ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် ဘက်စုံအာဟာရ ဓာတ်စီမံခန့်ခွဲမှု

Posted_Date

Image

ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် ဘက်စုံအာဟာရ ဓာတ်စီမံခန့်ခွဲမှု

Body

      လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခေတ်မီစိုက်ပျိုးရေးစနစ်တွင် သီးနှံအထွက်နှုန်းတိုးရုံသာမက မြေဆီလွှာကျန်းမာရေးကိုပါ ထိန်းသိမ်းနိုင်ရန်မှာ အဓိကစိန်ခေါ်မှုဖြစ်လာသည်။ ထိုစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှု    (Integrated Nutrient Management)ကို လိုက်နာကျင့်သုံးခြင်းဖြစ်သည်။ 

မြေကြီးကို သက်မဲ့ကြားခံနယ်(Medium) ဟုမမြင်ဘဲ သက်ရှိစနစ်(Living System)တစ်ခုအဖြစ် ရှုမြင်တတ်ရန်လိုသည်။ မြေဆီလွှာတွင် ရူပဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများရှိသည်။ ကျန်းမာသောမြေဆီလွှာဖြစ်ရန်အတွက် မြေသား အနု/အကြမ်း၊ မြေစိုင်ခဲဖွဲ့စည်းမှု၊ မြေသားတည်ဆောက်မှု၊    မြေဆီလွှာသိပ်သည်းမှု၊ လေပေါက်၊ ရေပေါက်ပါဝင်မှု   စသည့် ရူပဂုဏ်သတ္တိများ ကောင်းမွန်ရန်လိုသကဲ့သို့ ဓာတုဂုဏ်သတ္တိဖြစ်သော သင့်တင့်သည့်မြေချဉ်ငန်ကိန်း၊ ဓာတ်ဖိုဖလှယ်နိုင်မှုစွမ်းရည်မြင့်ရန်နှင့် ဇီဝဂုဏ်သတ္တိဖြစ်သည့် မြေကြီးအတွင်း အဏုဇီဝပိုးမွှားများပေါများရန်လိုသည်။ ဓာတ်မြေဩဇာကို လွန်ကဲစွာသုံးစွဲပါက     မြေကြီး၏ဆားဓာတ်ကိုမြင့်တက်စေပြီး မြေသားဖွဲ့စည်းပုံကို ပျက်စီးစေနိုင်သကဲ့သို့   မြေကြီးထဲရှိအကျိုးပြုပိုးမွှားများ    ရှင်သန်နိုင်စွမ်းမရှိတော့၍ မြေဆီလွှာ၏ဇီဝဂုဏ်သတ္တိပျက်စီးပြီး မြေကြီးသေသွားနိုင်သည်။

တောင်သူလယ်သမားများ၏ အခက်အခဲနှစ်စဉ်ဆက်တိုက် စိုက်ပျိုးခြင်း၊ ထွန်ယက်မှုများခြင်း၊ ဓာတုမြေဩဇာများ လွန်ကဲစွာသုံးခြင်း၊ သဘာဝမြေဩဇာ သုံးစွဲမှုနည်းပါးခြင်းတို့ကြောင့် မြေဆီလွှာအဆင့်အတန်း  နိမ့်ကျလာလျက်ရှိသည်။ အထွက်ကောင်းမျိုးများ  အသုံးပြုလာကြ၍ အာဟာရဓာတ်လိုအပ်ချက်မြင့်မား လာသကဲ့သို့ ဈေးကွက်အတွင်း  ဓာတ်မြေဩဇာဈေးနှုန်းများမှာလည်း  ကြီးမြင့်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ကိရိယာများ အသုံးပြုမှုများလာ၍ မြေကျပ်ခြင်းများဖြစ်လာပြီး   လေဝင်လေထွက်ညံ့ဖျင်း၍ ရေစိမ့်ဝင်နှုန်းကျလာသည်။ ၎င်းအပြင် သီးနှံစိုက်ပျိုးရာ၌ ဓာတုဆေးများ အလွန်အကျွံအသုံးပြုမှု များပြားလာသည့်အတွက် မြေဆီလွှာပျက်စီးမှုများလည်း ဖြစ်ပေါ်လာပြီး သီးနှံများကောင်းစွာမဖြစ်ထွန်းဘဲ အရည်အသွေး ညံ့ဖျင်းလာသည်။

    အပင်များလိုအပ်သည့် အာဟာရဓာတ်များ အပင်များ ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် အာဟာရဓာတ်များကို စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းရှိရန် အလွန်အရေးကြီးသည်။ သိပ္ပံနည်းကျလေ့လာမှုများအရ အပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်  ၁၈ မျိုးအထိ ရှိလာပြီဖြစ်သည်။ အပင်များ ရှင်သန်ရန်အတွက် အခြေခံအကျဆုံးဖြစ်

သည့် ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်တို့ကို လေနှင့်ရေထဲမှ သဘာဝအတိုင်း အလုံအလောက်ရရှိနိုင်သည်။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်တို့မှာ အပင်များအတွက် အဓိကအများလိုအာဟာရဓာတ်များဖြစ်ကြပြီး    မြေဆီလွှာတွင် လျော့နည်းတတ်သဖြင့် ဓာတ်မြေဩဇာများမှတစ်ဆင့် အဓိကဖြည့်တင်းပေးရသော ဓာတ်များဖြစ်သည်။ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလဖာတို့သည် ဒုတိယအများလို အာဟာရဓာတ်များဖြစ်ကြသည်။ ၎င်းအပြင် အပင်များအတွက် မဂ္ဂနိ၊  ဇင့်၊ ကော့ပါး၊ ဘိုရွန်၊ မော်လဒီနမ်၊ ကလိုရိုက်၊ အိုင်းယွန်း၊ ကိုဘော့၊ နီကယ် စသည့် အနည်းလိုအာဟာရဓာတ်များလည်းလိုအပ်သည်။ သတိပြုရမည့်အချက်မှာ အနည်းလိုအာဟာရဓာတ်များသည် ပမာဏအနည်းငယ်သာ လိုအပ်သော်လည်း အပင်၏ ဇီဝကမ္မဖြစ်စဉ်များအတွက် လုံးဝ(လုံးဝ)မရှိမဖြစ်လိုအပ်သောဓာတ်များဖြစ်သည်။ 

အာဟာရဓာတ်စီမံခန့်ခွဲမှု၏ အရေးကြီးပုံ

     သီးနှံအထွက်နှုန်းကို ဆုံးဖြတ်ရာတွင် အပေါများဆုံးရှိနေသော အာဟာရဓာတ်က ဆုံးဖြတ်သည်မဟုတ်ဘဲ အပင်အတွက် အလိုအပ်ဆုံးဖြစ်နေပြီး အနည်းဆုံးဖြစ်နေသည့် အာဟာရဓာတ်မှသာ အထွက်နှုန်းကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ အာဟာရဓာတ်တစ်ခုချင်းစီတွင် သီးသန့်လုပ်ဆောင်ချက်များရှိကြသောကြောင့် ဓာတ်တစ်ခုကို နောက်တစ်ခုနှင့်အစားထိုး၍မရနိုင်ပါ။ 

ထို့ကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့်  မိမိတို့၏အပင်များမျှတသောအာဟာရဓာတ်ကို    ရရှိစေရန်အတွက် အများလိုဓာတ်များသာမက အနည်းလိုဓာတ်များကိုပါ စနစ်တကျထည့်သွင်းကျွေး

ပေးရန်လိုအပ်သည်။  အာဟာရဓာတ်များမျှတစွာရရှိမှသာလျှင် သီးနှံများအရည်အသွေးကောင်းမွန်ပြီး     အထွက်နှုန်း အမြင့်ဆုံးကိုရရှိနိုင်မည်ဖြစ်သည်။ 

မြေဆီလွှာ၏ မြေချဉ်ငန်ကိန်း (Soil pH) မြေဆီလွှာ၏ ချဉ်ခြင်း၊ ငန်ခြင်း အဆင့်အတန်းကို သုညမှ ၁၄ အထိ သတ်မှတ်ထားသည်။ pH 7 သည် အလယ်အလတ် မျှခြေအမှတ် (Neutral) ဖြစ်ပြီး  အောက် နည်းလျှင် မြေချဉ်၊ ထက်များလျှင် မြေငန်ဟု သတ်မှတ်သည်။   သီးနှံအမျိုးအစား အလိုက် သင့်လျော်သည့် pH တန်ဖိုးကွာခြားကြသော်လည်း  ယေဘုယျအားဖြင့် အပင်အများစုအတွက် pH 6 မှ ကြားသည် အာဟာရဓာတ်စုံလင်စွာ   စုပ်ယူနိုင်ရန် အကောင်းဆုံးအခြေအနေဖြစ်သည်။ 

မြေဆီလွှာ၏ မြေချဉ်ငန်ကိန်းနိမ့်လွန်းခြင်း/မြင့်လွန်းခြင်းများသည်  အပင်၏အာဟာရဓာတ်စုပ်ယူမှုကို အဓိကဟန့်တားသည်။ မြေဆီလွှာထဲတွင် အာဟာရဓာတ်များ ပြည့်စုံစွာရှိသည့်တိုင်အောင် သီးနှံပင်အတွက်သင့်လျော်သည့်  pH တန်ဖိုးမဟုတ်ခဲ့ပါက အဆိုပါဓာတ်များသည် ဓာတ်ပြောင်းလဲမှုဖြစ်ပြီး အပင်မှစုပ်ယူ၍မရသည့် ပုံစံမျိုး(Locked up)ဖြစ်သွားတတ်သည်။ စိုက်ပျိုးသူများအနေဖြင့် မိမိစိုက်ပျိုးသည့် သီးနှံနှစ်သက်သည့် မြေချဉ်ငန်ကိန်းပမာဏရရှိစေရန် မြေပြုပြင်ပေးရမည်။ 

မြေအလွန်ချဉ်ပါက ထုံးထည့်ပေးခြင်း၊ မြေအလွန်ငန်ပါက ဂျစ်ပဆမ် သို့မဟုတ် ဆာလဖာထည့်ပေးခြင်းတို့ဖြင့် pH တန်ဖိုးပြောင်းလဲစေရန် ပြုပြင်နိုင်သည်။ သဘာဝမြေဩဇာကို များများထည့်ပေးခြင်းသည်လည်း မြေကြီး၏ pH  ပုံမှန်ဖြစ်အောင် အလိုအလျောက် ထိန်းညှိပေးနိုင်သည်။ 

မြေဆီလွှာ၏ အာဟာရဓာတ်ထိန်းသိမ်းနိုင်စွမ်း (CEC)

    ဤနေရာတွင် မြေကြီး၏ အာဟာရဓာတ်ထိန်းနိုင်စွမ်းဖြစ်သည့် ဓာတ်ဖိုဖလှယ်နိုင်စွမ်း (CEC) အကြောင်းကို  သိရှိနားလည်ရန်လိုသည်။ မြေသြဇာထည့်ပေးတိုင်း အပင်က စားရသည်မဟုတ်ပါ။ ထည့်လိုက်သည့် မြေသြဇာကို မြေကြီးက  အရင်ဆုံးထိန်း ပေးထားရသည်။ ဓာတ်ဖိုဖလှယ်နိုင်စွမ်းဆိုသည်ကို  မြင်လွယ်အောင်ပြောရမည်ဆိုပါက မြေကြီး၏သံလိုက်အင်အားဟု

တင်စားနိုင်သည်။ ယေဘုယျအားဖြင့် မြေကြီးထဲရှိ မြေစေးမှုန်များနှင့် မြေဆွေးများတွင် အမဓာတ် (Negative Charge) များစွာ ရှိသည်။ အပင်အတွက် လိုအပ်သည့် နိုက်ထရိုဂျင် (အမိုနီယမ်)၊ ပိုတက်စီယမ်၊ ကယ်စီယမ်နှင့် မဂ္ဂနီစီယမ် စသည့်အာဟာရဓာတ်အများစုသည် အဖိုဓာတ် (Positive Charge/Cations)များဖြစ်ကြသည်။  သံလိုက်သဘောအရ (မ)က(ဖို)ကို    ဆွဲကပ်ထားနိုင်သည့်အတွက်    အမဓာတ်များသောမြေစေး/မြေဆွေး စသည့်မြေများသည်ထည့်လိုက်သည့်   မြေဩဇာအဖိုဓာတ်များကို ကောင်းကောင်းဆုပ်ကိုင်ထားနိုင်သည့် အတွက် ဓာတ်ဖိုဖလှယ်နိုင်စွမ်း CEC မြင့်မားလေ့ရှိသည်။ သဲမှုန်များ၏ မျက်နှာပြင်တွင် အမဓာတ် အလွန်နည်းပါးသည်။ ထို့ကြောင့် အာဟာရဓာတ်(ဓာတ်ဖိုများ)ကို ဆွဲကပ်ထားနိုင်စွမ်း  အလွန်နည်းသည့်အတွက် သဲမြေတွင်အာဟာရဓာတ် စိမ့်ဝင်ဆုံးရှုံးမှုများသည်။

CEC မြင့်မားခြင်း၏ အကျိုးကျေးဇူး

     CEC မြင့်မားသည့်မြေများသည် အပင်အတွက်   ရိက္ခာတိုက်သဖွယ်ဖြစ်နေပြီး ဤမြေမျိုးတွင်    စိုက်ပျိုးခြင်းအားဖြင့် မြေဩဇာအလေအလွင့်နည်းခြင်း၊ အပင်မှလိုအပ်သည့်အချိန်တွင် မြေကြီးတွင်တွယ်ကပ်နေသည့် အာဟာရဓာတ်များကို ပြန်လည်ထုတ်ယူစားသုံးနိုင်ခြင်း၊ မြေချဉ်ငန်ကိန်းတန်ဖိုးကို     ထိန်းညှိပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်သည်။ CEC နည်းသောမြေ (သဲဆန်သည့်မြေ)တွင် ရေအလွန်အကျွံလောင်းလျှင် အာဟာရဓာတ်များ မြေအောက်ထဲစီးမျောဆုံးရှုံးမှု ပိုများနိုင်သည်ကို      သတိပြုရမည်။ ထို့ကြောင့် CEC နည်းသော သဲမြေများတွင် မြေဩဇာကို တစ်ကြိမ်တည်း အများကြီး မကျွေးဘဲ နည်းနည်းနှင့် အကြိမ်ကြိမ်အလီလီ ခွဲကျွေးသင့်သည်။ စိုက်ပျိုးသူများအနေဖြင့် မြေဩဇာကျွေးရုံဖြင့် မလုံလောက်ဘဲ မိမိမြေကြီး၏ CEC တက်လာစေရန် အော်ဂဲနစ်ပစ္စည်း (သီးနှံအကြွင်းအကျန်များ)/မြေဆွေး/သစ်စိမ်းမြေဩဇာ စသည်တို့ကို  ထည့်သွင်းပေးရမည်။   မြေဆွေးဓာတ်တိုးပွားအောင်   လုပ်ဆောင်ခြင်းသည် မြေကြီး၏သံလိုက်အားကို မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။

ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှု (INM) 

    ဘက်စုံအာဟာရဓာတ်  စီမံခန့်ခွဲမှု ဆိုသည်မှာ အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို ရင်းမြစ်တစ်ခုတည်း (ဥပမာ- ဓာတ်မြေဩဇာ)မှသာ ရယူခြင်းမဟုတ်ဘဲ ရရှိနိုင်သောအာဟာရ ရင်းမြစ်အားလုံးကို အချိုးအစားကျကျ ပေါင်းစပ်အသုံးပြုခြင်းဖြစ်သည်။  ဓာတ်မြေဩဇာများသည် အပင်မှလိုအပ်သော အာဟာရကို အချိန်တိုအတွင်း အမြန်ဆုံးဖြည့်တင်းပေးနိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထည့်သွင်းသည့် မြေဩဇာကို အပင်မှရယူနိုင်စွမ်းကွာခြားနိုင်သည်။ ၎င်းအပြင်  ဓာတ်မြေဩဇာများကိုသာ ဆက်တိုက်အသုံးပြုခြင်းသည် ရေတိုတွင်အထွက်နှုန်း ကောင်းနိုင်သော်လည်း   ရေရှည်တွင်မြေဆီလွှာကို ပျက်စီးစေသည်။ ထို့ကြောင့် ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရန်  ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာတို့ကို ပေါင်းစပ်အသုံးပြု၍ ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲသည့် နည်းလမ်းကိုအသုံးပြုသင့်သည်။ ဤနည်းလမ်းကိုအသုံးပြုခြင်းဖြင့် မြေဆီလွှာကျန်းမာရေးကို    ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာ pH ကို ထိန်းညှိပေးခြင်း၊ အာဟာရဓာတ် အလေအလွင့်နည်းခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကိုလျှော့ချနိုင်ပြီး ကုန်ကျစရိတ်သက်သာစေခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများရမည်ဖြစ်သည်။

မြေဆီလွှာသည် အပင်၏အစာအိမ်ဖြစ်သည် ဟူသော စကားအတိုင်း အစာအိမ် မကောင်းပါက မည်မျှကောင်းသော အစာ(ဓာတ်မြေဩဇာ) ကျွေးသည်ဖြစ်စေ အပင်မှစားနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် မိမိတို့၏ မြေဆီလွှာကျန်းမာသန်စွမ်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို    ရေရှည်တည်တံ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာတို့ကို ပေါင်းစပ်အသုံးပြု၍ ဘက်စုံအာဟာရဓာတ် စီမံခန့်ခွဲခြင်းကို  အကောင်အထည်ဖော် ဆောင်ရွက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်း တင်ပြအပ်ပါသည်။    ။

MWD