ဝါးစက္ကူနှင့် ဝါးချည်မျှင်ကို အလွယ်ပြုလုပ်နိုင်သော ဒေသန္တရနည်းလမ်းများ

Posted_Date

Image

ဝါးစက္ကူနှင့် ဝါးချည်မျှင်ကို အလွယ်ပြုလုပ်နိုင်သော ဒေသန္တရနည်းလမ်းများ

Body

     ဝါး ဆိုသည်မှာ အမြစ်ဆုံမှ အပင်များပွား၍ တစ်စုတည်းပေါက်တတ်ပြီး ပင်စည်ကိုစိတ်ဖြာ၍  ထရံ၊ တောင်း  စသည် ရက်လုပ်ရသောအပင်ဟူ၍    မြန်မာအဘိဓာန်တွင်   အဓိပ္ပာယ်ဖွင့်ဆိုထားသည်။  မြန်မာနိုင်ငံသည်  တရုတ်နှင့် အိန္ဒိယပြီးလျှင် ဝါးဖြစ်ထွန်းမှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် အလေ့ကျပေါက်ရောက်လျက်ရှိသည်။ ၎င်းတို့အနက် ဝါးပိုးဝါး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တစ်ပင်တိုင်ဝါး၊  ဝါးကောက်၊ ဝါးဖယောင်း၊ ထီးရိုးဝါး၊ ဝါးမင်း  အစရှိသည့်ဝါးများမှာ စီးပွားရေးအရ   ဈေးကွက်ဝင်သည့် ဝါးပင်အမျိုးအစားများဖြစ်ကြသည်။

ဝါးပင်များသည် ကမ္ဘာ့ကြီးထွားမှုအမြန်ဆုံး အပင်အမျိုးအစားဖြစ်၍ တစ်ရက်လျှင် တစ်မီတာအထိ မြင့်မားနိုင်ပြီး နှစ်ရှည်ခံသည့်အပင်အမျိုးအစားဖြစ်သည်။ ဝါးပင်များသည်   လေထုထဲရှိ  များစွာသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို စုပ်ယူနိုင်စွမ်းရှိခြင်း၊ အမြစ်ဖွဲ့စည်းမှု ကျစ်လျစ်ခိုင်မာသည့်အတွက်    မြေဆီလွှာရေတိုက်စားမှုကို အထူးကာကွယ်ပေးနိုင်ခြင်း၊ ရာသီဥတုပူနွေးမှုကို လျှော့ချသည့်နေရာတွင် ကူညီပေးနိုင်ခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း  အထူး အကျိုးပြုသည့်အပင်ဖြစ်သည်။

သဘာဝတရား၏ လက်ဆောင်ဖြစ်သော ဝါးကို  စားသောက်ကုန်(Food Stuff) (ဥပမာ- မျှစ်၊ မျှစ်ချဉ်၊ မျှစ်ခြောက်)၊ ဆောက်လုပ်ရေး     (Construction)(ဥပမာ- ဝါးတဲ၊ ဝါးအိမ်၊ ဝါးတံတား၊ နှီး ဘုရား)၊ သယ်ယူပို့ဆောင်ရေး (Tran-sportation)(ဥပမာ-ဝါးဖောင်၊ နွားလှည်း၊ ထမ်းစင်)၊ ဆေးဝါး (Medicine)(ဥပမာ-Bamboo Acid ၊ Cosmetics ၊ Bamboo ash)၊ လူသုံးကုန်ပစ္စည်း(Commodities) (ဥပမာ- စက္ကူ၊ ယပ်တောင်၊ ဖျာ၊ တောင်း၊ ခြင်း)၊ ဝါးအမျှင်(Bamboo Fiber)(ဥပမာ- ဝါးချည်မျှင်)   စသည်ဖြင့်   နေရာအမြောက်အမြားတွင် အသုံးပြုနိုင်သည်။ ဝါးသည် မြန်မာနိုင်ငံ၏ နေရာဒေသအနှံ့ အပြားတွင် အလွယ်တကူရရှိ စိုက်ပျိုးနိုင်သော တန်ဖိုးမဖြတ်နိုင်သည့် သယံဇာတဖြစ်သည်။ သို့ဖြစ်၍ ဒေသခံများအနေဖြင့် နီးစပ်ရာအိမ်သုံးပစ္စည်းများကိုအသုံးပြု၍ ဝါးမှ ဝါးပျော့ဖတ်၊ စက္ကူနှင့် ချည်မျှင်ထုတ်ယူခြင်းတို့အား    အလွယ်တကူပြုလုပ်နိုင်မည့်   ဒေသန္တရနည်းလမ်းများကို  လက်တွေ့အသုံးချဗဟုသုတအဖြစ် စာရေးသူလေ့လာမှတ်သားမိသမျှ မျှဝေလိုပါသည်။        

ဝါးရွေးချယ်ခြင်း

    စက်ပစ္စည်းအကြီးစားများမသုံးဘဲ ဒေသန္တရနည်းလမ်းဖြင့်   ဝါးပျော့ဖတ်ထုတ်လုပ်ပုံသည်   ရှေးကျသော်လည်း စနစ်ကျသည်။ ဒေသန္တရနည်းလမ်းဖြင့် ဝါးမှ ဝါးပျော့ဖတ်ပြုလုပ်ခြင်းသည် အဆင့်ဆင့်ဆောင်ရွက်ရသော လက်မှုပညာရပ်တစ်ခုဖြစ်ပြီး အချိန်ယူရသော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နည်းလမ်းတစ်ခုဖြစ်သည်။ ပထမဆုံးအဆင့်မှာ  အသုံးပြုမည့်ရည်ရွယ်ချက်အပေါ်မူတည်၍ သင့်လျော်သောဝါးကို ရွေးချယ်ဖြတ်တောက်ခြင်းဖြစ်သည်။ 

လက်မှုစက္ကူ (Handmade Paper) ပြုလုပ်ရန်အတွက် ရက် ၄၀ မှ ရက် ၅၀ ခန့်သက်တမ်းရှိ ဝါးနုများအားလည်းကောင်း၊  ဝါးချည်မျှင်ထုတ်ယူရန်အတွက် အမျှင်ဓာတ်(Cellulose) အားကောင်းပြီး ရင့်မာ သည့်   သက်တမ်းသုံးနှစ်အထက်ရှိ ဝါးရင့်များကိုလည်းကောင်း ရွေးချယ်အသုံးပြုကြရမည်။ 

လက်မှုစက္ကူ (Handmade  Paper)ပြုလုပ်ခြင်း

     စက္ကူအတွက် ဝါးကိုပျော့ဖတ်ပြုလုပ်ရာတွင် စက်မပါဘဲလက်နှင့်ထောင်းရမည်ဖြစ်၍ အမျှင်နုသည့်  ဝါးပိုးဝါး သို့မဟုတ် ဝါးနု (အသက်တစ်နှစ်အောက်) ကို အသုံးများသည်။ ရွေးချယ်ပြီးသော ဝါးကိုခုတ်ဖြတ်ပြီးနောက် အကိုင်းအခက်များနှင့် အခွံမာများကိုခွာထုတ်ပစ်ရသည်။  ဝါး၏အပြင်ခွံအစိမ်းရောင်ကို ဓားနှင့်ခြစ်ထုတ်ပစ်ရသည်(ဒါမှသာ စက္ကူအရောင်ဖြူမည်ဖြစ်သည်)။  ထို့နောက် ဝါးချောင်းများကို အရှည် ၁ မီတာ သို့မဟုတ် ၃ ပေခန့်ရှိ အတုံးများဖြတ်ကာ ထပ်မံ၍အစင်းလိုက်ခွဲခြမ်းရသည်။ အချို့သော ဒေသဆိုင်ရာနည်းလမ်းများတွင် ဝါးစများကိုရေစိမ်ခြင်း မပြုမီ နေရောင်တွင် ရက်သတ္တပတ်များစွာလှန်းလေ့ရှိသည်။

၎င်းနောက် ဝါးကိုအစိတ်စိတ်ပိုင်းပြီး ထုံးရည်(Lime Water)  သို့မဟုတ် ရိုးရိုးရေထဲတွင် ပျော့အိသွားသည်အထိ စိမ်ထားရသည်။ ဝါးစများကို  ထုံးရည်ကြည်ထဲတွင်  နှစ်မြှုပ်ထားရသည်။ 

ဤလုပ်ငန်းစဉ်သည်   ဝါးအတွင်းရှိ  အညစ်အကြေးများ၊ ကစီဓာတ်နှင့် အဆီဓာတ်များကို  ဖယ်ရှားပေးပြီး  အမျှင်များကို စတင်ပြိုကွဲစေသည်။ ဤသို့စိမ်ခြင်းကို အနည်းဆုံး နှစ်လကြာပြုလုပ်ရလေ့ရှိပြီး  အချို့နည်းလမ်းများတွင် ထုံးရည်စိမ်ပြီးနောက်၊ နောက်ထပ်နှစ်လကြာ ရေသန့်ဖြင့် ထပ်မံစိမ်သည်။

ထုံးရည်စိမ်ပြီးသောဝါးများကို ရေစင်အောင်ဆေးကြောပြီး အိုးကြီးများတွင်ထည့်၍ရက်အတန်ကြာပြုတ်ပေးရသည်။ ဝါးပြားငယ်များကို ဒယ်အိုးကြီးကြီးထဲထည့် ၍ ပြာရည် သို့မဟုတ် ထုံးရည်နှင့်ရောပြီး ၁၂ နာရီမှ  ၂၄ နာရီအထိ မီးအေးအေးနှင့် ပြုတ်ရသည်။ စက်မှုဇုန်သုံး ဓာတုဆေးများအစား  အိမ်သုံးမီးဖိုမှထွက်သောပြာ သို့မဟုတ် ထုံးကို အသုံးပြုကြသည်။ 

ဤနည်းသည်  ဝါးထဲတွင်ရှိသည့် အစေးနှင့် အမျှင်များကို  ခွဲထုတ်ပေးပြီး လက်နှင့်ထောင်း၍ရအောင် ပျော့သွားစေသည်။

ဤအဆင့်သည် စက်အစား လူအားသုံးရသည့်  အရေးကြီးဆုံးအဆင့်ဖြစ်သည်။ 

ပြုတ်ပြီးသားဝါးဖတ်များကို ရေစင်အောင်ဆေးပြီး ဆုံထဲတွင်ထည့်ထောင်းရသည်။ အချို့က ရှေးရိုးကျောက်ပြားကြိတ်စက်  သို့မဟုတ် ရေအားသုံးထုစက်များဖြင့် ကြိတ်ခြေကာ ပျော့ဖတ်အဖြစ်ပြုလုပ်သည်။ ယနေ့ခေတ်တွင်   အချို့နေရာများ၌   လျှပ်စစ်ဓာတ်အားသုံး  ကြိတ်စက်များကိုပါ   အသုံးပြုလာကြသည်။ ဝါးဖတ်များ  အဖတ်မတင်တော့ဘဲ ဝါဂွမ်းကဲ့သို့  အမျှင်နုလေးများဖြစ်သွားသည်အထိ အချိန်ယူထုထောင်းရသည်။  ဒေသန္တရအခေါ်  ဝါးချွဲဖြစ်အောင်လုပ်ခြင်းဖြစ်သည်။  ကြိတ်ခြေထားသောအရာကို ရေဖြင့်ထည့်မွှေကာ    ရွှံ့ညွန်ကဲ့သို့ အရည်ပျစ်(Slurry)အဖြစ် ပြုလုပ်သည်။ 

ဤအဆင့်တွင် ဝါးအမျှင်များသည် တစ်ခုနှင့်တစ်ခု သီးခြားစီကွဲထွက်သွားသည်။

နောက်ဆုံးအဆင့်သည် ရရှိလာသော ဝါးပျော့ဖတ်ကို သန့်စင်အောင်ဆေးကြောခြင်းဖြစ်သည်။ ထောင်းထားသည့် ဝါးပျော့ဖတ်များကို ရေကန်အငယ်စားထဲထည့်ဖျော်၍ ပျော့ဖတ်များရေထဲတွင် ညီညီညာညာပျံ့နှံ့နေအောင် သစ်သားတုတ်  သို့မဟုတ် ဝါးလှော်တက်ဖြင့် မွှေပေးရသည်။ ကျန်ရှိနေသော အညစ်အကြေးများ၊ အဖတ်မာများကို လက်ဖြင့်ဖြစ်စေ၊ ကိရိယာငယ်ဖြင့်ဖြစ်စေထုတ်ပစ်ရသည်။ သန့်စင်ပြီးသော ဝါးမျှင်များကို ဝါးသားကွက်  သို့မဟုတ် ပိတ်စပတ်ထားသည့်  မှန်ပေါင်ကဲ့သို့သော ဆန်ခါ (Mold) ကို သုံးပြီး ရေကန်ထဲရှိ ပျော့ဖတ်များကို ဆယ်ယူရသည်။ ရေစစ်သွားသည့်အခါ ဆန်ခါပေါ်တွင်  ပျော့ဖတ်အလွှာပါးလေး တင်ကျန်ခဲ့မည်ဖြစ်သည်။  ဤသို့ဖြင့် စက္ကူလုပ်ရန် အသင့်ဖြစ်နေသော ဝါးပျော့ဖတ်ကိုရရှိသည်။

ဆန်ခါပေါ်တွင်တင်နေသည့်  စိုစွတ်နေသော  စက္ကူချပ်ကို နေပူထဲတွင်  အခြောက်ခံရသည်။ လုံးဝခြောက်သွားသည့်အခါ ဆန်ခါပေါ်မှ  အသာအယာခွာယူခြင်းဖြင့်     ဝါးစက္ကူ (Bamboo Paper)ကို ရရှိမည်ဖြစ်သည်။ ဤသို့ပြုလုပ်ထားသော စက္ကူသည် စက်ရုံထုတ်ကဲ့သို့ ချောမွေ့ခြင်းမရှိသော်လည်း   အလွန်တာရှည်ခံပြီး   မင်စုပ်ယူမှုအားကောင်းသဖြင့်  ပန်းချီဆွဲခြင်း၊ လက်ဆောင်ဘူးပြုလုပ်ခြင်းနှင့်     လက်မှုပစ္စည်းများပြုလုပ်ရာတွင် အလွန်အသုံးဝင်သည်။

အဆိုပါ လက်မှုနည်းဖြင့် ထုတ်လုပ်ထားသည့် ဝါးစက္ကူချပ်များကို စာရေးရလွယ်ကူပြီး ကြည့်ကောင်းသည့် အဆင့်မြင့်ထုတ်ကုန်ဖြစ်လာအောင်  အချောသပ်သည့် (Finishing) နည်းလမ်းများလည်းရှိသည်။ နေလှန်းပြီးသား စက္ကူများသည် အနည်းငယ်ကောက်ကွေးနေတတ်သည်။

ယင်းကို ပြေပြစ်သွားအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဖော်ပြပေးပါမည်။

ကျောက်ချောတိုက်ခြင်း  (Stone Burnishing)   ဤနည်းလမ်းသည်ရှေးကျပြီး  အလွန်ထိရောက်သည့်  နည်းလမ်းဖြစ်သည်။      စက္ကူချပ်ကိုညီညာသော သစ်သားပြားပေါ်တင်ပြီး ချောမွေ့သည့် မြစ်ကျောက်ခဲ သို့မဟုတ်  ဖန်ခွက်အောက်ခြေနှင့်ဖိပြီးအထက်အောက်  ပွတ်ပေးခြင်းဖြင့်  စက္ကူသားပိုမိုသိပ်သည်းသွားပြီး  ပြောင်ချောလာသည့်အတွက်  မင်သားထင်လွယ်စေသည်။

မီးပူတိုက်ခြင်း (Ironing) ခေတ်သစ်နည်းလမ်းအရ အိမ်သုံးမီးပူကိုအသုံးပြု၍  စက္ကူချပ်ပေါ်တွင် ပိတ်စပါးပါးလေးအုပ်ပြီး မီးပူအေးအေးဖြင့်  တိုက်ပေးခြင်းဖြင့် စက္ကူ၏အစိုဓာတ်ကို ထပ်မံဖယ်ရှားပေးပြီး မျက်နှာပြင်ကို တညီတညာတည်းဖြစ်စေသည်။

စာရေးနိုင်ရန် အနားသတ်ခြင်း (Sizing for Writing) အကယ်၍ ပျော့ဖတ်ကန်ထဲတွင်  ကစီဓာတ်မထည့်ခဲ့ရလျှင်  ယခုအချောသပ်အဆင့်တွင် လုပ်ဆောင်နိုင်သည်။ တိရစ္ဆာန်ကော် သို့မဟုတ် ဂျယ်လတင် (Gelatin) အရည်ကျဲလေးကို စုတ်တံဖြင့် စက္ကူမျက်နှာပြင်ပေါ် သုတ်ပေးခြင်းဖြင့် စက္ကူ၏ချွေးပေါက်လေးများပိတ်စေ၍ ဖောင်တိန် သို့မဟုတ် စုတ်တံဖြင့် ရေးသည့်အခါ မင်များဘေးပြန့်ခြင်းမရှိနိုင်တော့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဒေသန္တရနည်းဖြင့်ပြုလုပ်ထားသည့် ဝါးစက္ကူများအား ရှမ်းစက္ကူထီး၊ မီးပုံးနှင့် ယပ်တောင်များ၊ ဝါးစက္ကူပန်းချီကားများပြုလုပ်ခြင်းနှင့် လက်ဖက်ခြောက်ထုပ်ခြင်း (ဝါးစက္ကူသည် လေဝင်လေထွက်ကောင်းပြီး အနံ့ကိုထိန်းသိမ်းပေးနိုင်သည်) စသည့်နေရာများတွင်  အမြတ်တနိုးသုံးစွဲကြသည်။  ဖော်ပြပါနည်းစနစ်ကိုအခြေခံ၍ မိမိတို့အိမ်တွင် ဝါးစက္ကူများအား စမ်းသပ်ထုတ်လုပ်ကြည့်နိုင်သည်။

ဝါးချည်မျှင်ပြုလုပ်ခြင်း

    ဝါးမှတစ်ဆင့်ချည်မျှင် (Bamboo Fiber) ထုတ်ယူသည့်  ဒေသန္တရနည်းလမ်းမှာ  စက္ကူပြုလုပ်ပုံနှင့်     ဆင်တူသော်လည်း အမျှင်ရှည်ရှည်ရရှိနိုင်ရန်   ပိုမိုဂရုစိုက်ရသည့် နည်းလမ်းဖြစ်သည်။ စက္ကူပြုလုပ်သကဲ့သို့ ဝါးနုကိုမသုံးရပါ။ အမျှင်ဓာတ်(Cellulose)  အားကောင်းပြီး ရင့်မာသည့် ဝါးရင့် (သက်တမ်းသုံးနှစ်အထက်)ကို သုံးရသည်။ ဝါးလုံးကို အဆစ်များဖယ်၍ အလွှာပါးပါးလေးများဖြစ်အောင် ဓားနှင့်ခြစ်ရသည်။ အလွှာပါးလေလေ ဆေးရည်စိမ့်ဝင်ပြီး အမျှင်ထုတ်ရလွယ်လေလေ ဖြစ်သည်။ ဝါး၏အမျှင်များကို ပေါင်းစည်းထားသည့်   အစေး(Lignin)များကို ဖယ်ရှားနိုင်ရန် သဘာဝအင်ဇိုင်း  သို့မဟုတ် ထုံးရည်ဖြင့်စိမ်ရသည်။  ဝါးလွှာများကို ထုံးရည်   သို့မဟုတ်  သစ်သားပြာများဖျော်ထားသည့် ပြာရည်ထဲတွင် အနည်းဆုံး တစ်ပတ်မှ နှစ်ပတ်အထိ စိမ်ထားရမည်။

၎င်းသည် ဝါးသားကိုနူးညံ့စေပြီး အမျှင်ဓာတ်များကို အခြားအသားများမှ ကွဲထွက်စေသည်။

အမျှင်ထုတ်ခြင်း (Mechanical Extraction) ဤအဆင့်တွင် စက်မသုံးဘဲ လက်ဖြင့် အမျှင်ဆွဲထုတ်ရသည်။ နူးညံ့သွားသည့် ဝါးပြားလေးများကို သစ်သားတူနှင့် ထုရိုက်ပြီး ပွတက်လာသည့်   ဝါးသားများကို  ဓား သို့မဟုတ် သံဘီး(Comb) နှင့်  အသားများကွာကျပြီး   ဝါးအမျှင်ဖြူဖြူလေးများ ကျန်ရစ်သည်အထိ အထပ်ထပ်ခြစ်ချရသည်။ ရလာသည့်အမျှင်များကို ရေစင်အောင်ဆေးပြီး နေလှန်းရသည်။ ပိုဖြူလိုပါက ရှေးနည်းအရ ဆန်ဆေးရည်ထဲတွင်စိမ်ပြီး နေလှန်းခြင်းမျိုး လုပ်ဆောင်နိုင်သည်။ 

ချည်ငင်ခြင်း (Spinning)  ခြောက်သွေ့သွားသည့်ဝါးအမျှင်များကို     ဗိုင်းငင်သကဲ့သို့    သို့မဟုတ် ချည်ငင်သည့် စက်ကလေးဖြင့်လှည့်ပြီး ဝါးချည်မျှင် (Bamboo Yarn) အဖြစ် ပြောင်းလဲရယူသည်။ ၎င်းချည်မျှင်များဖြင့် အထည်ရက်လုပ်ခြင်း၊ ခြင်းတောင်းရက်ခြင်းတို့တွင် အသုံးပြုနိုင်သည်။ ဝါးချည်ဖြင့် ရက်ထားသောအထည်သည် နွေရာသီတွင် အလွန်အေးမြသည်။ သဘာဝအတိုင်း ပိုးမွှားဒဏ်ခံနိုင်သည့်  ဂုဏ်သတ္တိ (Bamboo Kun) ပါဝင်သည်။ ချွေးစုပ်ယူမှုအလွန်ကောင်းမွန်သည်။ ဒေသန္တရနည်းဖြင့်ထုတ်ယူသည့်အတွက် ဝါးအမျှင်များသည် စက်ရုံထုတ်ကဲ့သို့ သေးငယ်ညက်ညောခြင်းမရှိနိုင်သော်လည်း ရိုးရာလက်မှုအိတ်၊ ဖျာနှင့် ခိုင်ခံ့သည့် အထည်ကြမ်းများရက်လုပ်ရန်  အလွန်သင့်လျော်သည်။ 

ယခုအခါ  ဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာနှင့်   ခေတ်မီစက်ကိရိယာများပေါင်းစပ်တီထွင်လာမှုဖြင့်  တန်ဖိုးမြင့်ဝါးထုတ်ကုန်ပစ္စည်းများဖြစ်သည့်   ဝါးပါကေး၊ ဝါးကြမ်းခင်းပြား၊ ဝါးအထပ်သား၊ ဝါးဖျာဘုတ်ပြား၊ Bamboo Particle Board၊ Bamboo Lumber များ ထုတ်လုပ်သုံးစွဲလာနိုင်ပြီဖြစ်ရာ သစ်၏နေရာတွင် အစားထိုးအသုံးပြုနေကြပြီဖြစ်သည်။ ထို့ပြင် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာမှထွက်ရှိလာသည့် ဝါးအပိုင်းအစများကို ဝါးမီးသွေးထုတ်လုပ်ခြင်း၊ ဝါးအချဉ်ရည်မှ လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများထုတ်လုပ်ခြင်း၊ ဝါးအမျှင်မှအဝတ်အထည်များ ထုတ်လုပ်ခြင်း  စသည်ဖြင့် ဝါးပင်မှထုတ်ကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်သည်။ သို့ဖြစ်၍ ကျေးလက်နေပြည်သူများအတွက်  လက်တစ်ကမ်းတွင်ရှိနေသော ဝါးပင်များကို စနစ်တကျစိုက်ပျိုး ထုတ်လုပ်အသုံးချခြင်းဖြင့် ဝင်ငွေတိုးစေရန် ရေးသားဖော်ပြလိုက်ရပါသည်။   ။