ဗိုက်ပူခါးတုတ်ဖြစ်စေနိုင်သော နေထိုင်မှုပုံစံများနှင့် ကာကွယ်ရန် နည်းလမ်းများ

Posted_Date

Image

ဗိုက်ပူခါးတုတ်ဖြစ်စေနိုင်သော နေထိုင်မှုပုံစံများနှင့် ကာကွယ်ရန် နည်းလမ်းများ

Body

    လူတို့၏နေ့စဉ်နေထိုင်မှုပုံစံ အလေ့အကျင့်များသည် ကျန်းမာရေးကို လွှမ်းမိုးမှုရှိနိုင်သည်။ လူနေမှုပုံစံရွေးချယ်မှုများသည် ခန္ဓာကိုယ်ရှိ အဆီ ပမာဏ၊    အဆီသိုလှောင်သည့်နေရာကို   တိုက်ရိုက်လွှမ်းမိုးနိုင်သည်။ နေ့စဉ်နေထိုင်မှုပုံစံက ခန္ဓာကိုယ်အဆီ သိုလှောင်သည့်နေရာကို ဆုံးဖြတ် ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။ တချို့သော မှားယွင်း သည့်နေထိုင်မှု အလေ့အထများသည်   အဆီသိုလှောင်မှု    သို့မဟုတ် အန္တရာယ်ရှိသောအဆီဟု ယူဆရသည့် Visceral Fat သို့မဟုတ် အတွင်း ပိုင်းအဆီပမာဏကို တိုးမြင့်စေနိုင်သောကြောင့် နှလုံးရောဂါ၊   အမျိုး အစား -၂ သွေးချိုဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါ၊ ဇီဝဖြစ်စဉ်လက္ခဏာစုများနှင့် တချို့သောကင်ဆာရောဂါများ အပါအဝင် ကျန်းမာရေးအန္တရာယ်များစွာ ဖြစ်နိုင်ခြေများခြင်းနှင့် ဆက်စပ်နေသည်။

ဝမ်းဗိုက်အတွင်း အဆီသိုလှောင်မှု   Visceral Fat   သည်  အသည်း၊ ပန်ကရိယ၊   အစာအိမ်နှင့် အူလမ်းကြောင်းကဲ့သို့သော    အရေးကြီးသည့် အတွင်းအင်္ဂါများကို    ဝန်းရံထားသည့်   အတွင်းပိုင်းအဆီအမျိုးအစားဖြစ်ပြီး   အရေပြားအောက်တွင်ရှိသော   ညှစ်နိုင်သည့်အဆီနှင့်မတူဘဲ ဝမ်းဗိုက်အတွင်း အဆီများကိုဝှက်ထားသည်။ အတွင်းပိုင်းအဆီများသည် ဇီဝဖြစ်စဉ်တွင် ပုံမှန်ခန္ဓာကိုယ်လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေသည့်   ရောင်ရမ်းသောဓာတုပစ္စည်းများနှင့်   ဟော်မုန်းများကို ထုတ်လွှတ်သောကြောင့် Visceral Fat သည် ကျန်းမာရေးအန္တရာယ် များနှင့်ချိတ်ဆက်မှုရှိကြောင်း သုတေသနပြုချက်များအရ  တွေ့ရှိထား သည်။ 

ကျန်းမာရေးနှင့်ညီညွတ်ကောင်းမွန်သော အစားအသောက်နှင့် လေ့ကျင့်ခန်းပြုလုပ်လျှင်ပင် ဟော်မုန်းနှင့်ဇီဝကမ္မဖြစ်စဉ်ကိုထိခိုက်စေသောလူနေမှုပုံစံကြောင့် ကိုယ်တွင်းအင်္ဂါအတွင်းပိုင်းတွင် အဆီများစုပုံ လာနိုင်သည်။ နာတာရှည်စိတ်ဖိစီးမှုက Cortisol ကိုမြှင့်တင်ပေးပြီး ဝမ်းဗိုက်အတွင်း အဆီသိုလှောင်မှုကို ဦးစားပေးသည်။အထိုင်များခြင်း သို့မဟုတ် ကြာရှည်ထိုင်ခြင်းကဲ့သို့သော နေ့ခင်းပိုင်းအလေ့အကျင့်များ သည် ကြွက်သားလှုပ်ရှားမှုနှင့်  အင်ဆူလင်အာရုံခံနိုင်စွမ်းကို လျော့နည်း စေပြီး   ဝမ်းဗိုက်အတွင်း အဆီသိုလှောင်မှုကို တိတ်တဆိတ်တိုးပွားစေနိုင်သည်။ ညံ့ဖျင်းသောအိပ်စက်ခြင်းသည် ဆာလောင်မှုဆိုင်ရာ အချက် ပြမှုများကိုနှောင့်ယှက်စေပြီး အစားအစာအလွန်အကျွံစားခြင်းသို့ ဦးတည်စေသည်။  သကြားပါသောအချိုရည်များ၊ ကော်ဖီ  သို့မဟုတ် ဆော်ဒါများနှင့် ပြုပြင်ထားသောအစားအစာများသည် အဆီလောင်ကျွမ်း မှုကိုထိခိုက်စေ၍   အဆီသိုလှောင်မှုကို  ပို၍ကောင်းစေပြီး သွေးတွင်း သကြားဓာတ်နှင့်    အင်ဆူလင်ကိုတိုးစေသည်။   အထူးစီမံပြုလုပ်ထားသော   သရေစာများသည်   အစားအစာစားချင်စိတ်နှင့် ဇီဝဖြစ်စဉ်ကို  ထိခိုက်စေနိုင်သည်။  အစာစားခြင်းကိုရှောင်ခြင်းသည်   ဆာလောင်မှု ဟော်မုန်းကိုနှောင့်ယှက်စေပြီး နောက်ပိုင်းတွင် အစားအစာအလွန်အကျွံ စားခြင်းကိုဖြစ်စေသည်။

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု

     လူတစ်ဦးစီတွင် ပုံမှန်ကိုယ်လက် လှုပ်ရှားမှုမရှိခြင်းသည် ဇီဝဖြစ်စဉ် နှုန်းကိုလျော့ကျစေပြီး   ဝမ်းဗိုက်အတွင်း အဆီသိုလှောင်မှုကို    သိသိသာသာ   ပိုဆိုးလာစေကြောင်း ဆေးသုတေသနများအရ သိရသည်။ ထို့ပြင် ရုံးအလုပ်တွင် အချိန်ကြာကြာထိုင်ခြင်းကဲ့သို့သော အထိုင်များ သည့်လူနေမှုပုံစံကြောင့်  ကယ်လိုရီကို လျော့နည်းလောင်ကျွမ်းစေပြီး ပိုလျှံနေသောကယ်လိုရီများကို ဝမ်းဗိုက်အဆီများအဖြစ် သိမ်းဆည်းထား သည်။ နေ့စဉ်လူနေမှုဘဝ၏ များပြားလှသောအစိတ်အပိုင်းကို  ထိုင်ခြင်းကဲ့သို့သောလူနေမှုပုံစံဖြင့် အချိန်ဖြုန်းခြင်းသည် ကြာလာသည်နှင့်အမျှ  ကျန်းမာရေးနှင့် လူနေမှုဘဝပုံစံတစ်ခုလုံးကို    တဖြည်းဖြည်း ကျဆင်းစေနိုင်သည်။ 

နေ့စဉ်ပုံမှန်တက်ကြွစွာလုပ်ဆောင်ခြင်းသည် ခန္ဓာကိုယ်ဟန်ချက်ညီ စေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အဆီသိုလှောင်မှုကို ပံ့ပိုးပေးပြီး   အလုံးစုံကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။     နေ့ရက် အများစုတွင်    လမ်းလျှောက်ခြင်းကဲ့သို့    အလယ်အလတ်လှုပ်ရှားမှု သို့မဟုတ်  နှစ်သက်သောလေ့ကျင့်ခန်းများကို မိနစ် ၃၀ မှ ၆၀ အထိ ပုံမှန်ပြုလုပ်ခြင်းသည်  ဝမ်းဗိုက်အဆီသိုလှောင်မှုကို   ၇   ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်။  လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်   ကြွက်သားများကို တည်ဆောက်စေပြီး  အဆီသိုလှောင်ခြင်းအတွက်အနားယူသည့်   ဇီဝဖြစ်ပျက်မှုကိုမြှင့်တင်ပေးသည်။  အချိန်တိုအတွင်း လမ်းလျှောက်ခြင်း သို့မဟုတ် နာရီအလိုက်လျှောက်သော ခြေလှမ်းများသည် အစာခြေခြင်း နှင့် တက်ကြွမှုအတွက် အကျိုးကျေးဇူးများရှိသည်။  တစ်နေ့တာ ရုံးစားပွဲတွင် အလုပ်များလုပ်နေစဉ် အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဉ်ပြီး မိနစ် ၂၀ မှ ၃၀ ကြာတိုင်း မတ်တတ်ထရပ်ရန် သို့မဟုတ် လမ်းလျှောက် ခြင်းကဲ့သို့ ခဏတာအနားယူရန်လိုအပ်သည်။

အလွန်အကျွံပြုပြင်ထားသော အစားအစာများစားသုံးမှု

     အထူးသဖြင့် သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်များ၊ ပေါင်းထည့်ထားသော သကြားများနှင့်ပြည့်ဝဆီများလွန်းသော အစားအစာများကို မကြာခဏ အလွန်အကျွံစားသုံးခြင်းသည်  ဝမ်းဗိုက်အတွင်း  အဆီသိုလှောင်မှုကို မြင့်တက်စေနိုင်သည်။   မျှတသောအာဟာရ (ဖိုက်ဘာ၊   ပရိုတင်း၊ အဆီ)၊ ရှုပ်ထွေးသောကာဗိုဟိုက်ဒရိတ်နှင့် အမျှင်ဓာတ် (သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲပင်များ၊ အစေ့အဆန်များ )၊ ပရိုတင်း(အခွံမာ သီးများ၊  အစေ့အဆန်များ၊ ငါးများ၊ အဆီမပါသောအသားများ)  နှင့် ကျန်းမာရေးနှင့်ညီညွတ်သောအဆီများကို အမြဲမပြတ်ရွေးချယ်စားသုံး ခြင်းသည် ကယ်လိုရီများကို ထိန်းချုပ်ရန်ကူညီပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရများကိုပေးနိုင်သည်။ နေ့လယ်စာနှင့် ညစာကြားတွင် တည်ငြိမ်သော စွမ်းအင်ရရှိရန် သစ်သီးများ သို့မဟုတ် ဒိန်ချဉ်ကဲ့သို့ သော    ပရိုတင်းဖိုက်ဘာ သရေစာများကို    ရွေးချယ်စားသုံးသင့်သည်။ ကယ်လိုရီများသော အသင့်စားအစားအစာများကိုစားခြင်းထက် မျှတသောအစားအစာကို  ပြင်ဆင်စားသောက်ခြင်းက   စိတ်ကျေနပ်မှုပိုမိုရရှိရန်လွယ်ကူစေသည်။

အရက်အလွန်အကျွံသောက်ခြင်း

      အရက်ကို အသည်းတွင် ဦးစားပေးဖြိုခွဲရသောကြောင့် ခန္ဓာကိုယ်၏ ပုံမှန်အဆီလောင်ကျွမ်းနိုင်စွမ်းကို    လျော့ကျစေသည်။    အရက်သည် အာဟာရမရှိဘဲ ကယ်လိုရီများသောကြောင့် ဝမ်းဗိုက်အတွင်း  အဆီ သိုလှောင်မှုကို တွန်းအားပေးပြီး နှလုံးရောဂါ၊ ဆီးချိုနှင့် လေဖြတ်နိုင်ခြေ ဖြစ်ရန်    အခွင့်အရေးတိုးလာနိုင်သည်။  အရက်အလွန်အကျွံသောက်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ  ဇီဝဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းမှုများ၊  အသည်းရောဂါနှင့်  တခြားပြင်းထန်သော ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို တိုးလာစေနိုင်သည်။

နာတာရှည်စိတ်ဖိစီးမှု

      စိတ်ဖိစီးမှုသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး လူတစ်ဦး၏ကျန်းမာရေးကို     ထိခိုက်စေသည့်အရာတစ်ခုဖြစ်သည်။ 

နာတာရှည်စိတ်ဖိစီးမှုကြောင့်    ခန္ဓာကိုယ်အတွင်း  အဆီများစုပုံလာစေ သည့် Cortisol ဟော်မုန်းကို ထုတ်လွှတ်သဖြင့် အချိန်ကြာလာသည်နှင့် အမျှ ဝမ်းဗိုက်အတွင်း  အဆီပိုများကို သိုလှောင်စေနိုင်သည်။ တရားထိုင် ခြင်း  သို့မဟုတ်  အသက်ပြင်းပြင်းရှူခြင်း ကဲ့သို့သော အပန်းဖြေနည်း များကိုလေ့ကျင့်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နံနက်ခင်းနေရောင် ခြည်နှင့်ထိတွေ့ခြင်း၊ ဖန်သားပြင်များမှ အချိန်များကို အနားယူခြင်း၊ ပံ့ပိုးကူညီသူများနှင့် အဆက်အသွယ်မပြတ်ခြင်း ကဲ့သို့သောနည်းလမ်း များကိုအသုံးပြု၍ စိတ်ဖိစီးမှုကို စီမံခန့်ခွဲရန်အကြံပြုထားသည်။

အရည်အသွေးကောင်းမွန်သော အိပ်စက်ခြင်း

     ကောင်းစွာအိပ်စက်ခြင်းကို ပုံမှန်ထိန်းမထားသောအခါ    ပင်ပန်းနွမ်းနယ်မှုကို ခံစားရရုံသာမက ဇီဝဖြစ်ပျက်မှုကို ထိခိုက်စေသည်။ လုံလောက်စွာအိပ်စက်မှုမရှိခြင်းသည်      ဆာလောင်မှုဟော်မုန်းများကို ပြောင်းလဲစေပြီး   Cortisol  ကို   တိုးမြှင့်ထုတ်လွှတ်စေသဖြင့် ဆာ လောင်ခြင်းနှင့် ဗိုက်အဆီ သိုလှောင်မှုမြှင့်တင်ခြင်းကို ဖြစ်ပေါ်စေသည်။ ရက်အနည်းငယ်အိပ်ရေး မဝခြင်းသည်ပင် အစာစားချင်စိတ်ကိုထိန်းချုပ် ပေးသောဟော်မုန်းများ၊ အင်ဆူလင်အာရုံခံနိုင်စွမ်း၊ အင်ဆူလင်တုံ့ပြန်မှုနှင့် ခန္ဓာကိုယ်စွမ်းအင်သိုလှောင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ အရည်အသွေးကောင်းမွန်သော အိပ်စက်မှုမရှိခြင်းသည် အချိန်ကြာလာ သည်နှင့်အမျှ ကယ်လိုရီများကို ကလီစာအဆီအဖြစ် ပိုမိုသိုလှောင်စေ နိုင်သည်။ တစ်ညလျှင်  ခုနစ်နာရီမှ ရှစ်နာရီအထိ   အရည်အသွေးပြည့် အိပ်စက်ခြင်းသည်   ကလီစာအဆီနည်းခြင်းနှင့်   ဆက်စပ်နေကြောင်း သုတေသနများအရ သိရသည်။

အချုပ်အားဖြင့်ဆိုရသော်   ဗိုက်ပူခါးတုတ်ခြင်းသည် အမြင်အရ အချိုးအစားမကျ၊  မလှပသည့်အပြင် အန္တရာယ်ရှိသောဗိုက်အဆီများကြောင့် ပြင်းထန်သော ကျန်းမာရေးအန္တရာယ်များ ရှိနေသဖြင့် ဖော်ပြပါ လူနေမှုပုံစံအလေ့အကျင့်များကို နေ့စဉ်ပြုပြင်ခြင်းသည် အန္တရာယ်ရှိသော အဆီများကို ထိထိရောက်ရောက် တိုက်ဖျက်ရန်နှင့် ကျန်းမာရေးကို မြှင့်တင်ရန် ရိုးရှင်းပြီး  လုပ်ဆောင်ရလွယ်ကူသော  အကြံပြုချက်များ ဖြစ်ကြောင်း ကျန်းမာရေး သုတမျှဝေလိုက်ရပါသည်။

MWD