မျိုး မြေ ရေ နည်း လိုက်လျောညီ ပန်းတိုင်အထွက်နှုန်းဆီ
Posted_Date
Image
Body
တောင်သူလယ်သမားနေ့ ဂုဏ်ပြုဆောင်းပါး
မြန်မာနိုင်ငံ၏စီးပွားရေး ကုန်ထုတ်လုပ်ငန်းကြီးများအနက် လယ်ယာကဏ္ဍသည် အခြေခံအကျဆုံး လုပ်ငန်းကြီးတစ်ခုဖြစ်သည်။ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့် အခြေခံကျစွာအထောက်အပံ့ ပြုလျက်ရှိသည်မှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်သည်။ နိုင်ငံတော်၏ ရေမြေသဘာဝအရင်းအမြစ်၊ လုပ်အား၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဓနအင်အားများအရ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံအဖြစ် ကာလကြာရှည်စွာကပင် အစဉ်တစိုက်ရပ်တည်လာခဲ့သည်။
နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးသည် နိုင်ငံတော်ကဆောင်ရွက်နေသော အမျိုးသားရေးပန်းတိုင်နှစ်ရပ်ဖြစ်သည်။ ထိုအမျိုးသားရေးပန်းတိုင် နှစ်ရပ်အောင်မြင်ရန်အတွက် ပြည်သူတစ်ရပ်လုံးက မိမိတို့ကျရာအခန်းကဏ္ဍတွင် ပါဝင်ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာလုပ်ငန်းဖြင့် တိုင်းကျိုးပြည်ပြုဆောင်ရွက်နေကြသည့် တောင်သူဦးကြီးများ၏ အခန်းကဏ္ဍကလည်း လွန်စွာအရေးကြီးလှသည်။
လူတိုင်းနေ့စဉ် အသက်ရှင်သန်စွာ နေထိုင်နိုင်ရေးအတွက် မဖြစ်မနေအစားအစာ စားသောက်ကြသည်ဖြစ်ရာ ဆန်စပါးသည် နေ့စဉ်စားသုံးမှုအတွက် မရှိမဖြစ် အခြေခံအရာဖြစ်သည်။ သို့ဖြစ်ရာ တောင်သူလယ်သမားဦးကြီးများ၏ ဆန်စပါးစိုက်ပျိုးပေးမှုကြောင့် ပြည်သူများ စားရေရိက္ခာပြည့်ဝစွာနေထိုင်ကြရသည်။
ထို့ကြောင့် တောင်သူလယ်သမားတို့သည် ပြည်သူလူထုအတွက် အဓိက ကျေးဇူးရှင်များ ဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံများမှာ ပြည်တွင်း၌ အဓိကစားသုံးသည့် သီးနှံဖြစ်သော စပါးနှင့် ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပြည်ပပို့ကုန် ပဲအမျိုးမျိုး၊ ပြောင်း၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဝါ၊ ကြံနှင့် နှစ်ရှည်ပင်များဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ မီးဖိုချောင်သုံးသီးနှံ ငရုတ်၊ ကြက်သွန်၊ အာလူးနှင့် သစ်သီးဝလံများ၊ နှစ်ရှည်သီးနှံများအား စိုက်ပျိုးလျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများဖြစ်ထွန်းအောင်မြင်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် နည်းလမ်းလေးမျိုးဖြင့်ဆောင်ရွက်သွားရန်လိုသည်။ သီးနှံအလိုက် ရေမြေဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများ၏ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေဩဇာ သို့မဟုတ် သဘာဝမြေဩဇာများကိုအသုံးပြုရန် လိုအပ်ရာ ဓာတ်မြေဩဇာများ ဈေးနှုန်းကြီးမြင့်ချိန်တွင် ဒေသအလိုက်ရရှိနိုင်သည့် သဘာဝမြေဩဇာကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်သုံးစွဲ သွားနိုင်ရန်နည်းလမ်းများနှင့် ပညာပေးမှုများရှိပြီးဖြစ်သည့် အလျောက် အဆိုပါနည်းလမ်းများ ရရှိနိုင်ရန် အားထုတ်ကြရန်လည်း လိုအပ်သည်။ ပိုက်ဆန်လျှော်ကဲ့သို့ သစ်စိမ်းမြေဩဇာများစိုက်ပျိုး၍ ထည့်သွင်းအသုံးပြုခြင်း၊ မြေဆွေးများပြုလုပ်သုံးစွဲခြင်း၊ ဓာတ်မြေဩဇာနှင့် ဇီဝမြေဩဇာတို့ကို သဘာဝမြေဩဇာများနှင့် တွဲဖက်၍ အသုံးပြုခြင်း၊ အပင်ကြီးထွားမှုအတွက် လိုအပ်သောသွင်းအားစုများ လုံလုံလောက်လောက် ထည့်သွင်းပေးခြင်း၊ စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ ဒေသနှင့် လိုက်လျောညီထွေဖြစ်စေသည့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်းနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။
လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားရှားပါးမှုများနှင့် စပ်လျဉ်း၍လည်း ခေတ်မီ စက်ကိရိယာများ အသုံးပြုဆောင်ရွက်ခြင်းအားဖြင့် အချိန်နှင့်လုပ်အားတို့ လျော့နည်းသက်သာစေသည့်အပြင် လေလွင့်ဆုံးရှုံးမှုများလည်းလျော့နည်းစေမည်ဖြစ်ရာ တောင်သူကြီးများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်းများရရှိပြီး ဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုင်ငံအတွက် ဝင်ငွေများရရှိပြီး နိုင်ငံ့စီးပွားရေးကို များစွာအထောက်အကူပြုမည်ဖြစ်သည်။
သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်အတူ သီးနှံစိုက်စွမ်းအားကို မြှင့်တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရမည်ဖြစ်ရာ မိုးစပါးတစ်သီးသာစိုက်ပျိုးကြသော မြေယာများအပေါ်တွင် ဒေသ၊ ရေ၊ မြေ အခြေအနေပေါ်မူတည်ပြီး သီးထပ်သီးနှံအပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် သီးညှပ်စိုက်ပျိုးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံ စိုက်ပျိုးနည်းစနစ်များကို နည်းပညာပေးဆောင်ရွက်ထားပြီးဖြစ်ရာ တောင်သူများအနေဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် သီးထပ်သီးညှပ် စိုက်ပျိုးနည်းစနစ်များကို ရွေးချယ်စိုက်ပျိုးသွားရန် လိုအပ်သည်။ တောင်သူကြီးများအနေဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် နိုင်ငံတကာဈေးကွက် လိုအပ်ချက်နှင့်အညီ နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးတက် တင်ပို့ရောင်းချနိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်သည်။ သီးနှံများ၏ အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်မှုအပြင် စိုက်ပျိုးသမျှ သီးနှံတိုင်း၏ အရည်အသွေးကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ကြရန် လိုအပ်သည်။ ပြည်တွင်းထုတ်ကုန်များ အဆင့်မီမီထုတ်လုပ်နိုင်လျှင် ပြည်တွင်းပြည်ပဈေးကွက်တွင် မျက်နှာပန်းလှလှဈေးကွက်ဝင်စွာတင်ပို့ ရောင်းချနိုင်မည်ဖြစ်သည်။ မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်နေသမျှ ဈေးကွက်သည်လည်း ကျယ်ပြန့်နေမည်သာဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လယ်ယာသီးနှံများ ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် ပြည်တွင်းပို့ကုန်များ တင်ပို့နိုင်ရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် MSME လုပ်ငန်းများ တိုးတက်လာအောင်အားပေး ဆောင်ရွက်လျက်ရှိသည်။ နည်းပညာလိုအပ်ချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်သည့်ငွေကြေးအရင်းအနှီးများ ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ခေတ်မီ စိုက်ပျိုးနည်းပညာများနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို တောင်သူလယ်သမားကြီးများ အချိန်နှင့်တစ်ပြေးညီ သိရှိအသုံးချ နိုင်ရေးအတွက် တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်း (Farmer Channel) အစီအစဉ်များ၊ လယ်ယာစီးပွားသတင်းများ ထုတ်ပြန်ပေးနေသည့်အပြင် စိုက်ပျိုးနည်းပညာများ လွယ်လင့်တကူရရှိနိုင်ရန် မိုဘိုင်းဖုန်းများမှ Mobile Application ဖြင့် မိုးလေဝသသတင်းများ၊ လယ်ယာကဏ္ဍနှင့် ဈေးကွက်ဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် တောင်သူလယ်သမားများ သိရှိလိုသည့် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာများကို အချိန်နှင့်တစ်ပြေးညီ လေ့လာသိရှိနိုင်ပြီဖြစ်သည်။
တောင်သူလယ်သမားဦးကြီးများ လူမှုဘဝ မြင့်မားရေးအတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်မှုပြုနေသကဲ့သို့ တောင်သူလယ်သမားကြီးများအနေဖြင့်လည်း ဥစ္စာရင်လိုဥစ္စာရင်ခဲ ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့မှသာ တောင်သူလယ်သမားကြီးတို့၏ စွမ်းအားဖြင့် နိုင်ငံတော်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်စွာဖော်ဆောင်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးကို တိုးတက်စေနိုင်မည်ဖြစ်ပါကြောင်း မတ်လ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့အား ဂုဏ်ပြုရေးသားအပ်ပါသည်။ ။MWD
