အီးစီးကရက်နှင့် ကျန်းမာရေး အန္တရာယ်
Posted_Date
Image
Body
အီးစီးကရက်သောက်သုံးနည်းသည် ယခုအခါ နိုင်ငံအတော်များများတွင် ပျံ့နှံ့လျက်ရှိသည်။ အီးစီးကရက် ထုတ်လုပ်သောရည်ရွယ်ချက်မှာ ဆေးလိပ်စွဲလမ်းနေသူများကို စီးကရက်ပြတ်စေရန်ဖြစ်သော်လည်း အမှန်စင်စစ်မပြတ်နိုင်ဘဲ စီးကရက်သောက်ရန် အစပျိုးနေခြင်းသာ ဖြစ်သည်။ စီးကရက်ဖြတ်လိုသူများအပြင် လူငယ်ထုအတွင်း ဖက်ရှင် တစ်ခုသဖွယ် အသုံးပြုသည့်ပစ္စည်းတစ်ခုဖြစ်လာသည်။ ယင်းပစ္စည်းများကို တောက်ပသောအရောင်၊ အနံ့၊ အရသာမျိုးစုံဖြင့် တီထွင်ဆန်း သစ်ထားပြီး ပမာဏအနည်းငယ်ရှူသွင်းရုံဖြင့် မီးခိုးငွေ့များစွာ ထွက်စေ သောကြောင့် လူငယ်ထုအတွင်း အချင်းချင်းလက်တည့်စမ်းကြရာမှ စွဲလမ်းလာသည်။ လေ့လာမှုမှတ်တမ်းများအရ အီးစီးကရက်သောက်သုံးသူများမှာ တစ်ယောက်မျှဆေးလိပ်ပြတ်သွားခြင်းမရှိဘဲ ဆက်လက် သောက်သုံးနေကြသည့်အတွက် အောင်မြင်ခြင်းမရှိကြောင်း တွေ့ရ သည်။ အီးစီးကရက်သုံးစွဲမှု ကျယ်ပြန့်လာသည်နှင့်အမျှ ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်လျက်ရှိသည်။
အီးစီးကရက်တွင်ပါ၀င်သော ဓာတုပစ္စည်းများ
အီးစီးကရက်တွင် ဓာတုပစ္စည်းပါ၀င်မှုအချိုးအစားများကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အောက်ဖော်ပြပါ ဓာတုအမျိုးအမည်များပါရှိကြောင်း တွေ့ရသည်။
- Benzene (ခေါ်) စက်မှုလုပ်ငန်းသုံးရည်တစ်မျိုးပါရှိပြီး ယင်း ဓာတု ပစ္စည်းကို ရေနံစိမ်းမှ ချက်လုပ်ထားခြင်းဖြစ်သည်။
- Arsenic (ခေါ်) အဆိပ်တစ်မျိုးပါရှိပြီး ယင်းပစ္စည်းကို သစ်သားထည် များ ကြာရှည်ခံအောင်ထိန်းသိမ်းရာတွင် အသုံးပြုလေ့ရှိသည်။
- Cadmium (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ယင်းကို ဘက်ထရီ များထုတ်လုပ်ရာတွင် အသုံးပြုသည်။
- Lead (ခေါ်) ခဲဓာတ်ပါရှိပြီး ယင်းကိုလည်း ဘက်ထရီများထုတ် လုပ်ရာတွင် အသုံးပြုသည်။
- Formaldehyde ပါရှိပြီး ယင်းဓာတ်ငွေ့ကို ရင်ခွဲရုံများ၊ ရေခဲတိုက်များနှင့် သုတ်ဆေးများထုတ်လုပ်ရာတွင် အသုံးပြုသည်။
- Polonium 210 (ခေါ်) ရေဒီယိုသတ္တိကြွပစ္စည်းတစ်မျိုးကိုထည့် သုံးထားသည်။
- Chromium (ခေါ်) ဓာတုဆေးတစ်မျိုးပါရှိပြီး ယင်းကို ဆိုးဆေး၊ သုတ်ဆေးများနှင့် သတ္တုစပ်ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည်။
- Butadiene (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ယင်းကို ရော်ဘာ ထုတ်လုပ်ရာတွင် အသုံးပြုသည်။
- Nickel (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ယင်းကို သတ္တုထည်များအား သံချေးတက်ခြင်းမှကာကွယ်ရန် အသုံးပြုသည်။
- Vinyl Chloride (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ယင်းကို ပလတ် စတစ်နှင့် ဗီနိုင်းများထုတ်လုပ်ရာတွင် အသုံးပြုသည်။
- Beryllium (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ယင်းကို အဏုမြူ ဓာတ်ပေါင်းဖိုများတွင် အသုံးပြုသည်။
- Ethylene oxide (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ယင်းကို ဆေးရုံ သုံးပစ္စည်းများအား ပိုးသတ်ရာတွင် အသုံးပြုသည်။
- Polycyclic (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ၎င်းသည် DNA ပျက်စီးစေသော ဓာတုပစ္စည်းဖြစ်သည်။
- Ortho Toluidine (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိပြီး ယင်းကို ပေါင်းသတ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည်။
အီးစီးကရက်သောက်သုံးမှုသည် ၉၅ ရာခိုင်နှုန်းခန့် အန္တရာယ်မရှိနိုင်ဟု လူတချို့က ထင်ကြေးပေးနေကြသည်။ လက်တွေ့တွင် နီကိုတင်းအရည်က စွဲလမ်းစေပြီး အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများပါဝင်မှု အချိုးအစားပေါ်မူတည်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်နှင့်နှလုံးတို့ကို ထိခိုက်ပျက်စီးစေနိုင်သကဲ့သို့ နောက်ဆက်တွဲကင်ဆာ ရောဂါများလည်း မလွဲမသွေဖြစ်ပွားစေနိုင်သည်။ ထို့ပြင် အီးစီးကရက် အရည် (Vape) ကို မတော်တဆ အောက်ဆီဂျင်ကဲ့သို့ တိုက်ရိုက်ရှူမိခြင်း သို့မဟုတ် မတော်တဆသောက်မိခြင်း၊ မျက်စိထဲဝင်ရောက်ခြင်း၊ အရေပြားနှင့်ထိတွေ့မိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေနိုင်ပြီး ကလေးငယ်များမှာ အသက်ဆုံးရှုံးရသည်အထိ ဖြစ်စေနိုင်သည်။
အီးစီးကရက်သောက်သုံးသူများထံမှ ထွက်ရှိလာသော အငွေ့များသည် တစ်ဆင့်ခံစီးကရက် မီးခိုးငွေ့ရှူရှိုက်ရသကဲ့သို့ပင် အလားတူဆိုးကျိုး များစွာကို ခံစားရနိုင်သည်။ အထူးသဖြင့် ကိုယ်၀န်ဆောင်များ၊ ကလေး ငယ်များနှင့် သက်ကြီးရွယ်အိုများတွင် တစ်ဆင့်ခံအီးစီးကရက်မီးခိုးငွေ့ များက ကြီးစွာသောဘေးအန္တရာယ်ဖြစ်စေသည်။ ထို့ပြင် သုံးစွဲသူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါ၀င်နေခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် (အထူးသဖြင့် လူငယ်များတွင်) ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်း၊ အာရုံစူးစိုက်မှုကျဆင်းသွားခြင်း၊ မှတ်သား သင်ယူနိုင်စွမ်းရည် နည်းပါးလာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ ထိုမျှမက အီးစီးကရက်အတွင်းရှိ ဘက်ထရီပေါက်ကွဲခြင်းကြောင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်း သင်ခန်းစာများကိုလည်း ကြားသိတွေ့မြင်နေရသည်။
ကနေဒါနိုင်ငံ၏လေ့လာမှုအရ အသက် ၂၀ မှ ၂၄ နှစ်အတွင်းရှိသူ ၁၀ ဦးလျှင် တစ်ဦးမှာ အီးစီးကရက်ကို သောက်သုံးနေကြကြောင်း၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းရှိသူ ၁၅ ဦးလျှင် တစ်ဦးမှာ အီးစီးကရက်ကို စွဲစွဲမြဲမြဲသောက်နေကြောင်း၊ ၎င်းတို့အနေဖြင့် အီးစီးကရက်ကို စွဲစွဲမြဲမြဲ သောက်လာရသည့် အကြောင်းရင်းတစ်ရပ်မှာ တိုကိုဖီရောနှင့် တိုကိုဖီရောအက်ဆီတိတ် ပါ၀င်မှုတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ ထိုပစ္စည်း နှစ်မျိုးက အဆုတ်ကိုပျက်စီးစေသည်။ အီးစီးကရက်ကို အပူပေးပြီး ရှူသွင်းလိုက်သည့်အခါ တိုကိုဖီရောဒြပ်ပေါင်းက အဆုတ်ထဲတွင်ရှိသော ပရိုတင်းအမြှေးပါးလေးထဲသို့ ၀င်ရောက်သွားသည်။ ပရိုတင်းအမြှေးပါး လေးဟူသည်မှာ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် အပြန်အလှန် လည်ပတ်မှုကိုဖြစ်ပေါ်စေသည့် မျက်နှာပြင်ကိုအုပ်ထားသောအရာဖြစ်ပြီး အသက်ရှူနေစဉ် အဆုတ်၏ မျက်နှာပြင်တင်းမာမှုကိုလည်း တည်ငြိမ် အောင်ထိန်းညှိပေးသည့်အရာဖြစ်သည်။
ထိုကဲ့သို့အရေးပါသည့် ပရိုတင်းအမြှေးပါးလေးထဲသို့ တိုကိုဖီရော ဒြပ်ပေါင်း၀င်ရောက်သွားသည့်အခါ ရလဒ်မှာဆိုးကျိုးများသာဖြစ်သည်။ အမြှေးပါး၏ဂုဏ်သတ္တိများ ပြောင်းလဲသွားသည်နှင့်အမျှ အောက်ဆီ ဂျင်နှင့် ကာဗွန်ဒိုက်အောက်ဆိုက်ဓာတ်ငွေ့များ အလဲအလှယ်လုပ်နိုင် စွမ်းကလည်း ပြောင်းလဲသွားသည်။ ထိုနည်းတူစွာ အဆုတ်မျက်နှာပြင် ၏တင်းမာမှုပြောင်းလဲ သွားသည်နှင့်တစ်ပြိုင်နက် အသက်ရှူမှုဆိုင်ရာ ဇီ၀လုပ်ဆောင်ချက်များလည်း ပြောင်းသွားသည်။ ယင်းပြောင်းလဲမှုများ ၏အာနိသင်ကြောင့် အီးစီးကရက်သောက်သူတိုင်း အသက်ရှူကျပ်ခြင်းကို ခံစားလာရသည်။
အီးစီးကရက်နှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် စည်းမျဉ်းစည်းကမ်း များတင်းကျပ်လာသည်နှင့်အမျှ အပြီးတိုင်တားမြစ်ထားသည့် နိုင်ငံတော်တော်များများရှိလာသည်။ စာရေးသူလေ့လာမိသလောက် အီးစီး ကရက်ကို လုံးဝ သို့မဟုတ် ရောင်းချခွင့်တားမြစ်ထားသည့် နိုင်ငံတချို့ကို အောက်ပါအတိုင်းတွေ့ရှိရသည်။
အရှေ့တောင်အာရှ (အိမ်နီးချင်းနိုင်ငံများ)
အရှေ့တောင်အာရှသည် အီးစီးကရက်နှင့်ပတ်သက်၍ ဥပဒေအလွန် တင်းကျပ်သည့်ဒေသတစ်ခုဖြစ်သည်။
(က) ထိုင်းနိုင်ငံ၌ အီးစီးကရက်တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့ကို ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။ ဖမ်းဆီးခံရပါက ဒဏ်ငွေအမြောက်အမြား သို့မဟုတ် ထောင်ဒဏ်ပင် ကျခံရနိုင်သည်။ ထိုင်းနိုင်ငံတစ်၀န်း အီးစီးကရက်ရောင်းချမှုနှင့် သောက်သုံးမှုများကို ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဟု ထိုင်း တော်၀င်ရဲတပ်ဖွဲ့က ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်တွင် ကြေညာထားသည်။ အီးစီးကရက်ရောင်းချသည့် ဆိုင်များအားလုံးကို ရှာဖွေဖမ်းဆီးပြီး အများပြည်သူပိုင်နေရာများ၌ အီးစီးကရက်သောက်သုံးနေစဉ် ဖမ်းဆီး စစ်ဆေးမိပါကလည်း အရေးယူခံရမည်ဖြစ်သည်။ အီးစီးကရက် (တစ်လိပ်) လက်၀ယ်တွေ့ရှိပါက အမြင့်ဆုံးထောင်ဒဏ်ငါးနှစ်နှင့်အထက် (အခွန်များ နှင့်အတူ စျေးနှုန်းငွေဒဏ်လေးဆ) ဒဏ်ငွေချမှတ်ခံရမည်ဖြစ်သည်။ အီးစီးကရက်ရောင်းချသူ၊ တင်သွင်းသူနှင့် ထုတ်လုပ်၊ တင်ပို့သူများကို ထောင်ဒဏ်ငါးနှစ်နှင့်အထက်မှ ၁၀ နှစ်နှင့်အထက်၊ ဒဏ်ငွေအဖြစ် ဘတ် ငွေငါးသိန်းမှ ဘတ်တစ်သန်းနှင့်အထက် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ် စလုံး ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
(ခ) စင်ကာပူနိုင်ငံ၌ အီးစီးကရက်ကို လက်ဝယ်ထားရှိရုံတင်မကဘဲအသုံးပြုခြင်းကိုပါ တားမြစ်ထားပြီး ဒဏ်ငွေအလွန်များသည်။
(ဂ) ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း အီး စီးကရက်ကို တရားဝင်ရောင်းချခွင့်နှင့် အသုံးပြုခွင့်တားမြစ်ထားသည်။
တခြားအာရှနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ
(က) အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ်ကတည်းက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အီးစီးကရက်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းနှင့် ရောင်းချခြင်း တို့ကို ပိတ်ပင်ထားသည်။
(ခ) တရုတ် (တိုင်ပေ) ၌ အီးစီးကရက်ကို တရားမဝင်ဆေးဝါးအဖြစ် သတ်မှတ်ပြီး တားမြစ်ထားသည်။
(ဂ) ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများစုမှာလည်း အီးစီးကရက်နှင့်ပတ်သက်၍ တားမြစ်ချက် မြောက်မြားစွာရှိသည်။
တောင်အမေရိကနိုင်ငံများ
(က) ဘရာဇီးနိုင်ငံ၌ အီးစီးကရက်ရောင်းချခြင်းနှင့် တင်သွင်းခြင်းကို ၂၀၀၉ ခုနှစ်ကတည်းက ပိတ်ပင်ထားသည်။
(ခ) အာဂျင်တီးနားနိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့တွင်လည်း အီးစီးကရက် ရောင်းချခြင်းနှင့် ကြော်ငြာခြင်းတို့ကို တားမြစ်ထားသည်။
(ဂ) ဘယ်လ်ဂျီယံနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ နိုင်ငံအတွင်း တစ်ခါသုံးအီးစီးကရက် ရောင်းချသုံးစွဲမှုကို ပိတ်ပင်ခဲ့ပြီး ထိုသို့ပိတ်ပင်လိုက်ခြင်းမှာ ဥရောပနိုင်ငံများတွင် ပထမဆုံးနိုင်ငံဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အီးစီးကရက်အခြေအနေ
စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း အီးစီးကရက်နှင့်ပတ်သက်၍ ကျန်းမာရေး၀န်ကြီးဌာနမှ ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန် ခြင်းခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ထားသည်။
အချုပ်အားဖြင့်ဆိုရသော် အီးစီးကရက်သောက်၍ လုံး၀ဆေးလိပ် မပြတ်နိုင်ပေ။ အီးစီးကရက်က ဆေးလိပ်စွဲလမ်းနေသူများအတွက် စိတ် အာသာပြေရုံသာဖြစ်စေပြီး အမှန်စင်စစ်မပြတ်နိုင်ဘဲ ဆေးလိပ်၊ ဆေး ရွက်ကြီးသောက်ရန် အစပျိုးနေခြင်းသာဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်၌ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် ခြောက်စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေကြရသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၌လည်း အီးစီးကရက်နှင့်ပတ်သက်၍ ကျန်းမာ ရေး၀န်ကြီးဌာနမှ ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခြင်းခေါင်း စဉ်ဖြင့် အမိန့်ထုတ်ပြန်ထားသည်ကို ၀မ်းမြောက်၀မ်းသာစွာကြိုဆိုပါကြောင်း၊ ကောင်းကျိုးမပြုဘဲ ကျန်းမာရေးအန္တရာယ်ဖြစ်စေသော
အီလက်ထရောနစ်အငွေ့ရှူစက် (Electronic Smoking Device)၊ အပူ ပေးအငွေ့ရှူစက် (Heated Smoking Device) နှင့် အီလက်ထရောနစ် ရှီရှား (Electronic Shisha) တို့ကို လုံး၀ရှောင်ရှားသင့်ပါကြောင်း ထပ်လောင်း အသိပေးရေးသားလိုက်ရပါသည်။
MWD
