ကျောက်ကပ်ကျန်းမာ တစ်ကမ္ဘာလုံးချမ်းသာ
Posted_Date
Image
Body
ကျောက်ကပ်ကျန်းမာဆိုတာ ကျောက်ကပ်အလုပ်လုပ်တာ ကောင်းတယ်၊ ကျောက်ကပ်အားမနည်းဘူး၊ ကျောက်ကပ် ကျန်းမာတယ်လို့ ဆိုလိုပါတယ်။ တစ် ကမ္ဘာလုံးချမ်းသာဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံး စိတ် ချမ်းသာတယ်၊ ကိုယ်ချမ်းသာတယ်လို့ ဆို လိုပါတယ်။
လူအတော်များများက ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိနည်းပါး ပါတယ်။ ဥပမာ- ရင်ဘတ်အောင့်ရင် နှလုံး သွေးကြောကျဉ်းတာဖြစ်နိုင်တယ်။ အီးစီဂျီ ဆွဲရမယ်။ နှလုံးသွေးကြောဆိုင်ရာ စမ်းသပ် တာတွေလုပ်ရမယ်လို့ နားလည်ကြပါ တယ်။
ထိုနည်းတူစွာ မျက်နှာရွဲ့သွားရင် သို့ မဟုတ် ကိုယ်တစ်ခြမ်းအားပျော့သွားရင် လေဖြတ်ပြီလို့ သိကြပါတယ်။ ဆေးရုံကို အရေးပေါ်သွားရမယ်၊ ဦးခေါင်းကို စီတီစကင်ရိုက်ရမယ်လို့ လူအတော်များများ သိကြပါတယ်။
ဒါ့ပြင် ချောင်းဆိုးတာကြာရင်၊ သလိပ် ထဲသွေးပါရင် အဆုတ်တီဘီရောဂါဖြစ်နိုင် တယ်လို့ သိထားကြပါတယ်။
ဒါပေမဲ့ ကျောက်ကပ်ရောဂါနဲ့ဆိုင်တဲ့အကြောင်းကိုတော့ လူအတော်များများ သိပ်မသိကြသေးပါဘူး။ ကျောက်ကပ်နဲ့ဆိုင်တဲ့ရောဂါတွေအများကြီးထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။
လူ့ရဲ့သဘောက နာတာကိုခံစားရရင် ဆေးခန်းသွားရမယ်လို့ သဘောပေါက် ကြပါတယ်။ ကျောက်ကပ်ထဲမှာရှိတဲ့ ကျောက်က ဆီးလမ်းကြောင်းထဲကိုရွေ့ သွားတဲ့အခါ မခံစားနိုင်လောက်အောင် နာပါတယ်။ ဒီလိုမျိုး ကျောက်ဖြစ်နိုင်ခြေ နည်းပါးအောင် ရေများများသောက်ရပါမယ်။ ယူရစ်အက်စစ်များရင်လည်း ဆေးသောက်ရမယ်။ အစားအသောက်ဆင်ခြင်ရမယ်။
နောက်တစ်ခုကတော့ အမျိုးသမီးတွေ မီးယပ်ချမ်းထတဲ့ရောဂါပါ။ အမျိုးသမီး တွေက ဆီးလမ်းကြောင်းပိုးဝင်တာဖြစ် လွယ်တယ်။ ချမ်းတုန်ဖျားရင်၊ ဆီးအောင့် ရင်၊ ဆီးကျင်ရင် ဆရာဝန်ထံလာပြလေ့ရှိ ပါတယ်။ ဆီးမသွားဘဲ အောင့်ထားတာ ကြာရင် ဆီးပိုးပေါက်လွယ်တယ်။ ဆီးချို ရောဂါရှိရင်လည်း ဆီးပိုးဖြစ်လွယ်တယ်။ ဒါကြောင့် ဆီးပိုးရောဂါအဖြစ်နည်းပါး အောင် ဆီးကိုအကြာကြီးအောင့်ထားတာ မလုပ်သင့်ပါဘူး။ ရေများများသောက်ရမယ်။ အရေးအကြီးဆုံးတစ်ခုကတော့ ကျောက်ကပ်အားနည်းခြင်းဖြစ်တာပါ။ အင်္ဂလိပ်ဆေးပညာမှာတော့နာတာရှည်ကျောက်ကပ်ရောဂါ (Chronic KidneyDisease)လို့ ခေါ်ပါတယ်။ ကျောက်ကပ်အလုပ်လုပ်တာ အားနည်းတယ်၊ တစ်နည်းအားဖြင့် ကျောက်ကပ်ပျက်စီးတယ်လို့ ဆိုလိုပါတယ်။ ဒီလိုဖြစ်တာက ရောဂါနုစဉ်မှာ ဘာလက္ခဏာမှ မပြပါဘူး။ ရောဂါ တဖြည်းဖြည်းရင့်လာတဲ့အခါမှာ သွေးတိုး ရောဂါ ကုရခက်လာတာ၊ ခန္ဓာကိုယ် ဖောရောင်လာတာ၊ အမောဖောက်လာ တာ၊ သွေးအားနည်းလာတာ၊ အသားအရေ ညစ်လာတာ၊ အရေပြားယားလာတာ၊ အစားပျက်လာတာ၊ ဆီးသွားနည်းလာ တာ စတဲ့ရောဂါလက္ခဏာတွေ ပြလာပါ တယ်။
ဒီလိုဆိုရင် မေးစရာရှိတာက ကျောက် ကပ်အားနည်းတာ စောစောမသိနိုင်ဘူး လား။ ကာကွယ်တဲ့နည်းလမ်းမရှိဘူးလား။ ကုသလို့ ပျောက်ကင်းတာရောဖြစ်နိုင်လားပေါ့။
ဟုတ်ပါတယ်။ ကျောက်ကပ်အားနည်း တာကို ဆီးစစ်ခြင်း၊ သွေးစစ်ခြင်းဖြင့် စော စောသိနိုင်ပါတယ်။ ဆီးထဲမှာ အသားဓာတ် ပါဝင်တဲ့ပမာဏ (ယူအေစီ) တိုင်းထွာခြင်း၊ သွေးထဲမှာ ခရီယမ်တနင်း (Creatinine) ဆိုတဲ့ဓာတ်တိုင်းကြည့်ရင်သိနိုင်ပါတယ်။ အနည်းဆုံးတော့ ခြောက်လတစ်ခါ စစ်ဆေးသင့်ပါတယ်။
ဒါဆိုရင် ကျောက်ကပ်အားနည်းတာ ကို ကာကွယ်နိုင်တဲ့နည်းလမ်းကရော မရှိ ဘူးလား။ ဟုတ်ပါတယ်။ ကျောက်ကပ် အားနည်းတာကို တစ်စုံတစ်ခုသောအတိုင်း အတာအထိ ကာကွယ်နိုင်ပါတယ်။ ကိုယ် လက်လှုပ်ရှားအားကစားမှန်မှန်လုပ်ခြင်းဖြင့် ကျောက်ကပ်အားနည်းတာကို လျှော့ချ ရပါမယ်။ အသီးအရွက်ကို အားပြုစားခြင်းကလည်း ကျောက်ကပ်အလုပ်လုပ်နေတဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေပါတယ်။ ဆားဓာတ်ပြင်းတဲ့ အစာတွေကိုလည်း ရှောင်သင့်ပါတယ်။ အချိုမှုန့်၊ အသားမှုန့် စတဲ့ ဆိုဒီယမ်ဓာတ်များတဲ့အစာတွေက ကျောက်ကပ်ကို ဝန်ပိစေပါတယ်။
ဒါကြောင့် အချိုမှုန့်၊ အသားမှုန့်၊ နွယ်ချို များတာတွေကို ရှောင်သင့်ပါတယ်။
ဆေးလိပ်သောက်သုံးခြင်းကလည်း ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဆေးလိပ်ဖြတ်သင့်ပါတယ်။ ကိုယ်အလေး ချိန်များခြင်း (အဝလွန်ခြင်း) ကလည်း ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကစီဓာတ်ပါတဲ့အချိုတွေလျှော့ စားတာ၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ် တာတွေက ကျောက်ကပ်ဝန်ပိတာကိုလျော့စေပါတယ်။ ကျောက်ကပ်အားနည်းတာ သက်သာစေပါတယ်။
အစားအသောက်ဆိုလို့ ယနေ့ခေတ် မှာ တီထွင်လာတဲ့အစားအစာတွေမှာပါ တဲ့ ဓာတ်တစ်မျိုး (AGE-Advanced Glycation End Products)က ကျောက်ကပ်ကိုလည်း အန္တရာယ်ရှိနိုင်တယ်၊ လေဖြတ် တာနဲ့ နှလုံးသွေးကြောကျဉ်းတာလည်း ဖြစ်စေပါတယ်။
ဒါကြောင့် သဘာဝအစားအစာတွေ၊ ရိုးရိုးရှင်းရှင်းချက်ပြုတ်ထားတဲ့ အစား အသောက်တွေကို အားပြုပြီးစားသုံး တာက ကျောက်ကပ်ကျန်းမာရေး၊ နှလုံးကျန်းမာရေးနဲ့ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ဒါ့ပြင်ဆီးချိုရောဂါဝေဒနာရှင်တွေ၊ သွေးတိုးရောဂါရှိသူတွေက ကျောက်ကပ် အားနည်းတာ ဖြစ်နိုင်ခြေများပါတယ်။ဒါကြောင့် ဆီးချိုရောဂါကို သေသေချာချာ ကုသရမယ်။ သွေးတိုးရောဂါကို ဂရုတစိုက် ကုသရပါမယ်။
ကျောက်ကပ်အားနည်းတာအရမ်းဆိုး ပြီဆိုရင် ကျောက်ကပ်အစားထိုးခြင်း သို့မဟုတ် ကျောက်ကပ်သွေးသန့်စင် စက်ဖြင့်ပုံမှန်ကျောက်ကပ်ဆေးခြင်းပဲ လုပ်လို့ရပါမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တွေ့ရှိချက်အရ ကျောက်ကပ်အားနည်း ရောဂါက ကမ္ဘာ့လူဦးရေ ၁၀ ရာခိုင်နှုန်းမှာ ဖြစ်နေပါတယ်။ ဆိုလိုတာက လူ ၁၀ ဦးမှာ တစ်ဦးက ကျောက်ကပ်အားနည်းရောဂါ ဖြစ်နေတာပါ။ဒီလိုရောဂါဖြစ်နှုန်းက ၂၀၅၀ ပြည့်နှစ်ဆိုရင် ၃၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ခြေရှိပါတယ်။ လူ ၁၀ ဦးမှာ သုံးဦးဖြစ်လာနိုင်ပါတယ်။ ဒီလူတွေက တစ်ချိန်ချိန်မှာ စောစောကလို ကျောက် ကပ်သွေးသန့်စင်ဖို့ လိုလာမှာပါ။ ဒီလို ကျောက်ကပ်ဆေးတာက တစ်ခါဆေးရင် အမေရိကန်ဒေါ်လာ ၃၀ ကနေ ၅၀ ကုန်ကျ မှုရှိပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ကျောက်ကပ်ကျန်းမာခြင်းက လူတစ်ဦးချင်းစီရဲ့ ကုန်ကျ မှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကိုယ့်မိသားစုဝင်တွေအားလုံး ကျောက်ကပ် ကျန်းမာနေမယ်ဆိုရင် တစ်မိသားစုလုံး စိတ်ချမ်းသာရမှာပါ။ ဒါကြောင့် မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဖို့အတွက် မိမိတို့ နေ့စဉ် ကျန်းမာစွာရှင်သန်နိုင်ရေး ဂရုစိုက် နေထိုင်ကြဖို့လိုကြောင်း ရေးသားလိုက်ရပါတယ်။ ။
MWD
