့်သွင်းသုံးစွဲကြရာတွင် ဂရုပြုလိုက်နာဆောင်ရွက်သင့်သောမှန်(၄)မှန်အကြောင်း  ရေးသားလိုက်ရပါသည်။    ။

MWD