စားရေရိက္ခာ ထုတ်လုပ်မှုအတွက် အချက်အချာအကျဆုံး တောင်သူလယ်သမားတို့၏ အခန်းကဏ္ဍ
Posted_Date
Image
Body
တိုင်းရင်းသားပြည်သူတို့၏ စားရေရိက္ခာဖူလုံရေး အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်
လျက်ရှိသည့် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားဦးကြီးများ၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်မှုများကို လေးစားဂုဏ်ပြုသော အားဖြင့် နှစ်စဉ် မတ်လ ၂ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံရှိ လူဦးရေသည် စက္ကန့်နှင့်အမျှ တိုးတက်လျက်ရှိပြီး တိုးတက်လာမည့် လူဦးရေအရေအတွက် စားရေရိက္ခာဖူလုံမှုတွင် တောင်သူလယ်သမားများ၏ အခန်းကဏ္ဍသည် ပို၍အရေးပါသည့် အခြေအနေတစ်ရပ်တွင် ရှိနေမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် မြေ၊ ရေနှင့်လူ့စွမ်းအားအရင်းအမြစ် သယံဇာတများ ကြွယ်ဝသောနိုင်ငံဖြစ်သည်။
ရာသီဥတုသဘာဝ အခြေအနေကောင်းမွန်သည်။ သို့သော် မျက်မှောက်ကာလသည် ရာသီဥတုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်ဖြစ်စဉ်အရေအတွက် ပိုမိုများပြားလာမှုကြောင့် စိုက်ပျိုးရေးကဏ္ဍသည် ထိခိုက်လွယ်ဆုံးဖြစ်နေသည်။ အဆိုးရွားဆုံးဘေးအန္တရာယ် ၁၀ ခု၏ ထိပ်ဆုံးစာရင်းတွင် မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်းနှင့် အပူချိန်လွန်ကဲခြင်းတို့ပါဝင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ဆိုထားသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်များက မြေသယံဇာတနှင့်ရေသယံဇာတများ ပေါကြွယ်ဝမှု၊ ရာသီဥတုကောင်းမွန်မှု စသည့်အားသာချက်များစွာရှိခဲ့သည်။ ယခုအခါ ဆိုးရွားသော ရာသီဥတုဖြစ်စဉ်များကို တစ်နှစ်ထက်တစ်နှစ် ပို၍ရင်ဆိုင်လာရသည်။
လယ်ယာစိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံသည် ပြည်တွင်းလုပ်သားဦးရေ၏ ၅ဝ ရာခိုင်နှုန်းခန့်လယ်ယာလုပ်ငန်းခွင်၌ လုပ်ကိုင်နေကြသည်။ ကျေးလက်လူဦးရေ ၇ဝ ရာခိုင်နှုန်းခန့် မှီခိုအားထားနေကြရသည်။ လက်ရှိတွင် စားရေရိက္ခာဖူလုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ပြည်တွင်းမငြိမ်သက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်၊ လယ်ယာလုပ်သား ရှားပါးလာမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ဝင်ငွေနိမ့်ကျမှုတို့သည် တောင်သူလယ်သမား အများစု၏ လူမှုစီးပွားဘဝအပေါ် ရိုက်ခတ်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်နိုင်ရေး၊ ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေရေး၊ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ လုပ်ကွက်ငယ်တောင်သူလယ်သမားများ ဝင်ငွေတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသလူမှု စီးပွားဘဝ တိုးတက်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်မှုများရှိသော်လည်း အောင်မြင်မှုမှာ နှေးကွေးနေဆဲဖြစ်သည်။ သို့ဖြစ်၍ ယနေ့ကာလသည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် တောင်သူလယ်သမားများ၏လူမှုစီးပွားဘဝမြှင့်တင်ရေးတို့အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်ပေးရမည့် အချိန်အခါဖြစ်သည်။
မြန်မာနိုင်ငံအနှံ့ မည်သည့်နေရာသို့သွားသည်ဖြစ်စေ ရှုလေရာတွင် မြင်တွေ့ရသည်က လယ်ကွင်းပြင်များပင်ဖြစ်သည်။ ထိုလယ်ကွင်းပြင်များသည် တောင်သူလယ်သမားဦးကြီးတို့ တစ်နှစ်ပတ်လုံး အလုပ်လုပ်ရာလုပ်ငန်းခွင်ဖြစ်သည်။ ထိုလုပ်ငန်းခွင်တွင် လုပ်အား၏အသီးအပွင့်အဖြစ် မိုးရာသီတွင် စိမ်းစိုသောကောက်ပင်ပျိုများကို တွေ့ရမည်ဖြစ်သည်။ ဆောင်းရာသီတွင် မှည့်ဝင်းနေသော စပါးပင်များကိုတွေ့ရမည်ဖြစ်ပြီး နွေရာသီတွင် နွေစပါးစိုက် ကွက်များဖြင့် စိမ်းစိုနေသည်ကိုတွေ့မြင်ရပေမည်။ အချို့ဒေသများတွင် သီးထပ်သီးညှပ်များဖြင့် စိမ်းစို ဝေဆာနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။
တောင်သူလယ်သမားများသည် မြန်မာနိုင်ငံ၏ဝမ်းစာကဏ္ဍတွင်သာ ကျေးဇူးရှင်ကြီးများဖြစ်သည် မဟုတ်ပေ။ မြန်မာ့သမိုင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသော သူရဲကောင်းများလည်းဖြစ်ခဲ့သည်။ ကိုယ့်လယ်၊ ကိုယ့်မြေ၊ ကိုယ့်ရေကို ချစ်မြတ်နိုးစိတ်ဖြင့် ကာကွယ်စောင့်ရှောက်ခဲ့သူများဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် တောင်သူလယ်သမားထုကြီး၏လှုပ်ရှားမှုသည် သမိုင်းဝင်ခဲ့သည်။ မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ခဲ့ရချိန် ၁၉၃ဝ ပြည့်နှစ်တွင် သာယာဝတီခရိုင်မှ စတင်ခဲ့သော ဆရာစံခေါင်းဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံသည် အင်္ဂလိပ် အစိုးရကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ ထို့ကြောင့် တောင်သူလယ်သမားများသည် မြန်မာနိုင်ငံ၏စားရေရိက္ခာ ကဏ္ဍတွင်သာမက နယ်ချဲ့ကျူးကျော်သူတို့ကို ကာကွယ်ရာတွင်လည်း တစ်တပ်တစ်အားပါဝင်ခဲ့ပြီး အမိမြေအတွက် တာဝန်ကျေခဲ့သူများဖြစ်ကြသည်။
ထိုသို့ တိုင်းပြည်အတွက် တာဝန်ကျေခဲ့သူ တိုင်းပြည်စားရေရိက္ခာကဏ္ဍ၏ ကျေးဇူးရှင်များဖြစ်သည့် တောင်သူလယ်သမားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အကျိုးကျေးဇူးများ အပြည့်အဝခံစားခွင့်ရအောင် နိုင်ငံတော်က အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက် (၄)ရပ် ချမှတ်ဆောင်ရွက်ရာတွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး”ဆိုသည့်အချက်ကိုချမှတ်ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး ရေးနှင့်မွေးမြူရေးကိုခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ခြင်း၊ MSME စက်မှု လုပ်ငန်းများကိုအားပေးကာ ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်း၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ခြင်း စသည့်ပြည်တွင်းဖူလုံမှုမှသည် ပြည်ပတင်ပို့နိုင်ရေးအထိ နိုင်ငံ၏စီးပွားရေးကို ရေတို၊ ရေရှည်စီမံကိန်းများချမှတ်ရေးဆွဲ၍ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။
တောင်သူလယ်သမားကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သီးနှံများအထွက်တိုးရေးပင်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် သီးနှံများကိုပန်းတိုင်အထွက်နှုန်းများရရှိရေး အလေးပေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲရေး၊ မြေစနစ်တကျပြုပြင်ခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်ကိုက် အချိုးကျစနစ်တကျသုံးစွဲ၍ မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေ၊ အောင်ရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်ရေးစသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသော နည်းလမ်းလေးသွယ် ပြည့်စုံကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ သီးနှံများပိုမိုထွက်ရှိရေးနှင့် သီးထပ်စွမ်းအားမြင့်မားစေရေးအတွက် တစ်သီးစိုက်လယ်မြေများကို နှစ်သီးစိုက်၊ သုံးသီးစိုက် စသည့်သီးထပ်စိုက်ပျိုးနိုင်ရေး ဒေသအလိုက်၊ ရာသီအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်စေလျက်ရှိသည်။
တောင်သူဦးကြီးများအတွက် မျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိစိုက်ပျိုးနိုင်စေရန် မျိုးစေ့ထုတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးခြင်း၊ မျိုးစေ့ထုတ်အထူးဇုန်များ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းတို့အပြင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့်အထွက်တိုးရေးဆိုင်ရာ သုတေသနများကိုလေ့လာနိုင်ရန် မျိုးစေ့ပြပွဲများကိုလည်း နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကကျသည့်မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများတွဲဖက်အသုံးပြုခြင်း၊ မြေဖုံးပင်များ စိုက်ပျိုးခြင်း၊ လေကာပင်စိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ပျိုးခြင်း၊ ကုန်းမြင့်တောင်စောင်းဒေသများတွင် လှေကားထစ်စိုက်ပျိုးခြင်း၊ ကွန်တိုစနစ်ဖြင့် စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စသည့်စိုက်ပျိုးနည်းစနစ်များ သုံးကြရန်လိုအပ်သည်။ ထို့ပြင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများပြုလုပ်သုံးစွဲခြင်း၊ နွားချေး၊ ကြက်ချေးများအပြင် EM ဘိုကာရှီမြေဆွေးများ၊ ငါးအမိုင်နိုအက်စစ်များအသုံးပြုခြင်း၊ ပိုက်ဆန်လျှော်ကဲ့သို့သော သစ်စိမ်းမြေဩဇာများစိုက်ပျိုး၍ ထယ်ထိုးမြေမြှုပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးသည်သာမက အရည်အသွေးကောင်းပြီး ဈေးနှုန်းမှန်ကန်သည့် သွင်းအားစုများကို တောင်သူများသုံးစွဲနိုင်ရေးအတွက်လည်း မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများဖြင့် ထိန်းကျောင်း၍အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လည်း သွင်းအားစုကုမ္ပဏီများနှင့် ချိတ်ဆက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် တောင်သူလယ်သမားကြီးများ၏အကျိုးစီးပွားကိုရှေးရှု၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။
အချုပ်ဆိုရလျှင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍသည် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်၀န်ဆောင်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ခန့်ကို ဖြည့်တင်းပေးလျက်ရှိရာ တောင်သူလယ်သမားများဘဝ မြင့်တက်လာရေးမှာ အရေးကြီးသည့်အချက်ဖြစ်သည်။ ၎င်းတို့ရင်ဆိုင်ကြုံတွေ့နေရသော သွင်းအားစုများ ဈေးနှုန်းမြင့်မားမှု၊ စိုက်ပျိုးရေအလုံအလောက်မရရှိမှု၊ သီးနှံပေါ်ချိန်၌ ဈေးကောင်း မရမှုနှင့်ချေးငွေ အကန့်အသတ်ရှိနေမှုတို့သည်လည်း ကြီးမားသည့်စိန်ခေါ်မှုများဖြစ်ရာ အဆိုပါပြဿနာများကို ဖြေရှင်းပေးနိုင်သည်နှင့်အမျှ တောင်သူလယ်သမားတို့၏ လူမှုစီးပွားဘဝသည်လည်း မြင့်တက်လာမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျသောစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် တောင်သူလယ်သမားများ၏ ကာယ၊ ဉာဏ၊ လုံ့လ၊ဝီရိယ၊ ခေတ်မီနည်းပညာ၊ မြေ၊ ရေ စသည့်အရင်းအမြစ်များ အားလုံးကိုပေါင်းစပ်၍ မျှော်မှန်းထားရှိသည့်ရလဒ်များရရှိနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ တောင်သူလယ်သမားနှင့် နိုင်ငံတော်သည် အပြန်အလှန်အမှီသဟဲပြုကြရမည်ဖြစ်သည်။ လယ်ယာလုပ်ငန်းတိုးတက်ပါမှ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ ရေမြင့်လျှင် ကြာတင့်သကဲ့သို့ တိုင်းပြည်၏ တိုးတက်လာသော ဝင်ငွေများနှင့်အတူ တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝသည်လည်း တိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။ ။
MWD
