တစ်ကမ္ဘာလုံးရဲ့ စွမ်းအင်ဖူလုံရေးမူဝါဒကို ပြန်လည်ချိန်ဆရစေတဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခ
Posted_Date
Image
Body
ဖေဖော်ဝါရီလကုန်ကတည်းက ဖြစ်ပွားလျက်ရှိတဲ့ အရှေ့အလယ်ပိုင်းဒေသတင်းမာမှုတွေဟာ သာမန်ရိုးရိုးပဋိပက္ခအဆင့်ကနေ ကမ္ဘာ့စီးပွားရေးရဲ့ အသက်သွေးကြောအဖြစ် တည်ရှိနေတဲ့စွမ်းအင်ကဏ္ဍကို တိုက်ရိုက်ခြိမ်းခြောက်လာတဲ့ အနေအထား ရောက်လာခဲ့ပါပြီ။ အထူးသဖြင့် ပါရှန်းပင်လယ်ကွေ့အတွင်းက စွမ်းအင်အခြေခံအဆောက်အအုံတွေအနေနဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ခံရတာဟာ အမေရိကန်-အစ္စရေးပူးပေါင်းအင်အားစုနဲ့ အီရန်တို့ကြားအားပြိုင်မှုကို ကမ္ဘာ့ရေနံလမ်းကြောင်း တွေရဲ့မဏ္ဍိုင်ဆီ ဆွဲခေါ်သွားသလိုဖြစ်နေပါတယ်။
ဒီအခြေအနေကြောင့်ပဲ ကမ္ဘာ့နိုင်ငံများစွာအနေနဲ့ သူတို့ရဲ့ စွမ်းအင်ဖူလုံရေးမူဝါဒတွေကို အရင်ကထက် ပိုမိုတင်းကျပ်ပြီး အသစ်တစ်ဖန် ပြန်လည်ရေးဆွဲဖို့ တွန်းအားပေးခြင်း ခံနေရတာပါ။ လွန်ခဲ့တဲ့ သုံးပတ်အတွင်းမှာတင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ အရင်က ပင်လယ်ကွေ့ဒေသဟာ အန္တရာယ်ရှိနိုင်တယ်လို့ မှန်းဆထားတဲ့ ဇုန်တစ်ခုအဖြစ်သာရှိပေမယ့်လည်း အခုတော့ ကမ္ဘာ့စွမ်းအင်အခြေခံအဆောက်အအုံနဲ့ ကုန်သွယ်သင်္ဘောလိုင်းတွေအတွက် တကယ့်ကိုထိပ်တိုက်ရင်ဆိုင်နေရတဲ့လုံခြုံရေးအရ အစိုးရိမ်ရဆုံး ဗဟိုချက်ဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုဟာ ရေနံဈေးနှုန်းတွေအပေါ် တင်မကဘဲ နိုင်ငံတကာရဲ့ စွမ်းအင်ဖြန့်ဖြူးမှုစနစ်တစ်ခုလုံးကိုပါ အကြီးအကျယ်ရိုက်ခတ် နေတာတွေ့ရပါတယ်။
အထူးသဖြင့် ကမ္ဘာ့လောင်စာစွမ်းအင်စုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေရတဲ့ ဟော်မု ရေလက်ကြားဟာ အရင်ကနောက်ကွယ်ကနေ စိုးရိမ်ရုံလောက်သာရှိခဲ့ရာကနေ အခုတော့ အထင်အရှားကို အန္တရာယ်ရှိတဲ့လမ်းကြောင်းကြီး ဖြစ်လာပါပြီ။ အာမခံကုမ္ပဏီတွေကလည်း လက်ရှိအခြေအနေတွေကို အသည်းအသန် ပြန်သုံးသပ်နေကြသလို ရေနံတင်သင်္ဘောတွေ သွားလာမှုလည်း တုံ့ဆိုင်းနှေးကွေးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဒီရေလက်ကြားဟာ ပထဝီနိုင်ငံရေး မီးပွားတွေမှတစ်ဆင့် စွမ်းအင်ဈေးကွက်ဆီသို့ ကူးစက်လောင်ကျွမ်းစေတဲ့ အဓိကအချက်အချာနေရာတစ်ခု ဖြစ်လာခဲ့ရပါတယ်။ ပဋိပက္ခဖြစ်ပြီး တစ်ပတ်အကြာမှာ အမေရိကန်က ရေတပ်ရဲ့ အစောင့်အရှောက်တွေနဲ့ ထောက်ပံ့ရေးအစီအမံတွေ လုပ်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့် ဥရောပမဟာမိတ်တွေဆီကနေ စစ်ရေးအရ ပါဝင်ဖို့ ထောက်ခံမှုမရခဲ့ပါဘူး။ မတ်လ ၁၉ ရက်မှာဥရောပနိုင်ငံ တော်တော်များများအပြင် ဂျပန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က ရေလက်ကြားမှာ ဘေးကင်းလုံခြုံစွာသွားလာနိုင်ဖို့ ကြိုးပမ်းမှုတွေမှာပါဝင်ဖို့ အသင့်ရှိကြောင်း ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ်မာ့ကတော့ သေနတ်သံတွေတိတ်သွားမှပဲ ဂျာမနီအနေနဲ့ ဒီဒေသမှာပါဝင်ပတ်သက်နိုင်မယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။
အစီရင်ခံစာအချို့ကိုကြည့်မယ်ဆိုရင် ပါကစ္စတန်၊ တရုတ်၊ အီရတ်နဲ့ မလေးရှားတို့က အီရန်နဲ့ဆွေးနွေးပြီး သင်္ဘောအချို့ ဖြတ်သန်းနိုင်နေပြီလို့ ဆိုပေမယ့် လမ်းကြောင်းတစ်ခုလုံးကတော့ အပြည့်အဝဘေးမကင်းသေးပါဘူး။ ဈေးကွက်ကလည်း သံတမန်ရေးအရ ပြောရုံနဲ့တော့ စက်သုံးဆီစီးဆင်းမှု ပြန်မှန်လာမယ်လို့ မယုံကြည်ကြပါဘူး။ ရေနံဈေးကွက်မှာလည်း ချက်ချင်းဆိုသလို တုံ့ပြန်မှုဖြစ်ပေါ်ပြီး ဘရန့်ရေနံစိမ်းဈေးဟာ မတ်လ ၁၉ ရက်မှာ တစ်စည်ကို ၁၁၉ ဒေါ်လာအထိ တက်သွားခဲ့ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ဒူဘိုင်းရေနံစိမ်းဈေးဟာ တစ်စည်ကို ၁၆၆ ဒသမ ၈၀ ဒေါ်လာအထိ စံချိန်တင်မြင့်တက်သွားတာက ရေနံအမှန်တကယ်လိုအပ်ချက်ဟာ ကြိုတင်ရောင်းဝယ်တဲ့ဈေးကွက်ထက်တောင် ပိုမြန်နေတာကိုပြနေပါတယ်။
ပင်လယ်ရေကြောင်းပိတ်ဆို့မှု လုံးဝမဖြစ်သေးရင်တောင်မှ သင်္ဘောခတွေ၊ အာမခံကြေးတွေ မြင့်တက်လာတာနဲ့ လမ်းကြောင်းလွှဲရတာတွေကြောင့် ရေနံဈေးနှုန်းမှာ စစ်ပွဲကြောင့်တက်တဲ့ အပိုဈေးနှုန်းက ကြာရှည်ကပ်ပါလာမှာဖြစ်ပါတယ်။ ဒါဟာ OPEC+ ရဲ့ အခန်းကဏ္ဍ အထူးသဖြင့် ဆော်ဒီ-ရုရှား ပူးပေါင်းမှုကို ရေနံဈေးထိန်းသူတွေတင်မဟုတ်ဘဲ ပင်လယ်ကွေ့ ရေကြောင်းလုံခြုံရေးကိုပါ စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ပေးလိုက်တာဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ ရေနံစက်ရုံတွေနဲ့သင်္ဘောတွေ တိုက်ခိုက်ခံရတာထက် ပိုဆိုးတဲ့ဈေးကွက်တုန်လှုပ်မှုကတော့ ပင်လယ်ကွေ့တစ်ခုလုံးရဲ့ သယ်ယူပို့ဆောင်ရေးစနစ်၊ သင်္ဘောလမ်းကြောင်းတွေ၊ အာမခံဈေးကွက်နဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ ပျက်စီးသွားတာပဲ ဖြစ်ပါတယ်။ လေကြောင်းပိုင်နက်၊ ဆိပ်ကမ်း၊ သင်္ဘောအာမခံနဲ့ လမ်းကြောင်းတွေအားလုံးက ပဋိပက္ခဇုန်ထဲ တိုက်ရိုက်ဆွဲသွင်းခံလိုက်ရပါတယ်။
ပဋိပက္ခစတင်ကတည်းက ပါရှန်းပင်လယ်ကွေ့နဲ့ဟော်မုရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေအပါအဝင် အရပ်ဘက်သင်္ဘော အနည်းဆုံးအစင်း ၂၀ ကျော်တိုက်ခိုက်ခံခဲ့ရပါတယ်။ သင်္ဘောကိုခြေရာခံအချက်အလက်တွေအရ အန္တရာယ်ရှိရေပြင်ထဲမဝင်ရဲဘဲ အပြင်မှာစောင့်နေရတဲ့သင်္ဘောတွေ ဒါဇင်နဲ့ချီရှိနေပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ဟော်မုရေလက်ကြားမှာ တန်းစီစောင့်ဆိုင်းနေတဲ့ သင်္ဘောတန်းတွေ ပိုရှည်လာခဲ့ပါတယ်။ ဘေးကင်းတဲ့လမ်းကြောင်းကို ညှိနှိုင်းလို့ရသွားရင်တောင်မှ ပျက်စီးသွားတဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို ပြန်ပြင်ဖို့က လူတွေထင်ထားတာထက်ကို ပိုကြာနိုင်ပါတယ်။
အခုလို အခြေအနေမဆိုးခင်ကတည်းက ဘရန့်ရေနံစိမ်းဈေးဟာ ဒေါ်လာ ၇၀ ဝန်းကျင်ရှိနေတာပါ။ အခုပြောင်းလဲတာက လက်တွေ့ရေနံအမှန်တကယ် ပို့ဆောင်နိုင်မှုက စက္ကူပေါ်ကဈေးကွက်ထက် ပိုပြီး ကျပ်တည်းလာတာပဲဖြစ်ပါတယ်။ Petro-Logistics ရဲ့ အဆိုအရ ရေနံစိမ်းစီးဆင်းမှုက တစ်ရက်ကို စည်ပေါင်း ၁၂ သန်းလောက်လျော့ကျသွားပြီး ဒါဟာကမ္ဘာ့နေ့စဉ် လိုအပ်ချက်ရဲ့ ၁၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါဟာကမ္ဘာ့ရေနံထောက်ပံ့မှုစာရင်းဇယားနဲ့ တကယ့်လက်တွေ့ပို့ဆောင်နိုင်မှုကြားက ကွာဟချက်ကို ပိုသိသာစေပါတယ်။ စာရင်းဇယားတွေအရတော့ ၂၀၂၆ ခုနှစ်မှာ ရေနံပိုလျှံမယ်လို့ ခန့်မှန်းထားကြပေမယ့်လက်တွေ့မှာတော့ အဲဒီရေနံတွေကို ဘေးကင်းကင်းနဲ့အချိန်မီပို့နိုင်ပါ့မလားဆိုတာက ပိုအရေးကြီးလာပါတယ်။
ကမ္ဘာ့ရေနံရဲ့ငါးပုံတစ်ပုံဟာ ဟော်မုရေလက်ကြားကို ဖြတ်နေရဆဲဖြစ်လို့ ဒီလမ်းကြောင်းပိတ်ဆို့တာဟာ ပိုလျှံမယ့်ရေနံပမာဏကိုပါ ဝါးမျိုသွားနိုင်ပါတယ်။
စာရင်းဇယားအရ ဟော်မုရေလက်ကြားကို ပိတ်လိုက်ရင် တစ်ရက်ကို ရေနံစည် ၂၁ သန်းလောက် ပိတ်မိသွားမှာပါ။ ဆော်ဒီနဲ့ ယူအေအီး ရေနံပိုက်လိုင်းတွေက တစ်ရက်ကို စည် ၆ သန်းကနေ ၈ သန်းလောက်ပဲ လွှဲပို့နိုင်တာကြောင့် ကျန်တဲ့စည်ကတော့ လုံးဝပိတ်မိနေမှာဖြစ်ပါတယ်။ အရေးပေါ် ရေနံသိုလှောင်မှုတွေကို ထုတ်သုံးရင်တောင်မှ ဒီလိုအကျပ်အတည်းမျိုးမှာ တစ်ရက်ကို ရေနံစည် ၈ သန်းကနေ ၁၀ သန်းလောက်အထိ အသားတင်လျော့နည်းသွားနိုင်ပါတယ်။ ဒါဟာ၂၀၂၆ ခုနှစ်မှာ ပိုလျှံမယ့် ရေနံပမာဏကို အကုန်ဖျက်ဆီးပစ်နိုင်ပြီး ရေနံဈေးကိုလည်း အကြီးအကျယ် မြင့်တက်စေမှာဖြစ်ပါတယ်။ ဒီအကျပ်အတည်းဟာ OPEC+ အဖွဲ့က ဈေးနှုန်းထိန်းညှိသူအဆင့်ကနေ စုပေါင်းစီမံခန့်ခွဲသူအဆင့်ကို ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ ဖြစ်လာတာပါ။ ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အတွက်တော့ ဒါဟာရေနံထုတ်လုပ်မှုပမာဏကို ချိန်ညှိရုံတင်မဟုတ်ဘဲ ပထဝီနိုင်ငံရေးအရပါ ဩဇာသက်ရောက်ဖို့ ကြိုးစားတာဖြစ်ပါတယ်။
ဆော်ဒီနဲ့ ယူအေအီးတို့မှာပိုလျှံနေတဲ့ ထုတ်လုပ်နိုင်စွမ်းဟာ အကျပ်အတည်းကို တည်ငြိမ်အောင် လုပ်နိုင်မယ့် အဓိကလက်နက် ဖြစ်လာပါတယ်။ ဒါပေမဲ့ OPEC+ အနေနဲ့ သင်္ဘောတွေကိုအာမခံပေးတာ ဒါမှမဟုတ် စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှားတာမျိုးတော့ မလုပ်နိုင်ပါဘူး။ သူတို့လုပ်နိုင်တာက ရေနံထုတ်ပေးနိုင်တဲ့ပမာဏကို ချိန်ညှိပေးရုံပဲရှိပါတယ်။ ရုရှားရဲ့ ရေနံလမ်းကြောင်းတွေကတော့ ဟော်မုရေလက်ကြားနဲ့ တိုက်ရိုက်မပတ်သက်တဲ့အတွက် အိန္ဒိယလို အာရှနိုင်ငံတွေအတွက်တော့ ရုရှားရေနံကတည်ငြိမ်မှု ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်။ ဆော်ဒီ၊ ယူအေအီးနဲ့ ရုရှားတို့ ဘယ်လိုညှိနှိုင်းမလဲဆိုတာက ရေနံဈေးနှုန်း တည်ငြိမ်မလား၊ မြင့်တက်နေမလားဆိုတာကိုအဆုံးအဖြတ်ပေးပါလိမ့်မယ်။ အခုလိုအခြေအနေကြောင့် ပင်လယ်ကွေ့ အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ဖော်ပြနေပါတယ်။ အဓိကအချက်က ရေနံပမာဏတစ်ခုတည်းသာ မဟုတ်ဘဲ သင်္ဘောလမ်းကြောင်းတွေ တည်ငြိမ်ဖို့နဲ့ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ် ပေးနိုင်မလဲဆိုတာ ဖြစ်လာပါတယ်။
အချုပ်အားဖြင့်ဆိုရရင် အခုဖြစ်ပွားနေတဲ့ ပင်လယ်ကွေ့အကျပ်အတည်းဟာ ကမ္ဘာ့စွမ်းအင်နိုင်ငံရေးမှာ ကြီးမားတဲ့ အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။ အဓိက အချက်က ရေနံဘယ်လောက်ထွက်သလဲဆိုတာထက် ရေနံသယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေက ဘယ်လောက်တည်ငြိမ်သလဲ၊ အဲဒီလမ်းကြောင်းတွေကို ဘယ်သူကအကာအကွယ်ပေးနိုင်မလဲဆိုတာ ပိုပြီးအရေးပါလာတာဖြစ်ပါတယ်။ ရေနံစက်ရုံတွေ မပျက်စီးရင်တောင်မှ လမ်းကြောင်းတွေမှာ တင်းမာမှုရှိနေသရွေ့ ရေနံဈေးနှုန်းတွေ မြင့်တက်နေဦးမှာဖြစ်သလို စွမ်းအင်ဖူလုံရေးအတွက်လည်း စိန်ခေါ်မှုတွေရှိနေဦးမှာပါ။ ဒါကြောင့် OPEC+ လို အဖွဲ့အစည်းတွေဟာ ဈေးနှုန်းထိန်းကျောင်းတဲ့ အဆင့်ကနေ စွမ်းအင်ဖူလုံရေးကို ဝိုင်းဝန်းစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲလာနေတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ရေနံတင်သွင်းတဲ့ အာရှနိုင်ငံတွေဟာ သူတို့ရဲ့ စွမ်းအင်မူဝါဒတွေကို ရေနံရရှိဖို့တင်မကတော့ဘဲ လမ်းကြောင်းတွေ ဘေးကင်းဖို့၊ လမ်းကြောင်းအသစ်တွေရှာဖွေဖို့နဲ့ အရေးပေါ်အရန်စနစ်တွေ ထားရှိဖို့အထိပါ အလေးပေးစဉ်းစားလာရပါတယ်။ ဒါဟာ ကမ္ဘာ့စွမ်းအင်အခင်းအကျင်းအသစ်ရဲ့ အစောပိုင်း စမ်းသပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးမှာအခုရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရေနံပြတ်လပ်တာ မဟုတ်ဘဲ ဘေးကင်းစွာ ရယူနိုင်ခွင့် ပြတ်လပ်နေတာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူ၊ တင်သွင်းသူနဲ့ ရေကြောင်းအင်အားကြီးနိုင်ငံတွေ အားလုံးအတွက် စိန်ခေါ်မှုကရေနံကို လိုသလောက်ထုတ်လုပ်နိုင်ဖို့တင် မဟုတ်တော့ဘဲ အဲဒီရေနံတွေဖြတ်သန်းသွားမယ့် လမ်းကြောင်းတွေကို ယုံကြည်စိတ်ချမှုရှိအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာပဲဖြစ်ပါတယ်။ ဒါဟာ အနာဂတ်ကမ္ဘာ့စွမ်းအင်ဖူလုံရေးကို အဆုံးအဖြတ်ပေးမယ့် အဓိကအချက် ဖြစ်လာပါလိမ့်မယ်။ ။
Ref: RT
MWD
