နိုင်ငံ့စီးပွားဖွံ့ဖြိုးဖို့ သစ်တောများကို ထိန်းသိမ်းစို့
Posted_Date
Image
Body
သစ်တောသယံဇာတများ၏အရေးပါမှု
သစ်တောများသည် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးကို အထောက်အကူပြုရန် မရှိမဖြစ် အရေးပါသောအရင်းအမြစ် တစ်ခုလည်းဖြစ်သည်။ သစ်တောများသည် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအမျိုးမျိုး၊ ပြန်လည်အသုံးချနိုင်သော ကုန်ကြမ်းအရင်းအမြစ်အမျိုးမျိုးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကိုထောက်ပံ့ပေးလျက်ရှိပြီး ကျေးလက်ဒေသနေပြည်သူများ၏အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စားဝတ်နေရေးအတွက် အခြေခံလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရုံသာမက နိုင်ငံ၏စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပံ့ပိုးပေးလျက်ရှိသည်။
သစ်တောများမှ သစ်များ၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်ပင်၊ ပျားရည်၊ မှို၊ ငှက်သိုက် အစရှိသည့် သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများ၊ အစားအစာများ၊ ရေကောင်းရေသန့်များ၊ ဇီဝမျိုးစုံမျိုးကွဲများ စသည့်စီးပွားရေးအရ အလွန်တန်ဖိုးရှိသော ထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှုများ (Provisional Services) ပံ့ပိုးပေးသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုပ်ယူသိုလှောင်ခြင်း၊ ရေ၊ လေသန့်စင်ခြင်း၊ မြေတိုက်စားမှု မြေပြိုမှုများမှကာကွယ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း စသည့်ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာဝန်ဆောင်မှုများ (Regulating Services) ကိုလည်း ပံ့ပိုးပေးသည်။
သစ်ပင်သစ်တောများတည်ရှိနေခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်သာယာစေခြင်း၊ မျက်စိပသာဒကောင်းမွန်စေခြင်း၊ အပန်းဖြေနိုင်ခြင်း၊ ယုံကြည်မှုကိုးကွယ်မှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် ဆက်စပ်သောစိတ်ပိုင်းဆိုင်ရာလိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ခြင်း(Aesthetic, Cultural and Spiritual Services) စသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။
သစ်တောများတည်ရှိနေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏အကျိုးစီးပွားနှင့် အနာဂတ်၏ဖွံ့ဖြိုးမှု” ဟုဆိုသည့်အတိုင်း သစ်တောများသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်ဂေဟစနစ် တည်ငြိမ်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်တောများ ထာဝစဉ်တည်တံ့စေရေးအတွက် စနစ်တကျစီမံအုပ်ချုပ်ခြင်းသည် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟုဆိုနိုင်သည်။
မြန်မာ့သစ်တောသယံဇာတများ
မြန်မာနိုင်ငံသည် သစ်တောသယံဇာတများ အလွန်ကြွယ်ဝသောနိုင်ငံဖြစ်သည်။ ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာမှုများအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏၄၂ ဒသမ ၁၅ ရာခိုင်နှုန်း (ဧရိယာ ဧက ၇၀ ဒသမ ၄၇ သန်း) ရှိပြီး မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောအမျိုးအစားစုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။ အအေးပိုင်းသစ်တောများ၊ ရွက်ပြတ်ရောနှောတောများ၊ အပူပိုင်းသစ်တောများ၊ အမြဲစိမ်းတောများ၊ တောင်ပေါ်တောများနှင့် ဒီရေတောများ၊ ရွှံ့ညွန်တောများ စသည်ဖြင့်စုံလင်စွာ ပေါက်ရောက်လျက်ရှိသည်။ အထူးသဖြင့် ကျွန်းသစ်နှင့် သစ်မာသစ်မျိုးများဖြစ်သော ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သင်းဝင်၊ အင်၊ ကညင် စသည့်စီးပွားရေးအရ အဖိုးတန်သစ်မျိုးများကို ရွက်ပြတ်ရောနှောတောများတွင် တွေ့ရပြီး နိုင်ငံ့စီးပွားရေးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အဆိုပါ အဖိုးတန်သစ်မျိုးများနှင့်အတူ ဝါး၊ ကြိမ်၊ မှို၊ ပျားရည်၊ ငှက်သိုက် အစရှိသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအမျိုးမျိုးလည်း သစ်တောအမျိုးအစား အလိုက်တွေ့နိုင်သည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ သစ်ပင်များ၏ အစိတ်အပိုင်းအမျိုးမျိုးတို့သည် ကျွန်းနှင့်သစ်မာများကဲ့သို့ပင် နိုင်ငံ၏စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများအား ရေရှည်တည်တံ့စေရန် စနစ်တကျစီမံ ခန့်ခွဲခြင်းနှင့် စနစ်တကျထုတ်ယူသုံးစွဲခြင်းသည် သစ်တောပြုန်းတီးမှုမဖြစ်စေဘဲ ကျေးလက်ဒေသနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေသည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME) များ ဖွံ့ဖြိုးလာစေနိုင်သည်။ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဆောင်ရွက်မည်ဆိုပါက စီးပွားရေး အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်သည်။
ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းများ
(က) သစ်တောများနှင့် ဇီဝစီးပွားရေး (Bioeconomy)
၂၁ ရာစုအတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုသည် ရာသီဥတုပြောင်းလဲမှု၊ သဘာဝအရင်းအမြစ်လျော့နည်းလာမှု၊ သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာမှု၊ နည်းပညာနှင့် ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာမှုတို့နှင့် တစ်ပြိုင်နက် ရင်ဆိုင်ရလျက်ရှိသည်။
ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုလျှော့ချခြင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော ထုတ်ကုန်ပစ္စည်းများနှင့် နည်းပညာများ အသုံးပြုလာခြင်း၊ ဓာတုပစ္စည်းများအခြေခံသော ထုတ်ကုန်ပစ္စည်းများ သုံးစွဲမှုလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝသယံဇာတများဖြစ်သည့် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကိုအခြေခံသည့် ဆောက်လုပ်ရေးပစ္စည်းများနှင့် ပရိဘောဂများ၊ အော်ဂဲနစ်ထုတ်ကုန်များ၊ ဇီဝထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများကို ပိုမိုဦးစား ပေးရွေးချယ်သုံးစွဲလာလျက်ရှိသည်။
တစ်နည်းအားဖြင့် ကမ္ဘာ့နိုင်ငံအများစုသည် သက်ရှိသဘာဝအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းခြင်း၊ ပြန်လည်စိုက်ပျိုးခြင်း၊ မွေးမြူခြင်း၊ စဉ်ဆက်မပြတ် ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်းကို အဓိကထားဆောင်ရွက်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ဇီဝစီးပွားရေးစနစ် (Sustainable Bioeconomy) သို့ပြောင်းလဲရန် ကြိုးပမ်းလာလျက်ရှိသည်။
သစ်သား၊ ဝါးနှင့် ကြိမ်တို့သည် ပြန်လည်ပြည့်ဖြိုးမြဲ သဘာဝအရင်းအမြစ်များဖြစ်ပြီး သံမဏိ၊ ကွန်ကရစ်နှင့် ပလတ်စတစ်ကဲ့သို့ ကာဗွန်ထုတ်လွှတ်မှုများသောပစ္စည်းများကို အစားထိုးအသုံးပြု နိုင်သည့် အရင်းအမြစ်များဖြစ်သည်။ သစ်တောထွက်ပစ္စည်းများ၊ သစ်တောထုတ်ကုန်များသည် ကာဗွန်ထုတ်လွှတ်မှုများသော ပစ္စည်းများကို အစားထိုးနိုင်ပြီး စီးပွားရေး အခွင့်အလမ်းအသစ်များကိုလည်း ဖန်တီးပေးနိုင်သည့် ဇီဝစီးပွားရေး (Bioeconomy) ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ သစ်တောများသည် ထွန်းသစ်စဇီဝစီးပွားရေးစနစ် ဗဟိုချက်တွင်ရှိပြီး အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေသည်။
(ခ) သစ်တောများနှင့် အစိမ်းရောင်စီးပွားရေး (Green Economy)
သစ်တောများသည် အစိမ်းရောင် စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အရေးပါသော ပတ်ဝန်းကျင်စနစ်ဝန်ဆောင်မှုများ၊ ပြန်လည်အသုံးပြုနိုင်သော သဘာဝအရင်းအမြစ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပံ့ပိုးပေးနိုင်သည့်အပြင် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရာတွင်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်ပင်သစ်တောများနှင့် ဂေဟစနစ်အခြေပြုသော စီးပွားရေးလုပ်ငန်းများစွာ ဆောင်ရွက်နိုင်သည်။ သစ်တောများရေရှည် တည်တံ့စေရန် စနစ်တကျစီမံအုပ်ချုပ်ခြင်း (Sustainable Forest Management) ၊ သစ်တောစိုက်ခင်းများနှင့် ဝါးစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ ဝါးနှင့်ကြိမ်တို့အခြေခံသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆေးဖက်ဝင်အပင်များ ထုတ်လုပ်ခြင်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်း (Ecotourism) ကို မြှင့်တင်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မည့် သစ်အခြေခံစက်မှုလုပ်ငန်းများ အသွင်ကူးပြောင်း ဆောင်ရွက်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (Reducing Emissions from Deforestation and Forest Degradation-REDD+)၊ ဂေဟစနစ်ဝန်ဆောင်မှု တန်ဖိုးပေးချေခြင်းဆိုင်ရာလုပ်ငန်းများ (Payment for Ecosystem Services-PES)၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်းနှင့် ကာဗွန်ခရက်ဒစ်ရောင်းဝယ်ခြင်း စသည့်လုပ်ငန်းများသည် သစ်ပင်သစ်တောများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အခြေခံသော အစိမ်းရောင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး သစ်တောကြွယ်ဝသည့် ဖွံ့ဖြိုးဆဲနိုင်ငံများက အလေးထားဖော်ဆောင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများဖြစ်သည်။
အစိမ်းရောင်စီးပွားရေးလုပ်ငန်းများနှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းများသည် စီးပွားရေးအကျိုးအမြတ်များ ရရှိနိုင်ရုံသာမက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းပေးနိုင်သည့် သဘာဝအခြေပြုဖြေရှင်းခြင်း (Nature-based Solutions) နည်းလမ်းတစ်ရပ်ဖြစ်သည်။ သစ်တောစီမံအုပ်ချုပ်မှု အတတ်ပညာ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကိုအသုံးပြု၍ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
(ဂ) သစ်တောများနှင့် စက်ဝိုင်းပုံစီးပွားရေး (Circular Economy)
ယခုအခါတွင် သဘာဝအရင်းအမြစ်များ၊ သစ်တောသယံဇာတများ လျော့နည်းရှားပါးလာမှုနှင့်အတူ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းပမာဏအနည်းဆုံးကို အသုံးပြု၍ စီးပွားရေးအကျိုးအမြတ်အများဆုံး ရရှိစေနိုင်သော ထုတ်လုပ်မှုပုံစံများ၊ သစ်တောထွက်ပစ္စည်းများကို အကြိမ်ကြိမ်၊အဆင့်ဆင့် ပြန်လည်ပြုပြင်သုံးစွဲသည့် ထုတ်လုပ်မှုပုံစံများသို့ ပြောင်းလဲဆောင်ရွက်လာလျက်ရှိသည်။ စက်ဝိုင်းပုံစီးပွားရေးသည် သစ်တောထွက်ပစ္စည်းများ၊ သဘာဝအရင်းအမြစ်များကို အဆုံးစွန်အထိအသုံးချပြီး စွန့်ပစ်ပစ္စည်းများထွက်ရှိမှုကို အနည်းဆုံးသို့ လျှော့ချရန်ရည်ရွယ်သည့် စီးပွားရေးပုံစံဖြစ်သည်။ သစ်သားနှင့် သစ်တောထွက်ပစ္စည်း ထုတ်ကုန်များသည် ပလတ်စတစ်ကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုများမရှိသည့်အပြင် ပြန်လည်အသုံးချနိုင်စွမ်းမြင့်မားသဖြင့် စက်ဝိုင်းပုံစီးပွားရေး၏အဓိကပစ္စည်းများအဖြစ် အသုံးချမှုများတိုးပွားလာလျက်ရှိသည်။
ဥပမာအားဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုအဆင့်ဆင့်၌ သစ်ကုန်ကြမ်းများ၊ ဝါးနှင့်ကြိမ်ကုန်ကြမ်းများကို အလေအလွင့်မရှိစေရန်နှင့် အနည်းဆုံးဖြစ်စေရန် စနစ်တကျအသုံးပြုလာသကဲ့သို့ ဖြစ်ပေါ်လာသည့် သစ်အတိုအစများ၊ ဝါးအတိုအစများ၊ ကြိမ်အတိုအစများ၊ ဖြတ်စများနှင့်လွှစာများကို ခေတ်မီစက်ပစ္စည်းများ၊ နည်းပညာနှင့် အရည်အသွေးမြင့်ကော်များအသုံးပြု၍ ဘုတ်ပြားများ (Particle Board) ထုတ်လုပ်ခြင်း၊ ကြိတ်သား၊ အထပ်သား၊ လက်ယှက်များ၊ ကြမ်းခင်းများ၊ မျက်နှာကြက်များ၊ နံရံများနှင့်ပရိဘောဂများ ထုတ်လုပ်ခြင်း၊ လောင်စာတောင့်များ (Wood Pallet) ပြုလုပ်ခြင်းဖြင့် ပြန်လည်ပြုပြင်သုံးစွဲလာလျက်ရှိသည်။ နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများ၊ ခေတ်မီစက်ကိရိယာများ၊ ဆန်းသစ်သောဒီဇိုင်းပုံစံများ၊ အထောက်အကူပြုပစ္စည်းများကို အသုံးပြုပြီး သစ်တောထွက်ပစ္စည်းများအား အလေအလွင့်မရှိစေရန်နှင့် အနည်းဆုံးဖြစ်စေရန် စနစ်တကျစီမံခန့်ခွဲပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လျက် နိုင်ငံ့စီးပွားကို ပံ့ပိုးပေးလျက်ရှိသည်။
(ဃ) သစ်တောများနှင့် အပြာရောင်
စီးပွားရေး (Blue Economy) ပင်လယ်သမုဒ္ဒရာနှင့် ကမ်းရိုးတန်းများတွင် သဘာဝသယံဇာတများကို ကာကွယ်ခြင်း၊ ပြန်လည်တည်ထောင်ထိန်းသိမ်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်သော စီးပွားရေးလုပ်ငန်းများစွာကို စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေမည့် စီးပွားရေးပုံစံသည် အပြာရောင်စီးပွားရေး (Blue Economy) ဖြစ်သည်။ ကမ်းရိုးတန်းသစ်တောများနှင့် ဒီရေတော များသည် အပြာရောင်စီးပွားရေး၏ အခြေခံအင်ဂျင်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းဒေသသည် ၂၈၀၀ ကီလိုမီတာခန့်ရှည်လျားပြီး ဘင်္ဂလားပင်လယ်အော်ဒေသ ဂေဟစနစ်တစ်ခုလုံး၏ ငါးပုံတစ်ပုံကိုပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောပေါက်ရောက်မှု ဧရိယာအားဖြင့် သတ္တမအဆင့်တွင်တည်ရှိပြီး အာရှတိုက်တွင် ဒီရေတောပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။ ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ချက်များအရ မြန်မာ့ဒီရေရောက်သစ်တောများသည် မြန်မာနိုင်ငံဧရိယာ၏ သုည ဒသမ ၇၆ ရာခိုင်နှုန်း (ဧရိယာ ဧက ၁ ဒသမ ၂၆ သန်းကျော်)ရှိသည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် တနင်္သာရီကမ်းရိုးတန်းဒေသတို့သည် အပြာရောင်စီးပွားရေးဖွံ့ဖြိုးရေးအတွက် အဓိကကျသောဒေသများဖြစ်သည်။
ဒီရေတောများသည် ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေလုပ်ငန်းအတွက် အဓိကနေရင်းဒေသများဖြစ်ပြီး စားရေရိက္ခာဖူလုံစေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဒီရေတောများသည် ကမ်းရိုးတန်းဒေသနေပြည်သူများနှင့် နိုင်ငံအတွက် ရေထွက်ကုန်ပစ္စည်းများ၊ စားရေရိက္ခာများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးထုတ်လုပ်ပေးလျက်ရှိပြီး နိုင်ငံ့စီးပွားရေးကိုပံ့ပိုးလျက်ရှိသည်။ ဒီရေတောများသည် ပင်လယ်ရွှံ့ညွန်များ၊ သစ်ဆွေးမြေများနှင့် ဆက်စပ်နေပြီး လေထုအတွင်းမှကာဗွန်ကို အလွန်ထိရောက်စွာ စုပ်ယူသိုလှောင်နိုင်သဖြင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးတွင် အလွန်အရေးပါသည်။ ထို့ကြောင့် ဒီရေတောများက စုပ်ယူသိုလှောင်သောကာဗွန်ကို အပြာရောင်ကာဗွန် (Blue Carbon) ဟုခေါ်ဆိုပြီး ကာဗွန်ဈေးကွက်တွင်ရင်းနှီးမြှုပ်နှံရောင်းဝယ်လျက်ရှိသည်။
ဒီရေတောများသည် လေပြင်းမုန်တိုင်းများနှင့် ဆူနာမီရေလှိုင်းများ၏ အန္တရာယ်မှလျော့ကျစေရန် ကာကွယ်ပေးခြင်း၊ မြေပေါ်နှင့်မြေအောက် ရေချိုအရင်းအမြစ်များအတွင်း ရေငန်ဝင်ရောက်ခြင်းနှင့် ကမ်းခြေဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ချောင်းကမ်းပါးများရေတိုက်စားပြီး မြေပြိုခြင်း အန္တရာယ်စသည်တို့မှလည်း ကာကွယ်ပေးခြင်းတို့ကို ဒီရေတောများက ဝန်ဆောင်မှုပေးလျက်ရှိသည်။ အဆိုပါ ဝန်ဆောင်မှုတန်ဖိုးများသည် စီးပွားရေးအရ ငွေကြေးဖြင့်တန်ဖိုးဖြတ်၍ ဈေးကွက်တွင်ရောင်းဝယ်၍မရသော်လည်း သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ပေးနိုင်ပြီး စီးပွား ရေးလုပ်ငန်းများနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအတွက် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်မှုအန္တရာယ်များမှ ကာကွယ်ပေးလျက်ရှိပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးဖို့ သစ်တောများကိုထိန်းသိမ်းစို့
ယခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (International Day of Forests) ၏ အဓိကဆောင်ပုဒ်မှာ “သစ်တောများနှင့် စီးပွားရေး (Forests and Economies)” ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးရာတွင် သစ်တောများ၏ မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍကို အလေးထားပြီး ဂုဏ်ပြုလျက် အောက်ဖော်ပြပါအတိုင်း မီးမောင်းထိုးဖော်ပြထားသည်-
သစ်တောများသည် ကမ္ဘာ့ကုန်းနေဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာဖြစ်ပြီး သစ်ပင်မျိုးစိတ် ပေါင်း ခြောက်သောင်းကျော်ပါဝင်လျက်ရှိကြောင်း၊
သစ်တောများသည် ကမ္ဘာ့စီးပွားရေးကို မောင်းနှင်ပေးလျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ၏ အလုပ်အကိုင်များကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊
အမေရိကန်ဒေါ်လာ ၄၄ ထရီလီယံခန့်တန်ဖိုးရှိသော စီးပွားရေး လုပ်ငန်းများသည် သစ်တောများ အပါအဝင် သဘာဝဂေဟစနစ်များအပေါ် အားထားဆောင်ရွက်နေကြောင်း၊
ကမ္ဘာ့လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်သည် အစားအစာ၊ ခိုလှုံစရာ၊ စွမ်းအင်၊ ဆေးဝါးများနှင့် ဝင်ငွေအတွက် သစ်တောများအပေါ် တိုက်ရိုက်မှီခိုလျက်ရှိပြီး လူဦးရေ ၃၃ သန်းအတွက် အလုပ်အကိုင်ဖန်တီးပေးလျက်ရှိကြောင်း၊
လက်ရှိအချိန်တွင် ကမ္ဘာနှင့် တစ်ဝန်း နှစ်စဉ် သစ်ထုတ်လုပ်မှုပမာဏမှာ ခန့်မှန်းအားဖြင့် ကုဗမီတာ ၄ ဘီလီယံခန့်ရှိ ကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်အရောက်တွင် စက်မှုလုပ်ငန်းသုံး သစ်လုံး (industrial roundwood) ကုဗမီတာ ၁ ဘီလီယံခန့် ထပ်မံလိုအပ်လာနိုင်ကြောင်း၊
ကမ္ဘာတစ်ဝန်းရှိလူဦးရေ ၅ ဒသမ ၈ ဘီလီယံခန့်သည် မိမိတို့၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေး အတွက် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ (Non-Timber Forest Products-NTFPs) ကို အရေးပါသောအရင်းအမြစ်အဖြစ် အသုံးပြုလျက်ရှိကြောင်း၊
အစားအစာများ၊ ဆေးဝါးများ၊ သစ်စေးများ (Resins)၊ အလှဆင်အပင်များနှင့် တိရစ္ဆာန်အစာ (Fodder) များအပါအဝင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းထုတ်ကုန်များသည် ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် နှစ်စဉ်အနည်းဆုံး အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၁ ဘီလီယံခန့်တန်ဖိုး ရှိကြောင်း၊
ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၂ ဘီလီယံကျော်သည် ထင်းနှင့်မီးသွေးတို့ကို နေ့စဉ်ချက်ပြုတ် ရေးနှင့် အပူပေးရေးဆိုင်ရာ စွမ်းအင်အရင်းအမြစ်များအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် သစ်အခြေပြု ခေတ်မီလောင်စာတောင့်(Wood Pellets) များကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် အပူစွမ်းအင်အသုံးချရေးစသည့်စက်မှုလုပ်ငန်း များတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားသည်။
ယနေ့ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအတွင်း သစ်တောကဏ္ဍနှင့် ဆက်စပ်လျက်ရှိသော စီးပွားရေးဖွံ့ဖြိုးမှု သဘောတရားအခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော ဇီဝစီးပွားရေး (Bioeconomy)၊ အစိမ်းရောင်စီးပွားရေး (Green Economy)၊ စက်ဝိုင်းပုံစီးပွားရေး (Circular Economy) နှင့် အပြာရောင်စီးပွားရေး (Blue Economy) မော်ဒယ်များသည် သဘာဝအရင်းအမြစ်များကို အလွန်အကျွံသုံးစွဲခြင်းမှ ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချနိုင်ရေးသို့ ပြောင်းလဲစေသော အဓိက လမ်းညွှန်ချက်များဖြစ်လာနေသည်။ ဤစနစ်များအားလုံး၏ အခြေခံတန်ဖိုးမှာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ တန်ဖိုးမြှင့်အသုံးချခြင်းနှင့် မျိုးဆက်သစ်များအတွက် အရင်းအမြစ်များ ဆက်လက်ကျန်ရှိစေရန် အာမခံပေးခြင်းတို့ဖြစ်သည်။
သစ်တောသယံဇာတပေါကြွယ်ဝမှုနှင့် နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေသည် ဖြစ်သည့်အတွက် သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ သစ်တောများသည် စီးပွားရေးဖွံ့ဖြိုးမှုအပေါ် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့်အတွက် စီးပွားရေးတည်ငြိမ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အနာဂတ်အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုအဖြစ်သတ်မှတ်ကာ တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ခေတ်မီနည်းစနစ်များ၊ တီထွင်ဆန်းသစ်မှုများဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ကာ သစ်တောသယံဇာတများ ထိန်းသိမ်းနိုင်ရန်၊ သစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သစ်တောထိန်းသိမ်းရေးနှင့် သစ်တောအခြေခံ ဖွံ့ဖြိုးတိုးတက်မှုများကို စနစ်တကျပေါင်းစပ် ဆောင်ရွက်နိုင်ပါက စီးပွားရေးတိုးတက်မှု၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို သဟဇာတမျှတစွာ တစ်ပြိုင်နက်တည်း အောင်မြင်နိုင်မည်ဖြစ်သည်။
တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် သဘာဝတောများကို ရေရှည်တည်တံ့စေရန် စနစ်တကျစီမံ အုပ်ချုပ်ခြင်း၊ တောနိမ့်တောကျဲပါး နေရာများတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောစိုက်ခင်းများ ပြန်လည်တည်ထောင်ခြင်း၊ သစ်တောနယ်မြေပြင်ပသစ်ပင်များ (Trees Outside Forests) စိုက်ပျိုးထိန်းသိမ်းခြင်း၊ သစ်ပင် သစ်တောစိုက်ပျိုး ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး တက်ကြွစွာပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောဖုံးလွှမ်းမှုများတိုးပွားလာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာနိုင်မည်ဖြစ်ပါကြောင်း “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” ကို ဂုဏ်ပြုအပ်ပါသည်။ ။
MWD

